ရေကြီးမှုတွေအပြီး ဩစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ မိကျောင်းအန္တရာယ် သတိထားကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။
ရေကြီးမှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ နေထိုင်သူ ထောင်နဲ့ချီပြီး အရေးပေါ် ခိုလှုံရေး စခန်းတွေဆီကို တာဝန်ရှိသူတွေက ရွှေ့ပြောင်း ပို့ဆောင်ပေးထားပါတယ်။ မြောက်ပိုင်း ဩစတြေးလျ ပြည်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းမှုတွေကို ကြုံခဲ့သလို ကက်သရင်းမြို့ဟာ ၁၉၉၈ နောက်ပိုင်း အဆိုးဆုံး ရေလွှမ်းမိုးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မတ်လ ၈ ရက်နေ့မှာတော့ ပြည်နယ်ရဲတပ်ဖွဲ့က ရေကြီးမှု ကြုံထားတဲ့ ဒေသတွေမှာ မိကျောင်းအန္တရာယ် သတိထားကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ရေစပ်နားသွားတာတွေ၊ ရေဆင်းကူးတာတွေ လုံးဝ မလုပ်ကြဖို့ အလေးအနက် သတိပေးလိုကြောင်း ရဲတပ်ဖွဲ့ရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန ယာယီ ဌာနမှူး ရှောင်ဂီးလ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရေထဲ လုံးဝမဆင်းသင့်တဲ့ အကြောင်းရင်း နှစ်ခုရှိကြောင်း၊ ပထမတစ်ခုက မြစ်တွေထဲမှာ လောလောဆယ် ရေစီးအရမ်း သန်နေတာဖြစ်ပြီး ဒုတိယ အချက်ကတော့ မိကျောင်းတွေ အနိုးကြားဆုံး လှုပ်ရှားနေတဲ့ အချိန်ကာလမျိုး ကြုံနေတာဖြစ်ကြောင်း သူက ဆိုပါတယ်။ နေရာတိုင်းလိုလိုမှာ မိကျောင်းတွေ ရှိနေတယ်လို့လည်း ဂီးလ်က ဆက်ပြောပါတယ်။

Public Service Announcement
ရဲတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေကိုပါ အသုံးပြုခဲ့ပါတယ်။ ရေကြီးမှုတွေအတွင်း ထိခိုက်သေကြေမှုတွေ ရှိခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဩစတြေးလျ ရဲတပ်ဖွဲ့ရဲ့ ကော်မရှင်နာ ထရာဗစ် ဝါ့စ်ကလည်း ကက်သရင်း မြို့ခံတွေ အနေနဲ့ ရူးမိုက်တဲ့ လုပ်ရပ်အဖြစ် ရေထဲ ခုန်မဆင်းကြဖို့ သတိပေးခဲ့ပါတယ်။ ရေထဲမှာ မိကျောင်းတွေနဲ့ လူ့အသက်ကို ဒုက္ခပေးနိုင်တဲ့ တခြားအခြေအနေတွေ အများကြီး ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။
ကက်သရင်း အပါအဝင် မြို့တချို့မှာ မတ်လ ၉ ရက်နေ့ထိ ကျောင်းတွေကို ပိတ်ထားရဆဲ ဖြစ်တယ်လို့ မြောက်ပိုင်း ဩစတြေးလျ ပြည်နယ် အစိုးရ ဝန်ကြီးချုပ် လီယာ ဖီနော့ချီရာရိုက ပြောပါတယ်။
ဩစတြေးလျ မြောက်ပိုင်းမှာ ရေချိုနဲ့ ရေငန်မိကျောင်း စုစုပေါင်း အကောင်ရေ ၁ သိန်းကျော် နေထိုင်ပါတယ်။ ဩစတြေးလျ မြောက်ပိုင်းဟာ နိုင်ငံရဲ့ လူဦးရေ သိပ်သည်းမှု အနည်းဆုံး နေထိုင်တဲ့ ဒေသဖြစ်ပြီး ပြင်းထန်ကြမ်းတမ်းတဲ့ ရာသီဥတု အခြေအနေတွေကိုလည်း မကြာခဏ ကြုံရလေ့ ရှိပါတယ်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုတွေကလည်း ဩစတြေးလျမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှု၊ ရေကြီးမှုနဲ့ တောမီးလောင်မှုလို သဘာဝ ဘေးအန္တရာယ် ကြုံနိုင်ခြေတွေ ပိုမို မြင့်တက်လာစေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Reuters



















































