ဥဂ္ဂါ ရေးသားသည်။
ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ အဲဒီ အခွင့်အရေးကောင်းတွေကို မရပဲ ကျန်ရစ်နေခဲ့တဲ့ မျိုးဆက်တစ်ခုကတော့ ယနေ့တိုင် သူတို့ခေတ်ရဲ့ အကျိုးဆက်တွေကို ခံစားနေရဆဲဖြစ်ပါတယ်။
အဲဒီမျိုးဆက်ကို ဂျပန်မှာ “ရေခဲခေတ်မျိုးဆက် (Ice-age Generation)” လို့ ခေါ်ကြပါတယ်။
တိုကျိုမြို့ကဖက်ရှင်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက်၅၀အရွယ်တိုရီဂိုအဲ အဆုရှီ (Torigoe Atsushi) ရဲ့ ဘဝက ဒီမျိုးဆက်ရဲ့အဖြစ်မှန်ကို ထင်ရှားစွာဖော်ပြနေပါတယ်။

Public Service Announcement
သူဟာ အဲဒီကုမ္ပဏီမှာ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ခဲ့ပေမယ့် ဝင်ငွေက သိသိသာသာ မတိုးလာခဲ့ပါဘူး။ မကြာသေးခင်က ကုမ္ပဏီက ဘောနပ်စ်တွေ လျှော့ချပြီးလစာစနစ်ပြင်ဆင်လိုက်တာကြောင့်တစ်နှစ်ဝင်ငွေဟာ ယန်း ၃.၆ သန်း (အမေရိကန်ဒေါ်လာ ၂၂,၆၀၀ ခန့်) အထိ ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့ သူတွေ့လိုက်ရတဲ့အရာက သူ့ကိုပိုပြီး စိတ်မကောင်းစရာ ဖြစ်သွားစေခဲ့ပါတယ်။ ကုမ္ပဏီရဲ့အလုပ်ခေါ်ကြော်ငြာတွေမှာ အသစ်ဝင်လာမယ့် လူငယ်ဝန်ထမ်းတွေကို သူ့ထက် လစာပိုပေးထားတာကို တွေ့ခဲ့ရတာပါ။
“လူငယ်တွေ လစာပိုရတာကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်လစာကို ဘာလို့ မတိုးပေးတာလဲ?”
ဒီမေးခွန်းဟာ တိုရီဂိုအဲ တစ်ဦးတည်းထက် ဂျပန်ရဲ့ရေခဲခေတ်မျိုးဆက်တစ်ခုလုံး ရင်ဆိုင်နေရတဲ့ ပြဿနာပါ။
“ရေခဲခေတ်မျိုးဆက်” ဆိုတာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း တက္ကသိုလ်မှဘွဲ့ရတွေပြီး အလုပ်ဝင်ရမယ့်အချိန် ဂျပန်စီးပွားရေး အကြီးအကျယ် ကျဆင်းသွားပြီး အလုပ်ခေါ်ယူမှုတွေ ရပ်တန့် သွားခဲ့တဲ့ကာလနဲ့ တိုက်ဆိုင်သွားခဲ့တဲ့ လူငယ်တွေကို ဆိုလိုတာပါ။
အလုပ်အကိုင်အခွင့်အရေးတွေ“အေးခဲ” သွားခဲ့တဲ့အခြေအနေကို တင်စားပြီး ဒီမျိုးဆက်ကို “ရေခဲခေတ်မျိုးဆက်”လို့ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ အခြေအနေက လုံးဝမတူခဲ့ပါဘူး။ ဂျပန်စီးပွားရေး အားကောင်းနေချိန်မှာ ကုမ္ပဏီတွေဟာ ဝန်ထမ်းရှားပါးမှုကို ကြိုတင်ကာကွယ်ဖို့ တက္ကသိုလ်ဘွဲ့ရ လူငယ်တွေကို အပြိုင်အဆိုင် ခေါ်ယူခဲ့ကြပါတယ်။တက္ကသိုလ်ကျောင်းသားတိုင်းဟာ အလုပ်ကမ်းလှမ်းစာတွေ အများကြီးရရှိခဲ့ပြီး အလုပ်ရှင်တွေကပင်သူတို့ကိုဆွဲဆောင်ဖို့ ကြိုးပမ်းခဲ့ကြရပါတယ်။
ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းမှာတော့ နိုင်ငံစီးပွားရေး အကြီးအကျယ် ကျဆင်း လာတဲ့အတွက် အခြေအနေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ဂျပန်ရဲ့ အလုပ်အကိုင်စနစ်ဟာ အမြဲတမ်းဝန်ထမ်းတွေကို အကာအကွယ်ပေးမှု အလွန်ခိုင်မာတာကြောင့် ကုမ္ပဏီတွေဟာ ရှိပြီးသားဝန်ထမ်းတွေကို ကာကွယ်ဘို့ ဝန်ထမ်းအသစ် မခန့်တော့တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာတက္ကသိုလ်ဘွဲ့ရလူငယ်တွေအတွက် အလုပ်ရဖို့ဟာ အလွန်ခက်ခဲလာခဲ့ပြီး အလုပ်လျှောက်လွှာ ရာပေါင်းများစွာ ပို့ပေမယ့် အခွင့်အရေးမရခဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။
၁၉၉၉ ခုနှစ်အာရှဘဏ္ဍာရေးအကျပ်အတည်းအပြီး ဘွဲ့ရခဲ့တဲ့ နာဂါအိ တိုရှီဟိဆာ (Nagai Toshihisa)ဟာလည် ခက်ခဲလွန်းတာမို့ “အလုပ်ရှာရတာ အဓိပ္ပာယ်မရှိသလို ခံစားရတယ်” လို့ ပြန်ပြောင်း ပြောခဲ့ပါတယ်။
အမြဲတမ်းအလုပ်မရတဲ့ လူငယ်အများစုဟာ ယာယီအလုပ်၊ ကန်ထရိုက်အလုပ်တွေနဲ့သာ ရပ်တည်ခဲ့ကြရပါတယ်။ ဂျပန်အလုပ်သမားဈေးကွက်မှာ “အမြဲတမ်းဝန်ထမ်း” နဲ့ “ပုံမှန်မဟုတ်သော ဝန်ထမ်း” ဆိုတာ ကွာဟချက်ကြီးမားပြီး အမြဲတမ်းဝန်ထမ်းတွေက လုပ်သက်အလိုက်လစာတိုးမှု၊အလုပ်အကိုင်အာမခံမှုတွေရရှိပေမယ့်ယာယီဝန်ထမ်းတွေကတော့ လစာနည်းပြီး စီးပွားရေး ကျဆင်းချိန်မှာပထမဆုံးထိခိုက်ခံရသူတွေဖြစ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ “အချိန်ပိုင်းအလုပ်တွေကြား ပြောင်းရွှေ့လုပ်ကိုင်နေရတဲ့ လူငယ်တွေ” ကို “Freeters”လို့ ခေါ်ကြပါတယ်။ ဒါ့အပြင် “မိဘတွေအပေါ် မှီခိုပြီး နေထိုင်ကြတဲ့ လူငယ်တွေ” ကို “Parasite Singles” လို့ ခေါ်ကြပြီး၊ “လူမှုအသိုင်းအဝိုင်းကနေ ခွဲထွက်ပြီး အိမ်တွင်းမှာသာ အချိန်ကြာမြင့်စွာ နေထိုင်နေသူ” “Hikikomori” ပြဿနာကိုလည်း စိုးရိမ်လာခဲ့ကြရပါတယ်။
အချိန်ကြာလာတဲ့အခါ အလုပ်အကိုင်အခြေအနေ တချို့ပြန်ကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ရေခဲခေတ်မျိုးဆက်အတွက်တော့နောက်ကျခဲ့ပါပြီ။
တချို့ကအမြဲတမ်းဝန်ထမ်းအဖြစ်ပြန်ဝင်နိုင်ခဲ့ပေမယ့် နှစ်ပေါင်းများစွာလစာနည်းတဲ့အလုပ်တွေ လုပ်ခဲ့ရတာကြောင့် မိသားစုဝင်ငွေက ပြန်မတက်လာခဲ့ပါဘူး။
တစ်ဖက်မှာလည်း အမြဲတမ်းဝန်ထမ်းဖြစ်နေသူတွေကရာထူးတိုးဖို့အခက်အခဲရှိခဲ့ပါတယ်။ သူတို့ရှေ့က စီးပွားရေးကောင်းချိန်မှာ ဝင်လာခဲ့တဲ့မျိုးဆက်ကြီးတွေကအထက်ရာထူးနေရာတွေကို သိမ်းပိုက်ထားပြီးသား ဖြစ်နေခဲ့တာကြောင့်ပါ။
ယနေ့ဂျပန်စီးပွားရေးဟာပြောင်းလဲနေပါတယ်။ နှစ်ပေါင်း ၃၀ နီးပါး ကြုံတွေ့ခဲ့ရတဲ့ ကုန်ဈေးနှုန်း ကျဆင်းမှု ကာလပြီးတဲ့နောက်၊ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာခဲ့ပြီး ကုမ္ပဏီတွေက လစာတိုးပေးလာ ကြပါတယ်။
ဒါပေမဲ့ အကျိုးကျေးဇူးကို အများဆုံးရရှိနေသူတွေက လူငယ်တွေ ဖြစ်ပါတယ်။
