ကဖေး/People’s Spring
နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။
နေပြည်တော်ကိုဗဟိုပြုအာဏာတည်ထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ အထူးဒေသ(၁)ရဲ့ အဓိပတိ MNDAA တို့ ဒီတကြိမ်ထိပ်တိုက်တွေ့တာက ရှမ်းစော်ဘွားတွေရဲ့ ဘူမိနက်သန် သီပေါနယ်မှာပါ။ရှီကျင့်ဖျင်ငြိုငြင်မှာစိုးကြတဲ့အတွက် နှစ်ဖက်စလုံးက သေနတ်ပြောင်းဝကနေ ကျည်မထွက်ရဲပေမယ့် နယ်မြေစိုးမိုးရေးကိုကျိတ်လုပ်ရင်း အသံတိတ်ဗုံးတစ်လုံးစီကိုင်ထားကြပါတယ်။
စစ်တပ် အရှက်ကွဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် စစ်တပ်နဲ့ MNDAAကြားက ပြဿနာပေါင်းများစွာထဲက အခုနောက်ဆုံးတစ်ခုက ဩဂုတ်လဆန်းမှာ စတင်ပါတယ်။ သီပေါမြို့နယ်ထဲက စာသင်ကျောင်း ၁၇ ကျောင်းကို လုံခြုံရေး စိတ်မချရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သြဂုတ်လဆန်းပိုင်းမှာ စစ်အုပ်စုကပိတ်လိုက်ပါတယ်။အဲ့ဒီထဲမှာMNDAAထိန်းချုပ်ဒေသထဲက ကျောင်း ၁၀ကျောင်းပါဝင်ပါတယ်။

Public Service Announcement
ဒီအမိန့်ဟာ တိုင်းမှူးအဆင့်ကမဟုတ်ဘဲ နေပြည်တော်က တိုက်ရိုက်လာတာလို့ ကိုးကန့်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါကို MNDAA က အာခံလိုက်ပြီး ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်ပါတယ်။ အဲ့ဒီခြေအနေမှာပဲ စစ်တပ်ကသြဂုတ်လ၂၉ရက်နေ့မှာ ကျောင်းတွေလာဖွင့်ပြန်ပါတယ်။ ဒါတွေကို သီပေါမြို့က အမတ်ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
သြဂုတ်လ၃၁ရက်နေ့မှာတော့ သီပေါမြို့နယ်ထဲကဆွတ်လန်း၊မြို့ဟောင်း၊ နမ့်ပျဉ်၊ကောင်းလန်း၊နားညု၊ပန်ညု၊ ဆောင်ကြဲ စတဲ့ အခြေခံပညာအထက်တန်းကျောင်း (၇) ကျောင်းကို ဖွင့်လှစ်မယ်လို့ MNDAAက တရားဝင်ထုတ်ပြန်လာပါတယ်။အထူးဒေသ(၁) ပညာရေးဌာနက ဒေသတွင်း ပညာသင်ကြားမှု အဆက်မပြတ်စေရေးအတွက် သိန္နီခရိုင်အတွင်းရှိ အခြေခံပညာကျောင်း တွေဆက်လက်ဖွင့်လှစ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာအလက(စံလောင်း)၊ အလက (ကုန်းသာ) နဲ့ အလက (နမ့်အွန်) ကျောင်းတွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကုံးမုံ၊ ကွန်ခိုက်၊ မြို့ဟောင်း၊ ဆွတ်လန်းနှင့် ပန်ညု ဒေသရှိ အခြေခံပညာကျောင်းတွေကို ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ကြေညာပါတယ်။ အဲဒီကျောင်းတွေကို လက်ရှိသင်ရိုးညွှန်းတန်းအတိုင်းသင်ဖို့MNDAA ကစီစဉ်ထားပါတယ်။
“စစ်တပ်က ပြန်ဖွင့်လိုက်တဲ့ကျောင်းတွေကို မနေ့က ကိုးကန့်အရာရှိတွေ၊ ကျောင်းဆရာတွေရောက်လာတယ်။ ဒီကျောင်းတွေကို သူတို့ဆက်ဖွင့်မယ်လို့ပြောတယ်။ ကျတော်ထင်တယ်။ စစ်တပ်ဖက်က ပညာရေးဝန်ထမ်းတွေ ပြန်ထွက်ရလိမ့်မယ်”လို့ သီပေါမြို့ခံတဦးကပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့သီပေါအမတ်ကလည်း မနေ့က ကျောင်းတွေဖွင့်ခဲ့ပေမယ့် ဒီနေ့တော့ အခက်အခဲတချို့ရှိနေပြီး ညှိနှိုင်းနေတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ဒေသခံပြည်သူတွေအပေါ် စေတနာမဲ့တယ်လို့မြို့ခံတွေကဝေဖန်ပါတယ်။
