အောက်တိုဘာ – ၂၉ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်မဲ့ကိုကင်းရွာထဲမှာဒီနေ့ (အောက်တိုဘာ ၂၉) မနက်ပိုင်းမှာ မြန်မာဘက်ခြမ်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဒေသခံတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီနေ့ မနက် ၅ နာရီခွဲ အချိန်ကပြီး မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ် မြ၀တီမြို့တောင်ဘက် ဖလူးနဲ့ မင်းလက်ပံရွာမှာ KNU ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်း မဲ့ကိုကင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
“ဖလူးမင်းလက်ပံရွာဘက် ထိုင်း ၅ နာရီက တိုက်ပွဲဖြစ်နေတယ်” လို့ ဖလူးဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မြန်မာဘက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားနေရသလို ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲ လက်နက်ကြီးကျည်တွေ ထပ်မံပြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး ထိခိုက်မှုရှိခဲ့ကာ ပြုစုကုသခဲ့ရတယ်လို့ ထိုင်းသတင်းရင်းမြစ်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူဟာ အသက် ၅၅ နှစ်အရွယ်အမျိုးသမီး ဖြစ်ပြီး လက်မှာ ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ထိုင်းသတင်းဌာနတွေကတော့ ဒဏ်ရာရသူ ၂ ဦးလို့ဖော်ပြပေမယ့် အသက် ၁၄ နှစ်အရွယ်ကလေးငယ်ဟာ ဒဏ်ရာမဆိုစလောက်လေးပဲရခဲ့တာလို့ နယ်စပ်သတင်းရင်းမြစ်အချို့ကပြောပါတယ်၊
လက်နက်ကြီး(RPG) ကျည်နှစ်လုံး မဲ့ကိုကင်းရွာထဲ ကျရောက်ခဲ့တာနဲ့ ဒေသခံတွေရဲ့အိမ်တွေ ထိမှန်ပျက်စီးခဲ့တဲ့ပုံတွေကိုလည်း ထိုင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
ထိုင်းစစ်တပ်ကလည်းသတိပေးနေတဲ့အနေနဲ့ မီးကျည်နှစ်လုံးမြန်မာဘက်ဆီ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။
မြန်မာဘက်ခြမ်းက တိုက်ပွဲတွေဖြစ်ပွားတိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ်အုပ်စု မဲ့ကိုကင်းရွာထဲကို လက်နက်ကြီးကျည်တွေဟာ အမြဲလိုလို ကျရောက်ပေါက်ကွဲခဲ့တာရှိတဲ့အတွက် ဒီရက်ပိုင်းထဲမှာ မဲ့ကိုကင်းက ထိုင်းဒေသခံတွေက ထိုင်းဒေသအာဏာပိုင်တွေကို ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသေးတာပါ။
မြန်မာဘက်ခြမ်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကို အာဏာပိုင်တွေအနေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
မြန်မာဘက်ခြမ်းက လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းထဲ မကြာခဏကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းစစ်တပ်အနေနဲ့ မီးခိုဗုံးတွေ၊ အသံဗုံးတွေကို သတိပေးပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို နှစ်နိုင်ငံနယ်ခြားကော်မတီကနေတစ်ဆင့် ကန့်ကွက်စာပေးပို့မှုတွေလည်း လုပ်ဆောင်သွားမယ်လို့ ထိုင်းစစ်တပ်က ဒီရက်ပိုင်းထဲ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် နယ်စပ်လုံခြုံရေးကိုလည်း တိုးမြှင့်ချထားပြီး တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတယ်လို့လည်း ထိုင်းစစ်တပ်က ပြောထားပါတယ်။
စစ်ကောင်စီတပ်ဟာ မြ၀တီတောင်ဘက်၊ ကျောက်ခက်ဒေသအနီးက သဲဖြူကုန်းကို ထိုးစစ်ဆင်လို့မရတာကြောင့် မင်းလက်ပံ၊ ဖလူးရွာဘက်ကို ပြန်လည်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောထားပါတယ်။





















