လုပ်သားရှားပါးမှုကြောင့် ကုမ္ပဏီတွေဟာ အသက် ၂၀၊ ၃၀ အရွယ် ဝန်ထမ်းသစ်တွေကို ဆွဲဆောင်ဖို့ လစာပိုပေးနေရပါတယ်။ Dai-ichi Life Research Instituteမှစီးပွားရေးပညာရှင်ကုမာနို ဟိဒဲအို (Kumano Hideo) ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်မှာ လူငယ်တက္ကသိုလ်ဘွဲ့ရဝန်ထမ်းတွေရဲ့ လစာဟာ လွန်ခဲ့တဲ့ ၅ နှစ်ကထက် ၁၀ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၅၀ အစောပိုင်း ဝန်ထမ်းတွေရဲ့ လစာကတော့ ၁.၃ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။
ဒီကွာဟချက်ဟာ ရေခဲခေတ်မျိုးဆက်အတွက် နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာပါတယ်။ သူတို့ရဲ့ တစ်သက်တာဝင်ငွေနည်းပါးခဲ့တာကြောင့်စုဆောင်းငွေနည်းပါးပြီး အငြိမ်းစားဘဝမှာလည်း အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။
ဂျပန်ရဲ့ ပင်စင်စနစ်ဟာ တစ်သက်တာဝင်ငွေပေါ် မူတည်တာကြောင့်အတိတ်ကလစာနည်းခဲ့မှုဟာအနာဂတ်ပင်စင်နည်းပါးမှုအဖြစ် ပြန်လည်ထိခိုက်လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အသက်ကြီးလာတဲ့အခါ အိမ်ငှားရဖို့ ခက်ခဲတဲ့ ဂျပန်အိမ်ရာဈေးကွက်မှာ အိမ်မပိုင်တဲ့ ရေခဲခေတ်မျိုးဆက်အတွက် အနာဂတ်က မသေချာပါဘူး။
ဂျပန်အစိုးရဟာဒီပြဿနာကိုဖြေရှင်းဖို့ စီမံကိန်းတွေ ချမှတ်လာခဲ့ပေမယ့်ပြဿနာရဲ့ အမြစ်ဟာ အလွန်နက်ရှိုင်းနေတာမို့ ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။
ဒီနေ့ လူငယ်တွေကို လစာကောင်းကောင်းနဲ့ အပြိုင်အဆိုင်ခေါ်ယူနေတဲ့ အခြေအနေဟာ ဂျပန်တစ်နိုင်ငံတည်းရဲ့ ဖြစ်ရပ်မဟုတ်ပါဘူး။ လုပ်သားရှားပါးလာတဲ့ နိုင်ငံအများအပြားမှာလည်းအသက်ငယ်ပြီးအလုပ်ရဲ့အင်အားသစ်ဖြစ်တဲ့လူငယ်တွေကို ပိုမိုဦးစားပေးခေါ်ယူလာကြပါတယ်။ ဂျပန်လိုပဲ တောင်ကိုရီးယား၊ ထိုင်ဝမ်၊စင်ကာပူ၊ဩစတြေးလျနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း လူငယ်လုပ်သားလိုအပ်ချက် မြင့်တက်လာနေပါတယ်။
ဒီရေခဲခေတ်မျိုးဆက်ရဲ့ သင်ခန်းစာကို ကြည့်ခြင်းအားဖြင့် အချိန်ကာလနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေဟာ လူတစ်ယောက်ရဲ့အခွင့်အရေးနဲ့ဘဝတစ်လျှောက်လုံးကို ဘယ်လောက်ထိ ကြီးမားစွာသက်ရောက်နိုင်ကြောင်း တွေ့ရပါတယ်။
ဒီလိုအခြေအနေတွေနဲ့ အမြဲပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ လက်ရှိအလုပ်အကိုင် အခွင့်အရေးရရှိနေတဲ့ လူငယ်မျိုးဆက်တွေကိုယ်တိုင်လည်း ကိုယ့်ရဲ့အနာဂတ်အတွက် အာမခံချက်တစ်ခု တည်ဆောက်နိုင်ဖို့နဲ့ အခွင့်အရေးရလာတဲ့အခါ အများကြားမှာ ရွေးချယ်ခံရသူတစ်ဦး ဖြစ်လာဖို့ဆိုရင်သာမန်ထက်ပိုမိုမြင့်မားတဲ့အရည်အသွေး၊ကျွမ်းကျင်မှုနဲ့ အဆက်မပြတ် တိုးတက်အောင် ကြိုးစားနေခြင်းတို့ရဲ့ အရေးကြီးမှုကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ။
ကိုးကား – The Economist


















































