ရုရှားရဲ့ မျိုးဆက်သစ် ဟိုက်ပါဆောနစ် ဒုံးကျည် တပ်ဆင်ထားတဲ့ တိုက်လေယာဉ် တစ်စီးကို ခိုးယူဖို့ ယူကရိန်းနဲ့ ဗြိတိန်တို့ ပူးပေါင်း ကြံစည်ခဲ့ကြောင်း ရုရှား ထောက်လှမ်းရေးဌာန (FSB)က စွပ်စွဲ ပြောကြားခဲ့ပါတယ်။
FSBရဲ့ အဆိုအရ ယူကရိန်းနဲ့ ဗြိတိန်တို့ဟာ Kinzhal အမျိုးအစား ဟိုက်ပါဆောနစ် ဒုံးကျည် တပ်ဆင်ထားတဲ့ MiG-31 တိုက်လေယာဉ် တစ်စီးကို အပိုင်စီးပြီး ခိုးယူလာပေးဖို့ ရုရှား တိုက်လေယာဉ်မှူး တစ်ဦးကို ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မစ်ရှင် တစ်ခုလုံးရဲ့ ရည်ရွယ်ချက်က ရုရှားကို အကြီးအကျယ် ဒေါသထွက်အောင် ရန်စပြီး ပြဿနာတွေကို ပိုရှုပ်ထွေးသွားစေဖို့ ဖြစ်တယ်လို့ FSBက ဆိုပါတယ်။
Kinzhalဆိုတာဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် ဂုဏ်အယူဆုံး ဟိုက်ပါဆောနစ် စစ်လက်နက်တွေထဲက တစ်ခုပါ။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်အောင် ပျံသန်းနိုင်တဲ့ မြန်နှုန်းကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ရုရှားသတင်းဌာန Interfaxက FSB အရာရှိ တချို့ရဲ့ အဆိုကို ကိုးကားပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ သတင်းဖော်ပြခဲ့ရာမှာတော့ ယူကရိန်း ထောက်လှမ်းရေး အေးဂျင့်တွေဟာ တိုက်လေယာဉ်မှူးကို MiG-31 တိုက်လေယာဉ်နဲ့အတူ ဒုံးကျည်ကို ခိုးယူလာပေးမယ်ဆိုရင် ဒေါ်လာ ၃ သန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း၊ ဒါ့အပြင် လေယာဉ်မှူး ဆန္ဒရှိတဲ့ ဥရောပ နိုင်ငံ တစ်ခုခုမှာ နိုင်ငံသားဖြစ်ခွင့် ပြုမယ်လို့လည်း ကတိပြုခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

Public Service Announcement
ရည်ရွယ်ချက်ကတော့ လေယာဉ်ကို အပိုင်စီး ခိုးယူပြီးရင် NATO စစ်မဟာမိတ် အဖွဲ့ဝင် ရိုမေးနီးယား နိုင်ငံရဲ့ ကွန်စတန်တာမြို့နားက စစ်အခြေစိုက် စခန်းတစ်ခုဆီ ပျံသန်းလာရမှာဖြစ်ပြီး အဲဒီနေရာမှာ လေကြောင်းကာကွယ်ရေး လက်နက်တွေနဲ့ လေယာဉ်ကို ဖျက်ဆီး ပစ်ချလိုက်မှာပါ။ ဒါဟာ ရုရှားက NATOကို ထိပါးရန်စတယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းကို ဖန်တီးဖို့ အခင်းအကျင်းမျိုးလို့ FSBက ဆိုပါတယ်။
ရုရှား Telegram channelတွေက ယူကရိန်း အေးဂျင့်တစ်ဦးဟာ အလုပ်ဖြစ်မယ်လို့ ယူဆတဲ့ ရုရှား တိုက်လေယာဉ်မှူး တစ်ဦးကို ကနဦး ချဉ်းကပ်ခဲ့ပေမယ့် လေယာဉ်မှူးက ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီအခါ တွဲဖက် လေယာဉ်မှူးကို ဆက်လက် ချဉ်းကပ်ခဲ့ပြီး လေယာဉ် ပျံသန်းနေချိန်မှာ လေယာဉ်မှူးရဲ့ အောက်စီဂျင် ပိုက်ကနေ အဆိပ်ခတ်နိုင်မယ့် အစီအစဉ်တွေကိုပါ ကမ်းလှမ်းပြင်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လေယာဉ် အပိုင်စီးမှုကို မူလက နိုဝင်ဘာ ၄ ရက်နေ့မှာ အကောင်အထည်ဖော်ဖို့ ကြံစည်ပြီး တစ်နှစ်လောက် ကြိုတင် အချိန်ယူထားခဲ့တာလို့ FSBက စွပ်စွဲပါတယ်။ အဲဒီကိစ္စ နောက်ကွယ်မှာ ဗြိတိန်ကလည်း ထဲထဲဝင်ဝင် ပတ်သက်နေကြောင်း၊ ဒါပေမဲ့ ဒီကိစ္စ အထမမြောက်အောင် တားဆီးနိုင်ခဲ့ကြောင်း FSBက ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။
ရုရှားအစိုးရပိုင် RIA သတင်းဌာနကလည်း ယူကရိန်းနဲ့ ဗြိတိန် ထောက်လှမ်းရေး ဌာနတွေ ပူးပေါင်းပြီး ရုရှားကို အကြီးစား ရန်စမယ့် ကိစ္စတစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရုရှားရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အတည်ပြုဖို့တော့ ခက်ခဲပါတယ်။
ယူကရိန်းနဲ့ ဗြိတိန်ဖက်ကလည်း ဒီကိစ္စအပေါ် တုံ့ပြန်ဖြေရှင်းတာ မရှိသေးပါဘူး။ FSBက ဒီကိစ္စအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အခုသီတင်းပတ် အစောပိုင်းတုန်းက ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်မှာရှိတဲ့ အီလက်ထရောနစ် ထောက်လှမ်းရေး ယူနစ်တစ်ခုကို Kinzhal ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ FSBဟာ ဆိုဗီယက်ခေတ်မှာ အထူးနာမည်ကြီးခဲ့တဲ့ KGB ထောက်လှမ်းရေး ဌာနကို ဆက်ခံထားတဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။
ကိုးကား: Defence Industry


















































