Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ထက် တရုတ်ကို လိုလားတဲ့ နိုင်ငံတွေ ပိုများလာကြောင်း စစ်တမ်းဖော်ပြ

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

ကမ္ဘာကျော် စစ်တမ်းဌာန တစ်ခုဖြစ်တဲ့ Pew သုတေသနစင်တာက နောက်ဆုံး ကောက်ယူတဲ့ စစ်တမ်းမှာတော့ ပါဝင်ဖြေဆိုသူ အများစုက အမေရိကန်ထက် တရုတ်ကို ပိုလိုလားတဲ့ သဘောထား မှတ်ချက်ပေးမှုတွေကို ပထမဆုံးအကြိမ် တွေ့မြင်လာရတာ ဖြစ်ပါတယ်။

အမေရိကန်မှာ အခြေစိုက်ပြီး ဘက်မလိုက်ဝါဒ ဆွဲကိုင်ထားတဲ့ Pewရဲ့ အဆိုအရ စစ်တမ်းမှာ ပါဝင်ဖြေဆိုတဲ့ နိုင်ငံအများစုရဲ့ နိုင်ငံသားတွေဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ အမေရိကန်ထက် တရုတ်ကို ပိုပြီး လက်ခံ ယုံကြည်လာနေကြောင်း သိရပါတယ်။

ဥပမာ အနေနဲ့ ဘယ်သမ္မတကို ပိုယုံကြည်သင့်သလဲ ဆိုတဲ့ မေးခွန်းမျိုးမှာ ရှီကျင့်ဖျင်ရော၊ ထရမ့်ကိုပါ ယုံကြည်သူ နည်းပေမယ့် ရှီက ထရမ့်ထက်ပိုပြီး အမှတ်ကောင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို တရုတ်ထက် ပိုပြီး လေးစားပေးတယ်လို့ ရှုမြင်ခံရဆဲ ဖြစ်ပေမယ့် တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုက ပိုနည်းတယ်လို့ စစ်တမ်း ဖြေဆိုသူ အများစုက သုံးသပ်ခဲ့ပါတယ်။

Pewဟာ နိုင်ငံပေါင်း ၃၆ ခုရဲ့ စစ်တမ်းဖြေဆိုသူ ၄၂၀၀၀ ကျော်ဆီက သဘောထား အမြင်တွေကို ဖေဖော်ဝါရီလကနေ မေလအတောအတွင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၃၆ နိုင်ငံထဲက ၂၅ နိုင်ငံမှာတော့ စစ်တမ်းဖြေဆိုသူ အများစုက အမေရိကန်နဲ့ ယှဉ်ရင် တရုတ်ကို ပိုရွေးသင့်တယ်လို့ သဘောထား မှတ်ချက် ပေးခဲ့တာ တွေ့ရပါတယ်။ ဒါဟာ Pewက နှစ်စဉ် ကောက်ယူလေ့ရှိတဲ့ သဘောထားအမြင် စစ်တမ်းမှာ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံအများအပြားက တရုတ်ဟာ အမေရိကန်ထက် ပိုယုံကြည်ထိုက်တယ်ဆိုတဲ့ သဘောထား တုံ့ပြန်မှုကို ပြသလာတာလို့ သိရပါတယ်။

၂၀၀၂ ခုနှစ်မှာ စတင်ပြီး နှစ်စဉ်ကောက်ယူတဲ့ စစ်တမ်းမှာ အမေရိကန်အပေါ် ယုံကြည်မှုတွေ ယုတ်လျော့ ကျဆင်းသွားတဲ့ ကာလမျိုးတွေ အရင်ကလည်း ရှိခဲ့ဖူးပေမယ့် အခုလောက် အနေအထားမျိုးတော့ ဘယ်တုန်းကမှ မရောက်ခဲ့ဘူးလို့ Pewက ဆိုပါတယ်။ အဲဒီ အခြေအနေတွေမှာတောင် အမေရိကန်အပေါ် ယုံကြည်မှုက တရုတ်နဲ့ယှဉ်ရင် နည်းနည်းလေး သာလွန်နေတာ၊ ဒါမှမဟုတ် ညီတူညီမျှလောက် ဖြစ်နေတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်စစ်တမ်းမှာတော့ ၃၆ နိုင်ငံထဲက နိုင်ငံပေါင်း ၆ ခုရဲ့ ဖြေဆိုသူတွေကသာ အမေရိကန်အပေါ် ပိုပြီး ယုံကြည်ကိုးစားသင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်ပြီး ပိုလန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အစ္စရေး ၅ နိုင်ငံ ပါဝင်ပါတယ်။ နောက်ထပ် တစ်နိုင်ငံကတော့ အိန္ဒိယဖြစ်ပြီး တရုတ်နဲ့ သမိုင်းကြောင်း ခါးသီးတဲ့ အားပြိုင်မှုတွေ ရှိနေခဲ့ပါတယ်။

