မြန်မာနိုင်ငံက လာရောက်တဲ့ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းနိုင်ငံ၊ ဟပ်ရိုင် ခရိုင် ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံသား ၁၀ ဦးနဲ့အတူ လမ်းပြအဖြစ် တာဝန်ယူထားတဲ့ ထိုင်းအမျိုးသားတစ်ဦး၊ မြန်မာ အမျိုးသမီး တစ်ဦးတို့ကိုလည်း ဟပ်ရိုင်က ဟိုတယ်တစ်ခုမှာ စက်တင်ဘာ ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ ကြေညာချက်မှာ ဖော်ပြ ပါရှိပါတယ်။
လတ်တလောမှာတော့ ၁၂ ဦးစလုံးကို ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အခြေချသူတွေက အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ဖြစ်ပါတယ်။
လမ်းပြနှစ်ဦးကတော့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အခြေစိုက် လှုပ်ရှားနေတဲ့ တရားမဝင် လူမှောင်ခိုဂိုဏ်း တစ်ခုက ချိတ်ဆက် ငှားရမ်းထားတာလို့ သိရပါတယ်။ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ Isuzu ပစ်ကပ် ကားတစ်စီးနဲ့ မိုဘိုင်းဖိုင်း ၉ လုံးကိုလည်း သက်သေတွေအဖြစ် ရဲတပ်ဖွဲ့က သိမ်းဆည်းထားလိုက်ပါတယ်။

Public Service Announcement
ထိုင်းနိုင်ငံသား လမ်းပြရဲ့ ထွက်ဆိုချက်အရ သူဟာ မြန်မာဖက်က တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ချင်းမိုင်ထိ ပို့ဆောင်ပေးနိုင်မယ်ဆိုရင် တစ်ယောက်စီအတွက် ဘတ်ငွေ တစ်ထောင်စီ ရမယ်လို့ သိရပါတယ်။
မြန်မာ ၁၀ ဦးကို Covid-19 ရောဂါ ရှိမရှိ ဆေးစစ်ကြည့်ပြီး ၁ ဦးက Positive အဖြေ ထွက်ခဲ့တာကြောင့် ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရပါတယ်။ ဆေးရုံမှာ RT CPR စစ်ဆေးမှုတွေ ထပ်လုပ်ပြီးတဲ့အခါ ရောဂါ ကူးစက်ထားကြောင်း အတည်ပြုခဲ့ပါတယ်။


















































