Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ shutdownကို အဆုံးသတ်ဖို့ ရေတို ကုစားရေး အဆိုကို အမေရိကန် အထက်လွှတ်တော် အတည်ပြု

လက်ရှိ ကြုံနေတဲ့ အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို ဖြေရှင်းနိုင်ဖို့ ရေတို ကုစားရေး အဆိုတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - EPA

လက်ရှိ ကြုံနေတဲ့ အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို ဖြေရှင်းနိုင်ဖို့ ရေတို ကုစားရေး အဆိုတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။

အာဏာရ ရီပတ်ဘလစ်ကန် ပါတီ ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၉ ရက်နေ့ည၊ မြန်မာစံတော်ချိန်အရ နိုဝင်ဘာ ၁၀ ရက်နေ့ ဆွေးနွေးမှုတွေ အပြီးမှာ သူတို့ပါတီက အဆိုပြုမယ့် ရေတိုကုစားမှု အစီအမံကို ထောက်ခံပေးဖို့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီရဲ့ အထက်လွှတ်တော် အမတ် ၈ ဦးကို စည်းရုံးနိုင်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် ပါတီဟာ အထက်လွှတ်တော် အမတ်နေရာပေါင်း ၁၀၀ ထဲမှာ ၅၃ နေရာကို ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ ဘတ်ဂျတ်အဆိုပြုချက် အောင်မြင်ဖို့ဆိုရင် စုစုပေါင်း ထောက်ခံမဲ ၆၀ ကို လိုအပ်ပါတယ်။ အစိုးရ shutdownကို ရပ်တန့်နိုင်ဖို့ ညှိနှိုင်းမှုတွေမှာ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက ဒီမိုကရက်တစ် အမတ် ၈ ဦးကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် ကိုယ့်ပါတီရဲ့ ကင်တက်ကီပြည်နယ် ကိုယ်စားပြု အမတ် ရန်းပေါလ်ရဲ့ ထောက်ခံမှုကိုတော့ မရခဲ့ပါဘူး။ ပေါလ်က လက်ရှိ ညှိထားတဲ့ အစီအမံဟာ အစိုးရ ကြွေးမြီကို မြင့်တက်လာစေလိမ့်မယ်လို့ ထောက်ပြပြီး ထောက်ခံမဲ မပေးခဲ့တာပါ။

အဆုံးမှာတော့ ရီပတ်ဘလစ်ကန် ပါတီက အဆိုပြုတဲ့ ရေတိုကုစားရေး အစီအစဉ်ဟာ အထက်လွှတ်တော် မဲခွဲမှုမှာ ၆၀-၄၀ ဆိုတဲ့ မဲရလဒ်နဲ့ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ရက်ပေါင်း ၄၀ လောက် ကြာမြင့်ခဲ့ပြီး ဖြစ်သလို အမေရိကန် သမိုင်းမှာ အရှည်ကြာဆုံး အနေနဲ့ စံချိန်တင်ထားတဲ့ shutdownကို အဆုံးသတ်နိုင်ဖို့ ပိုပြီး နီးစပ်လာတဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

ရီပတ်ဘလစ်ကန်တွေဟာ အစိုးရ shutdown အခြေအနေကနေ ရုန်းထွက်နိုင်ဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်မှာ ဒီမိုကရက်တစ် ပြိုင်ဘက်တွေကို တစ်ပတ်လောက် အချိန်ယူပြီး သေချာ စည်းရုံး သိမ်းသွင်းခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်မှာ အစိုးရ အသုံးစရိတ်ဘတ်ဂျတ် ကုန်ခမ်းမှုကြောင့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး shutdown ဖြစ်နေခဲ့တာပါ။ လွှတ်တော်က အစိုးရ ဘတ်ဂျတ်အသစ်ကို မဲခွဲညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် ဒီအခြေအနေမျိုး ကြုံခဲ့ရတာဖြစ်ပြီး ဖက်ဒရယ် အစိုးရ အေဂျင်စီ အများအပြား လုပ်ငန်း ရပ်နားထားရသလို ဝန်ထမ်းတွေလည်း လစာမရတာတွေ၊ ခွင့်သတ်မှတ် ခံရတာတွေ ကြုံနေခဲ့ပါတယ်။

အမေရိကန်ရဲ့ ဝင်ငွေနည်းပါးတဲ့ ပြည်သူ သန်းဂဏန်းကို ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေ ထောက်ပံ့ပေးထားတဲ့ လက်ရှိ အစီအမံတွေကို အစိုးရ ဘတ်ဂျတ်သစ်မှာ ဆက်ပြီး ထည့်သွင်းပေးဖို့ ဒီမိုကရက်တစ် ပါတီက တောင်းဆိုခဲ့ပါတယ်။ သက်တမ်း ကုန်ဆုံးတော့မယ့် အဲဒီအစီအမံတွေကို ဘတ်ဂျတ်အသစ် ရေးဆွဲရာမှာ ထည့်စဉ်းစားဖို့ ရီပတ်ဘလစ်ကန်တွေက အလိုမရှိပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စက အစိုးရ ဘတ်ဂျတ်နဲ့ မပတ်သက်သင့်ဘူးလို့ ရီပတ်ဘလစ်ကန်တွေက အကြောင်းပြပါတယ်။ နှစ်ဖက် ညှိမရဘဲ အစိုးရ shutdown ဖြစ်သွားရာမှာ အဲဒီကိစ္စက အဓိက အကြောင်းတရား အနေနဲ့ ပါဝင်ခဲ့ပါတယ်။

