သြဂုတ် – ၁၇ ၊၂၀၂၆
ဒီမိုကရေစီရေးတက်ကြွတောင်းဆိုသူတွေကိုတရုတ် အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ တိန်အင်မင်ရင်ပြင် ဖြိုခွင်းမှုကြီးကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ချီးကျူးစကား ပြောသွားခဲ့ပါတယ်။
တရုတ် ခေါင်းဆောင်ဟောင်း ကျန်ဇီမင်းရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ကို ရည်စူးဂုဏ်ပြုဖို့ ဘေဂျင်းမြို့တော်က ပြည်သူ့ခန်းမဆောင်မှာ ဩဂုတ် ၁၇ ရက်နေ့က ကျင်းပတဲ့ အခမ်းအနား မိန့်ခွန်းမှာ ရှီက အဲဒီလို ပြောဆိုခဲ့တာပါ။
ကျန်ဟာ ၁၉၉၃ ကနေ ၂၀၀၂ ခုနှစ်ထိ တရုတ်ကို ဦးဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။

Public Service Announcement
ကျန်ဟာ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး ပေါ်ပေါက်လာချိန်မှာ အာဏာရ ကွန်မြူနစ် ပါတီရဲ့ ထိပ်ဆုံးအဆင့် ခေါင်းဆောင်တော့ မဟုတ်သေးပါဘူး။
ဒါပေမဲ့ အဲဒီနှစ်တုန်းက တိန်အင်မင် အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းခဲ့တဲ့ တရုတ် အစိုးရရဲ့ ဆုံးဖြတ်ချက် နောက်ကွယ်မှာ ကျန်လည်း ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရပြီး အဲဒီနောက်ပိုင်း သူဟာ လျင်လျင်မြန်မြန် ဩဇာကြီးမားလာပြီး ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်နေရာကိုပါ ရယူနိုင်ခဲ့ပါတယ်။
ကျန်ရဲ့ ဂုဏ်ရည်တွေကို ရှည်ရှည်လျားလျား ချီးကျူးသွားတဲ့ မိန့်ခွန်းထဲမှာတော့ ရှီက ၁၉၈၉ ခုနှစ် နွေဦးနဲ့ နွေရာသီကြားလောက် ကာလတွေမှာ တရုတ်နိုင်ငံဟာ ပြင်းထန်လှတဲ့ နိုင်ငံရေး လှုပ်ခတ်မှုတွေကို ကြုံလာခဲ့ကြောင်း၊ ဒါပေမဲ့ ရဲဘော် ကျန်ဇီမင်းဟာ ဗဟိုကော်မတီရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ထောက်ခံပြီး အကောင်အထည် ဖော်နိုင်ခဲ့သလို ရှန်ဟိုင်းမှာလည်း တည်ငြိမ်မှုတွေကို ဆောင်ယူပေးနိုင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။
အဲဒီကာလတုန်းက ကျန်ဟာ ရှန်ဟိုင်းရဲ့ ပါတီခွဲ အကြီးအကဲ အနေနဲ့ တာဝန်ယူထားခဲ့ပါတယ်။
သူပြောတဲ့ ပြတ်သားတဲ့ အကောင်အထည်ဖော်မှု ဆိုတာက အဲဒီနှစ် ဇွန်လ ၄ ရက်နေ့မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို တရုတ်စစ်တပ်က တင့်ကားတွေပါ အသုံးပြုပြီး ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ အရာရှိတွေဆီ လိပ်မူတဲ့ မိန့်ခွန်းမှာတော့ ရှီက တရုတ်ပြည်သူတွေ အနေနဲ့ ယိမ်းယိုင်မှု မရှိတဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ထိန်းသိမ်းထားဖို့ တိုက်တွန်းခဲ့ပါတယ်။ တရုတ်ဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင် ကြုံတွေ့ရရင်တောင် ကျော်လွှား အနိုင်ယူနိုင်မှာ ဖြစ်တယ်ုလိ့ သူက ပြောပါတယ်။
ယိမ်းယိုင်မှုမရှိတဲ့ တိုက်ပွဲဝင် စိတ်ဓာတ်၊ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို အသုံးချပြီး အကြမ်းတမ်းဆုံး ပင်လယ်၊ အပြင်းထန်ဆုံး မုန်တိုင်းတွေကိုတောင် ရင်ဆိုင်သွားနိုင်မှာ ဖြစ်တယ်လို့ ရှီက ဆိုပါတယ်။
အဲဒီ အခမ်းအနားနဲ့ ရှီရဲ့ မိန့်ခွန်းတို့ရဲ့ အရေးပါမှုကို ပြသတဲ့ အနေနဲ့ တရုတ်နိုင်ငံရေးမှာ အာဏာအကြီးဆုံး အစုအဖွဲ့ဖြစ်တဲ့ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီဝင် ၇ ဦးစလုံးပါ တက်ရောက်ခဲ့တယ်လို့ တရုတ် အစိုးရပိုင် CCTV သတင်းဌာန ဖော်ပြခဲ့ပါတယ်။
၁၉၈၉ ခုနှစ် တိန်အင်မင် အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းခဲ့တဲ့ ကိစ္စဟာ တရုတ် အစိုးရအတွက် ထိလွယ်ရှလွယ် အကြောင်းအရာ တစ်ခုအဖြစ် ရှိနေသေးပေမယ့် ၄၅ မိနစ်ကြာ မိန့်ခွန်းမှာတော့ ရှီက ထည့်သွင်း ရည်ညွှန်းသွားခဲ့တာ ဖြစ်ပါတယ်။
တိန်အင်မင် ဖြစ်စဉ်အပြီးမှာတော့ ကျန်ဟာ ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ် နေရာအတွက် ရွေးချယ်တင်မြှောက် ခံခဲ့ရသလို ၁၉၉၃ ခုနှစ်မှာ တရုတ်ရဲ့ အငြင်းပွားစရာ မရှိတဲ့ အမြင့်ဆုံး အာဏာပိုင် ဖြစ်လာခဲ့ပါတယ်။
သူ့မတိုင်ခင် ပါတီအကြီးအကဲ ဖြစ်ခဲ့တဲ့ ကျောက်ကျိယန်ကတော့ ဆန္ဒပြသူတွေအပေါ် လွန်လွန်ကဲကဲ အလျှော့ပေး စာနာမှုမျိုး ရှိခဲ့တယ်လို့ သဘောထား တင်းမာတဲ့ ပါတီခေါင်းဆောင်ပိုင်းက ရှုမြင်ခဲ့ပါတယ်။
ကျန်ရဲ့ လက်ထက်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့သလို ကမ္ဘာ့နိုင်ငံ အများအပြားနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ထင်ရှားတဲ့ စီးပွားရေးနဲ့ သံတမန်ရေး အောင်မြင်မှု တစ်ခုကတော့ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့အတူ ၂၀၀၁ ခုနှစ်မှာ တရုတ်ဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး (WTO)ကို ဝင်ရောက်ခွင့် ရရှိခဲ့ပါတယ်။
ကိုးကား: CNN ၊ ဓာတ်ပုံ – AP ၊ Getty Images ၊ Reuters ၊ Xinhua


















































