စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ထိုင်းစစ်တပ်က နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် အာရုံစူးစိုက်ထားကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းပြည်သူတွေအားလုံး စည်းလုံးကြဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အလွတ်သဘော ဖုန်းဆက် ဆွေးနွေးမှုမှာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ထိုင်းစစ်တပ်ကို သိက္ခာချ ဝေဖန်တဲ့ စကားမျိုးတွေ ပြောဆိုထားတဲ့ အသံဖိုင် ပေါက်ကြားလာတဲ့နောက် ထိုင်းညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ အကွဲအပြဲတွေ ဖြစ်ပေါ်လာပါတယ်။ ထိုင်းစစ်တပ်ကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ် အင်အားစုတွေဟာ ညွန့်ပေါင်း အစိုးရက နုတ်ထွက်သွားခဲ့သလို အတိုက်အခံ ပါတီတွေကလည်း စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာနိုင်ခြေကနေ တားဆီးဖို့အတွက် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တွေ ကျင်းပပေးဖို့ တောင်းဆိုနေပါတယ်။
ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဗာရီက ထိုင်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပါနာ ကော်ဘလော့ဒ်တက်ခ်ဟာ ထိုင်းရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအတွက် စိုးရိမ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးတော့ ဗိုလ်ချုပ်ကြီး ပါနာက ထိုင်းပြည်သူတွေ အနေနဲ့ စစ်တပ်ကို ယုံကြည်ပေးဖို့ တောင်းဆိုခဲ့ပြီး ထိုင်းစစ်တပ်ဟာ နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်အပေါ် သစ္စာစောင့်သိပြီး ထိုင်းဘုရင်ကို နိုင်ငံရဲ့ ဦးသျှောင်အဖြစ် မမှိတ်မသုန် လက်ခံ ယုံကြည်ထားဆဲ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဝင်ထိုင်က ဆိုပါတယ်။

Public Service Announcement
လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှုပ်အထွေးတွေကို ဘက်ပေါင်းစုံက သုံးသပ်ပြီးတဲ့နောက် ထိုင်းအတွက် လောလောဆယ် အဓိက အလိုအပ်ဆုံးဟာ ပြည်သူတွေ စည်းလုံးကြဖို့ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ပါနာက သဘောထား ထုတ်ပြန်ထားပါတယ်။ ဒါမှသာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ပြီး နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံး ရွေးချယ်မှုတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ပါနာက ပြောပါတယ်။
ထိုင်းစစ်တပ်ဟာ လက်ရှိ ဝန်ကြီးချုပ် ဖေထောင်ထန်ရဲ့ ဖခင်ဖြစ်သူ သက်ဆင်ရှီနာဝတ်ထ်နဲ့ အဒေါ်ဖြစ်သူ ယင်လက်ခ် ရှီနာဝတ်ထ်တို့ ဝန်ကြီးချုပ်တွေအဖြစ် အသီးသီး တာဝန်ယူနေချိန်တွေမှာ အာဏာသိမ်းခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံရေး အကဲခတ်တွေက ထိုင်းမှာ နောက်တစ်ကြိမ် အာဏာသိမ်းမှု ဖြစ်လာတော့မယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာချိန်မှာ ထိုင်းစစ်ဦးစီးချုပ်ဆီက တိကျတဲ့ သဘောထား ထုတ်ပြန်ချက်တစ်ခု ထွက်လာတာလို့ ပြောပါတယ်။ ထိုင်းဟာ လောလောဆယ်မှာ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ကြုံနေရသလို ကမ္ဘောဒီးယားနဲ့လည်း နယ်စပ်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။
နိုင်ငံရေး အကျပ်ရိုက်ပြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ကြုံနေရတဲ့ ဝန်ကြီးချုပ် ဖေထောင်ထန်ဟာ ဇွန်လ ၁၉ ရက်နေ့မှာတော့ အသံဖိုင် ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဝန်ခံ တောင်းပန်ခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဝန်ကြီးချုပ်က ကမ္ဘောဒီးယားရဲ့ ခေါင်းဆောင်တစ်ဦးနဲ့ သူ့ရဲ့ ဆွေးနွေးပြောဆိုမှု အသံဖိုင် ပေါက်ကြားရာက ပြည်သူတွေ စိတ်ပျက်စရာ ဖြစ်ခဲ့တဲ့အတွက် တောင်းပန်ချင်ကြောင်း ဖေထောင်ထန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖေထောင်ထန်ဟာ ရာထူးက နုတ်ထွက်ဖို့တော့ အစီအစဉ် မရှိဘဲ သူ့ရဲ့ တောင်းပန်မှုရယ်၊ စစ်တပ်နဲ့ သဘောထား ဆက်လက် ညီညွတ်နေဆဲ ဆိုတာကို ပြသနိုင်တာရယ် ပေါင်းပြီး အခြေအနေတွေကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဘုရင့်နိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်းမှာ စစ်တပ်ဟာ နိုင်ငံရေးမှာပါ ဩဇာကြီးမားတဲ့ အစုအဖွဲ့ တစ်ခုအဖြစ် ရပ်တည်နေပြီး နိုင်ငံရေး အစုအဖွဲ့တွေဟာ စစ်တပ်ရဲ့ ရန်သူ၊ ပစ်မှတ်မဖြစ်အောင် သတိကြီးကြီး ရှောင်တိမ်းလေ့ ရှိပါတယ်။ ၁၉၃၂ ခုနှစ်မှာ ထိုင်းက သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးချိန် ကတည်းက စစ်တပ်က အာဏာသိမ်းတဲ့ ဖြစ်စဉ် အကြိမ်ပေါင်း ဒါဇင်နဲ့ချီ ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: Nation