ပါတီနှစ်ခု ညှိကြတဲ့ အခါမှာတော့ ရီပတ်ဘလစ်ကန် အမတ်တချို့က ဝင်ငွေနည်း အမေရိကန် ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့ သက်တမ်းတိုးရေးကိစ္စ ဒီဇင်ဘာ လလယ်ကျရင် ပြုလုပ်မယ့် အထက်လွှတ်တော် မဲခွဲမှုကျရင် ဒီမိုကရက်တစ် ပါတီဝင်တွေနဲ့အတူ ပါဝင် ထောက်ခံပေးပါ့မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ shutdownကို အမြန်ဆုံး ရပ်တန့်စေပြီး ဇန်နဝါရီ ၃၀ ရက်နေ့ထိ အစိုးရ ယန္တရား ပြန်လည် လည်ပတ်နိုင်စေမယ့် ရေတိုကုစားမှု အဆိုပြုချက်ကို ရီပတ်ဘလစ်ကန်တွေနဲ့အတူ ထောက်ခံမဲပေးဖို့ ဒီမိုကရက်တစ် အမတ် ၈ ဦးက ပူးပေါင်းပေးခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကျန်းမာရေး စောင့်ရှောက်မှု အစီအမံတွေကို သက်တမ်း မတိုးဖြစ်ဘူးဆိုရင် နောက်ထပ် ၃ နှစ်စာအတွက် ရီပတ်ဘလစ်ကန် ပါတီဖက်က တင်ပြမယ့် အစိုးရ ဘတ်ဂျတ်သစ်ကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်တွေက သတိပေးထားပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီ ၃၀ တိုင်ခင် အဲဒီကိစ္စကို ပြီးပြတ်အောင် မညှိနိုင်ဘူးဆိုရင် ၂၀၂၆ နှစ်ဆန်းပိုင်းလောက်မှာ နောက်ထပ် shutdownတစ်ကြိမ် ထပ်ကြုံလာနိုင်ခြေ ရှိနေဆဲပါ။

အထက်လွှတ်တော်ရဲ့ ရီပတ်ဘလစ်ကန် အစုအဖွဲ့ခေါင်းဆောင် ဂျွန်သွန်းကတော့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်တွေ ပူးပေါင်းပြီး ပါတီစွဲကင်းတဲ့ သဘောထားမျိုးနဲ့ လက်ရှိ ပြဿနာကို ဖြေရှင်းဖို့ စိတ်အား ထက်သန်ပေးခဲ့တာကို ကျေးဇူးတင်ကြောင်း မဲမခွဲခင် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်တစ် အစုအဖွဲ့ခေါင်းဆောင် ချက်ခ်ရှူးမားကတော့ အစိုးရ shutdownကို အဆုံးသတ်စေဖို့ အားထုတ်မှုတွေကို အသိအမှတ် ပြုပေမယ့် ကျန်းမာရေး စောင့်ရှောက်မှု မူဝါဒဆိုင်ရာ အငြင်းပွားမှုကတော့ မပြီးဆုံးသေးဘူးလို့ သတိပေးခဲ့ပါတယ်။ လက်ရှိ မဲခွဲခဲ့တဲ့ ရေတိုကုစားရေး အဆိုကလည်း ဒီပြဿနာကို ရှင်းလင်းနိုင်တဲ့ အဖြေမျိုး မဟုတ်သေးဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။ ဒီတော့ လာမယ့် သီတင်းပတ်တွေမှာ အစိုးရ shutdown အဆုံးသတ်သွားရင်တောင် အစိုးရ ဘတ်ဂျတ်သစ်အတွက် ပါတီနှစ်ခုကြား ဆက်ပြီး အကြိတ်အနယ် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်ကတော့ ရီပတ်ဘလစ်ကန်တွေနဲ့ ပူးပေါင်းပြီး မဲပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ပါတီဝင်တွေကို စိတ်ပျက်မိကြောင်း ဝေဖန်ခဲ့ပါတယ်။ သူက ကျန်းမာရေး စောင့်ရှောက်မှု အစီအမံတွေ သက်တမ်းတိုးနိုင်မယ်ဆိုတာ မသေချာမချင်း ပါတီဖက်က အလျှော့မပေးသင့်ဘူးလို့ ပြောပါတယ်။

လက်ရှိ ညှိနှိုင်းထားတဲ့ ရေတို ကုစားမှုတွေမှာတော့ shutdown ကာလထဲမှာ ဖက်ဒရယ် အစိုးရ ဝန်ထမ်းတွေကို လစာမပေးနိုင်ခဲ့တဲ့ကိစ္စ အမြန်ဆုံး ဖြေရှင်းရေး၊ ဝင်ငွေနည်း မိသားစုတွေအတွက် အစားအသောက် ထောက်ပံ့တဲ့ စီမံကိန်းအတွက် ရန်ပုံငွေတွေ ပြန်လည် ဖြည့်တင်းရေး သဘောတူညီချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို အဆုံးသတ်စေမယ့် ရေတို ကုစားရေး ဘတ်ဂျတ် အစီအမံ တစ်ရပ်ကို လွှတ်တော် နှစ်ရပ်လုံးက မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှု ရပ်တန့်ပြီး shutdown ဖြစ်နေတာကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အထက်လွှတ်တော်ထဲမှာ ကနဦး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှုတွေ ရပ်ဆိုင်းထားရတဲ့ shutdown ဖြစ်စဉ်ဟာ သမိုင်းတလျှောက် အရှည်ကြာဆုံး စံချိန်သစ် တင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား ရပ်တန့်နေမှု (shutdown)ကာလကြာမြင့်လာတဲ့နောက် အစိုးရဟာ နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေရဲ့ လုံခြုံရေးကို ကြီးမှူးတာဝန်ယူရတဲ့ဝန်ထမ်းတွေကိုပါ ခွင့်သတ်မှတ်အနားပေးပြီးရုံးမတက်ဖို့ ညွှန်ကြားခဲ့ရပါတယ်။