“အဲဒီဒေသကကိုးကန့် ထိန်းချုပ်ထားတာဆိုပေမယ့် စစ်တပ်ကကျောင်းတွေဖွင့်ခွင့်ရထားတာကနေ လုံခြုံရေးအကြောင်းပြပြီးပိတ်လိုက်တာ။ ကလေးတွေအကုန်ဒုက္ခရောက်ကုန်တယ်။အဲ့ဒီတော့ ကိုးကန့်က ပြန်ဖွင့်မယ်လို့လုပ်ခါမှ စစ်တပ်က ရောက်လာပြန်တယ်။ စေတနာရှိလို့ ကျောင်းလာဖွင့်ပေးတာမဟုတ်ဘူး။ နယ်မြေတွေလက်လွှတ်ရမှာစိုးလို့ လာဖွင့်တာ”လို့ သီပေါဒေသခံတစ်ဦးကပြောပါတယ်။
ဒီဖြစ်ရပ်ကတရုတ်အစိုးရရဲ့ ဖိအားကြောင့် အပစ်ရပ်ပြီး နယ်မြေတွေကိုထိန်းချုပ်နိုင်ရေးအတွက် တိုးတိုးကြိတ်ကြိတ်ဆွေးနွေး နေတာကနေ နှစ်ဘက်ကြား ပြဿနာတွေရှိနေတာကို လူသိရှင်ကြားဖြစ်စေတဲ့ ဒုတိယမြောက် ဖြစ်ရပ်ပါ။လူသိခဲ့တဲ့ပထမဖြစ်ရပ်ကသီပေါ-လားရှိုးလမ်းပိုင်းမှာရှိတဲ့ ဒုဌဝတီတံတား နယ်မြေလုပွဲပါ။
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကျောက်မဲနဲ့ လားရှိုးမြို့ကြားမှာရှိတဲ့ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၃ ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တာပါ။
၂၀၂၅ အောက်တိုဘာလမှာတော့ တရုတ်အစိုးရရဲ့ ဖိအားကြောင့် TNLAက ဆုတ်ခွာရပြီးစစ်တပ်က ပြန်ဝင်လာခဲ့ပါတယ်။ဒါပေမယ့် ၁နှစ်နီးပါးကြာတဲ့အထိစစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်သေးသလို မြို့ပြင်ပကကျေးရွာတွေကို MNDAA အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ကပါထိန်းချုပ်ထားပါတယ်။ လားရှိူးနဲ့ သီပေါမြို့ကြားကကျေးရွာတွေကိုလည်း MNDAAက ထိန်းချုပ်ထားပြီး မြို့ထဲက ဒုဌဝတီတံတားကိုတောင် စစ်တပ်က တစ်ခြမ်းပဲ ထိန်းချုပ်နိုင်ပါတယ်။ ဒုဌဝတီတံတားရဲ့သီပေါမြို့ဘက်ခြမ်းကိုစစ်ကောင်စီက တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့အခြမ်းကို MNDAAက တပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ခုနှစ်နိုဝင်ဘာလမှာ လားရှိုးမြိို့အနီးနဲ့ ပြည်ထောင်စုလမ်းပိုင်းမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်တပ်က တောင်းဆိုခဲ့ပါတယ်။MNDAAက လက်မခံလို့ ဆွေးနွေးပွဲပျက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်နယ်စပ်နဲ့ MNDAA ထိန်းချုပ် ဒေသတွေကို ဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်ကဖမ်းဆီးသလို ဒုဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်လိုက်ပါတယ်။ ဒေသခံတွေဟာမြစ်ကူးတံတားရှိလျက်အသုံးပြုလို့မရတော့ဘဲ စက်လှေနဲ့ ဖြတ်နေကြရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ ဒုဌဝတီမြစ်ဆိပ် နှစ်နေရာမှာ သုံးရက်အတွင်း စက်လှေနဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
တံတားပြန်ဖွင့်ဖို့ သီပေါအမတ်က စစ်တပ်လွှတ်တော်မှာတင်ခဲ့ပါတယ်။ဒါပေမယ့်လက်ရှိအချိန်အထိပြန်မဖွင့်ပါဘူး။ တံတားမဖွင့်သေးသလို ကျောင်းတွေဖွင့်ရေးလည်း အခြေအနေတွေရှုပ်ထွေးနေဆဲဖြစ်ပါတယ်။
