ယူကရိန်းက နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုကို ရုရှားတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
လက်နက်ကြီးဒဏ် ခံခဲ့ရတဲ့နောက် ဥရောပရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဖြစ်တဲ့ ဇာပေါ်ရစ်ဇီရာ ဓာတ်အားပေး စက်ရုံမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ယူကရိန်း တောင်ပိုင်းမှာ ရှိနေတဲ့ အဲဒီ ဓာတ်အားပေး စက်ရုံဟာ အခုအခါမှာတော့ ရုရှားတပ်တွေ သိမ်းပိုက်တာ ခံလိုက်ရပါတယ်။
အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံ တချို့ရဲ့ အစိုးရတွေက ရုရှားစစ်တပ်ဟာ အဆင်ခြင် ကင်းမဲ့ပြီး ပရော်ဖက်ရှင်ဆန် မဆန်တဲ့ လုပ်ရပ်ကို ကျူးလွန်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် စွပ်စွဲကြပါတယ်။ အမှားအယွင်း တစ်ခုခုသာ ဖြစ်သွားရင် ဥရောပတိုက် တစ်ခုလုံး နျူကလီးယား ကပ်ဘေး သင့်သွားနိုင်တဲ့ အခြေအနေမျိုးကို ရုရှားတပ်က လုပ်ဆောင်ခဲ့တာလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုရှားဟာ နျူကလီးယား အကြမ်းဖက်မှုမျိုး ကြံစည် ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
လတ်တလောမှာတော့ ဓာတ်အားပေး စက်ရုံရဲ့ လုံခြုံရေး အခြေအနေက စိတ်ချရပြီး ရေဒီယို သတ္တိကြွမှုကလည်း ပုံမှန် အဆင့်လောက်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဘိုင်ဒန်က ရုရှားတပ်တွေ အနေနဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ တဝိုက်က စစ်ရေး လှုပ်ရှားမှု အားလုံးကို ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်က ရုရှားတပ်တွေရဲ့ ဆင်ကန်းတောတိုး တိုက်ခိုက်မှုတွေဟာ ဥရောပ တစ်တိုက်လုံးကို ဒုက္ခရောက်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဇီလန်စကီးက တကယ်လို့သာ စက်ရုံမှာ အကြီးစား ပေါက်ကွဲမှု တစ်ခုခု ဖြစ်လိုက်ရင် အားလုံး ကိုယ်ကျိုးနည်းသွားနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
ယူကရိန်းဟာ ၁၉၈၆ တုန်းက ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စာရင်းဝင် နျူကလီးယား ကပ်ဘေးသင့်မှု တစ်ခုနဲ့ ကြုံခဲ့ဖူးပါတယ်။ လောလောဆယ်တော့ လက်နက်ကြီးနဲ့ ပစ်ခတ် ခံရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ လောင်ကျွမ်းနေတဲ့ မီးတွေကို ငြှိမ်းသတ်ထားပြီး လုံခြုံရေး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ကုလသမဂ္ဂရဲ့ နျူကလီးယားစွမ်းအင် စောင့်ကြည့်အဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီက လက်နက်ကြီး ထိမှန် ပျက်စီးသွားတဲ့ အဆောက်အအုံ အစိတ်အပိုင်းတွေဟာ ဓာတ်အားပေး စက်ရုံရဲ့ အရေးကြီးတဲ့ ကိရိယာတွေတော့ မဟုတ်ဘူးလို့ မှတ်ချက်ပေး ပြောဆိုထားပါတယ်။


















