ပုံမှန်အားဖြင့် အမေရိကန်ကိုပဲ အမြဲတမ်း ရွေးချယ်လေ့ရှိတဲ့ နိုင်ငံပေါင်း ၂၀ လောက်ရဲ့ အခုနှစ် စစ်တမ်း အမြင်တွေမှာတော့ အမေရိကန်အပေါ် ယုံကြည် ထောက်ခံမှု သိသိသာသာ ကျဆင်းသွားတာကိုလည်း Pewက တွေ့ရှိခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ အီတလီ၊ စပိန်၊ ကိုလံဘီယာ၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ မလေးရှား၊ နိုက်ဂျီးရီးယားနဲ့ တူရကီတို့လို နိုင်ငံတွေမှာ တရုတ်ကို ပိုမိုယုံကြည်သင့်ကြောင်း ထောက်ခံ ဆန္ဒပြသူ အချိုးအစားက စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။

Pewရဲ့ တွေ့ရှိချက်အရ အလယ်အလတ်ဝင်ငွေ ရှိတဲ့ နိုင်ငံအများစုဟာ တရုတ်နဲ့ ပတ်သက်ရင် ပိုပြီး အကောင်းမြင်တဲ့ တုံ့ပြန်မှုမျိုး ပြသခဲ့ပြီး ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေကတော့ တရုတ်အပေါ် အနုတ်လက္ခဏာဆောင်တဲ့ အမြင်မျိုး ရှိတယ်လို့ သိရပါတယ်။ ခြွင်းချက်ကတော့ အရှေ့တောင်အာရှ ဒေသတွင်းက ချမ်းသာကြွယ်ဝတဲ့ စင်ကာပူ နိုင်ငံဖြစ်ပြီး တရုတ်အပေါ် ပိုမို အကောင်းမြင်တဲ့ သဘောထားမျိုး စစ်တမ်းက ညွှန်ပြခဲ့ပါတယ်။

ရှီနဲ့ ထရမ့်တို့အနက် ဘယ်သူ့ကို ယုံကြည်သင့်သလဲဆိုတဲ့ မေးခွန်းမှာတော့ နှစ်ဦးစလုံး ထောက်ခံမဲရမှု ၅၀ ရာခိုင်နှုန်း အောက်သာရှိခဲ့ပြီး ရှီကတော့ ထရမ့်ထက် ရလဒ် ပိုကောင်းခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ စစ်တမ်း ဖြေဆိုသူတွေက ရှီကို ၈၃ ရာခိုင်နှုန်းထိ အမြင့်ဆုံး အချိုးအစားအဖြစ် ထောက်ခံခဲ့ပြီး ဂျပန်မှာတော့ သူ့ကို ယုံကြည်သူ ၇ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ထရမ့်အတွက် ထောက်ခံနှုန်း အားအကောင်းဆုံး ရခဲ့တဲ့ နိုင်ငံက ဖိလစ်ပိုင်ဖြစ်ပြီး ၆၈ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက်ကမ်းခြေဒေသနဲ့ အရှေ့ ဂျေရုဆလင်တို့မှာတော့ သူ့ကို လိုလားတဲ့ ဆန္ဒမဲက ၄ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံတည်တံ့ရေးကို ဆက်လက်ထိန်းသိမ်း ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ စစ်ခင်း တိုက်ခိုက်နေရကြောင်း အီရန် အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်းတဲ့ ရေယာဉ်တွေကို အခွန်ကောက်မယ်လို့ ပြောပြီး နောက်တစ်နေ့မှာပဲ အဲဒီစကားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ပိုမို အရှိန်မြင့်တက်လာပေမယ့် အီရန်နဲ့ သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့ အလားအလာ ရှိနေဆဲလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။