စစ်တပ်က ပိတ်ခဲ့တဲ့စာသင်ကျောင်းတွေပြန်ဖွင့်ပြီဆိုပြီး သီပေါအမတ်ရဲ့ ပြောဆိုချက်တွေဟာ ဟာသပဲလို့ MNDAA ပြန်ကြားရေးသတင်းရင်းမြစ်က လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်ထားပါတယ်။ လက်ရှိမှာတော့ ကျောင်းသားအများစု ကျောင်းမတက်ကြသေးဘဲ အခြေအနေကိုစောင့်ကြည့်နေဆဲလို့ သိရပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာတွင် အာရက္ခတပ်တော်(AA)၊TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊မုန်းကိုး၊ဖောင်းဆိုင်၊ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ပန်ဆိုင်းမြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာကျည် ၁ ချက်မဖောက်ဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။သိန္နီမြို့နဲ့TNLA ဆီကနေပြန်ယူထားတဲ့ကွတ်
ခိုင်မြို့ကိုလည်း ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေပါတယ်။MNDAAကထိန်းချုပ်မြို့နယ်တွေမှာ အချိန်တိုတိုအတွင်းအုပ်ချုပ်ရေး ယန္တရားတည်ဆောက်နိုင်ဖို့ အခိုင်အမာပြင်ဆင်ပါတယ်။စစ်ကောင်စီတပ်တွေ လုံးဝကင်းစင်သွားပြီဖြစ်တဲ့အတွက် ကိုးကန့်ဒေသကို အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားပြီး မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းလိုက်တာလို့ ကြေညာထားပါတယ်။
စစ်ကောင်စီကလည်းတရားဝင်သတင်းမထုတ်ပြန်တဲ့ဆွေးနွေးပွဲလမ်းကြောင်းကနေမြို့တွေကိုပြန်တောင်းနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ခိုက်ရေးလေယာဉ်နဲ့ဗုံးကြဲလေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်တာတွေလည်းရှိနေပါတယ်။
ဒါအပြင်စစ်တပ်ကမန္တလေး-မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်ထိန်းချုပ်လိုပေမယ့် တော်လှန်ရေးတပ်တွေကလက်မခံတဲ့အတွက်အခြေအနေတွေပိုမိုရှုပ်ထွေးလာလိမ့်မယ်လို့ ရှမ်းမြောက်သတင်းရင်းမြစ်တွေကပြောပါတယ်။မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။စစ်တပ်က နောင်ချို၊သီပေါ၊ကျောက်မဲ၊ လားရှိုးနဲ့မူဆယ်မြို့ကိုပဲထိန်းချုပ်ထားနိုင်ပါတယ်။
လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်ထဲကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားပါတယ်။
မြို့တွေကိုပြန်တောင်းပေမယ့်မရတဲ့အတွက်စစ်တပ်က ကျိတ်မနိုင်ခဲမရဖြစ်နေတာပါ။ နယ်စပ်ကုန်သွယ်ရေးဟာအစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့ ထုတ်ပြောလာတဲ့အထိပါပဲ။ အဲဒီနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ပိုများလာတယ်လို့ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ သီပေါမြို့နယ်ရဲ့ ဒေသတွင်းအခြေအနေဟာ တိုက်ပွဲခေါ်သံနဲ့ ဆိတ်ငြိမ်မှုကြားမှာ ခေါင်းပန်းလှန်အကဲဖြတ်တဲ့ အကြွေစေ့လိုဖြစ်နေပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ ဘယ်အသင်းက စပေး ဘော အရင်စတင်မလဲဆိုတာကို ဒိုင်လူကြီးက လေထုထဲအကြွေစေ့ပစ်ပြီးဆုံးဖြတ်ပါတယ်။ လေထဲက အကြွေစေ့ ဒိုင်လူကြီးလက်ထဲ ရောက်ပြီး ခေါင်းပန်းသိရဖို့ စက္ကန့်ပိုင်းပဲကြာပါတယ်။ရှမ်းစော်ဘွားတွေရဲ့ ဟော်နန်းအရိပ်ရှိရာ သီပေါနယ်မှာတော့ ခေါင်းပန်းဆုံးဖြတ်မယ့် အကြွေစေ့ဟာ လေထဲလည်နေဆဲဖြစ်ပါတယ်။


















































