အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှုတွေ ရပ်ဆိုင်းထားရတဲ့ shutdown ဖြစ်စဉ်ဟာ သမိုင်းတလျှောက် အရှည်ကြာဆုံး စံချိန်သစ် တင်ခဲ့ပါတယ်။
အစိုးရ ဘတ်ဂျတ်သစ် ကိစ္စကို လွှတ်တော်မှာ ညှိမရကြတာကြောင့် အောက်တိုဘာ ၁ ရက်နေ့ ကတည်းက အစိုးရ shutdown ဖြစ်နေခဲ့တာပါ။ အခုဆိုရင်တော့ shutdown ကာလဟာ ၃၆ ရက်ထိ ကြာမြင့်လာပြီး ဖက်ဒရယ် အစိုးရ လက်အောက်ခံ အေဂျင်စီ အားလုံးနီးပါးအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
အရင်က အကြာဆုံး အစိုးရ shutdown စံချိန်ဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ပထမ အစိုးရသက်တမ်းအတွင်း ၂၀၁၈ အကုန်၊ ၂၀၁၉ နှစ်ဆန်းပိုင်းထိ ၃၅ ရက် ကြာမြင့်ခဲ့ပါတယ်။ အဲဒီတုန်းက ဖက်ဒရယ် အစိုးရ လက်အောက်ခံ အေဂျင်စီ တချို့တဝက်လောက်သာ လုပ်ငန်းတွေ ရပ်တန့်ရ၊ လျှော့ချခဲ့ရတာပါ။
အခုအခါမှာ အမေရိကန် သမိုင်းတလျှောက် အကြာဆုံး အစိုးရ shutdown ဖြစ်လာတဲ့တိုင် အာဏာရ ရီပတ်ဘလစ်ကန် ပါတီဖက်ကရော၊ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေကပါ ဘတ်ဂျတ်အသစ် ကိစ္စအတွက် အလျှော့ပေးပြီး ညှိနှိုင်းမှု မရှိဘဲ တင်းခံနေကြဆဲ ဖြစ်ပါတယ်။

Public Service Announcement
ဒီမိုကရက်တစ် ပါတီက သန်းနဲ့ချီတဲ့ ဆင်းရဲနွမ်းပါးတဲ့ အမေရိကန် ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေကို ဘတ်ဂျတ် အသစ်ထဲမှာ သက်တမ်းတိုးမြှင့် ထည့်သွင်းစေချင်ပါတယ်။ ရီပတ်ဘလစ်ကန်တွေကတော့ ကျန်းမာရေး စောင့်ရှောက်မှုဟာ အစိုးရ ဘတ်ဂျတ်နဲ့ သီးခြားစီ ကိုင်တွယ်သင့်တယ်လို့ ပြောပါတယ်။ ဒီအငြင်းပွားမှုကို လွှတ်တော်ထဲမှာ အကြိမ်ကြိမ် ညှိနှိုင်းနေပေမယ့် မအောင်မြင်သေးပါဘူး။
ဒါပေမဲ့ နှစ်ဖက်စလုံးက ဒီအကျပ်အတည်းကို ဖြေရှင်းပြီး သဘောတူညီချက် တစ်ခုခု ထွက်ပေါ်လာဖို့ လိုလားနေတဲ့အတွက် နောက်ထပ် အချိန်ကြာကြာ မစောင့်ရတော့ဘူးလို့ သူခံစားမိကြောင်း အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အစုအဖွဲ့ခေါင်းဆောင် ဂျွန်သွန်းက ပြောပါတယ်။
လေ့လာသူတွေကတော့ shutdown အချိန် ကြာလာလေလေ၊ အမေရိကန် ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝအပေါ် ထိခိုက်သက်ရောက်မှုတွေ ဆိုးလေလေလို့ ထောက်ပြထားပါတယ်။ ဖက်ဒရယ် အစိုးရ ဝန်ထမ်း ထောင်နဲ့သောင်းနဲ့ချီပြီး လစာမရကြသေးသလို ရက်ရှည်ခွင့်တွေ သတ်မှတ်ခံထားကြရပါတယ်။ ပြီးတော့ လေကြောင်းထိန်းသိမ်းရေး ဝန်ထမ်းတွေ အများအပြားလည်း ခွင့်သတ်မှတ် ခံထားရတာကြောင့် လေကြောင်း ခရီးစဉ်တွေနဲ့ ပတ်သက်လို့လည်း နှောင့်နှေးမှုတွေ၊ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။
အမေရိကန် အထက်လွှတ်တော်မှာတော့ ဘတ်ဂျတ်ကိစ္စ မပြေလည်သေးခင် အတောအတွင်း အစိုးရ ယန္တရား ပြန်လည်ပတ်နိုင်စေဖို့ ရေတို အသုံးစရိတ်တစ်ခု သဘောတူနိုင်ရေး ညှိနှိုင်းမှုတွေကလည်း အခုထိ အကျိုးမထူးသေးပါဘူး။
ဒီမိုကရက်တစ်တွေက အစိုးရ အနေနဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေတွေကို အနာဂတ် ဘတ်ဂျတ်ထဲမှာ ထည့်သွင်းဖို့ ကတိမပေးသ၍ ရေတို ဖြေရှင်းမှုတွေမှာ ပူးပေါင်းဖို့ ငြင်းဆိုထားပါတယ်။
လက်ရှိ အစိုးရ အသုံးစရိတ်ဟာ နိုဝင်ဘာ ၂၁ ရက်နေ့အထိပဲ လက်ကျန်ခွဲတမ်း ရှိတော့တာကြောင့် အဲဒီမတိုင်ခင် သဘောတူညီမှု တစ်ခုကို ရှာဖွေဖို့လည်း ပါတီနှစ်ရပ်စလုံးအတွက် ဖိအားဖြစ်နေပါတယ်။ အခု သီတင်းပတ်အတွင်းမှာတင် ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ ရှိမလာဘူးဆိုရင် အခြေအနေတွေက လာမယ့်သီတင်းပတ်တွေမှာ ပိုခက်ခဲသွားလိမ့်မယ်လို့လည်း သွန်းက သတိပေးသွားခဲ့ပါတယ်။
ကိုးကား: BBC
















































