ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဧပြီ ၂၉ ရက်နေ့တုန်းက အတ်ဒီလိတ်ဒ်မြို့မှာရှိတဲ့ ပါရာဖီးလ် လေဆိပ်ထဲက လေယာဉ်ရုံ တစ်ခုဆီကို လေယာဉ်ငယ်တစ်စီး ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ လေယာဉ်ရုံထဲမှာတင် အပြင်းအထန် မီးစွဲလောင်ပြီး ပြာကျ ပျက်စီးခဲ့ပါတယ်။
အဲဒီ ဖြစ်စဉ်မှာ လူ ၂ ဦး သေဆုံးပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ တောင်ပိုင်း ဩစတြေးလျ ပြည်နယ် ဝန်ကြီးချုပ် ပီတာ မာလင်နော့စ်ကက်စ်က လူမှုကွန်ရက် မီဒီယာမှာ ရေးသား ကြေညာခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ငယ်ဟာ လူ ၄ ဦးထိ စီးနင်းနိုင်တဲ့ အင်ဂျင်နှစ်လုံးတပ် Diamond DA42 အမျိုးအစား ဖြစ်ပါတယ်။ လေဆိပ်မှာ လေယာဉ်ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အပြီး အခင်းဖြစ်ရာ နေရာတဝိုက်မှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်ခဲ့တယ်လို့ မြို့ခံ ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနတွေက ကြေညာခဲ့ပါတယ်။

Public Service Announcement
လေယာဉ်ရုံမှာ လောင်ကျွမ်းခဲ့တဲ့ မီးကို နာရီပိုင်းလောက် အကြာမှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး လေဆိပ်ကတော့ ပိတ်ထားဆဲလို့လည်း သိရပါတယ်။
ပြည်နယ် ဝန်ကြီးချုပ် မာလင်နော့စ်ကက်စ်က ဖြစ်စဉ်အတွင်း ထိခိုက်နာကျင်ခဲ့ရသူတွေ၊ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပြောပါတယ်။ သူက အာဏာပိုင်တွေ အနေနဲ့ လိုအပ်တဲ့ အကူအညီတွေကို အပြည့်အဝ ထောက်ပံ့ပေးဖို့နဲ့ ဖြစ်စဉ်ကို တိတိကျကျ စုံစမ်းစစ်ဆေးပေးဖို့လည်း ညွှန်ကြားထားပါတယ်။
ပါရာဖီးလ် လေဆိပ်ဟာ လေယာဉ်ငယ်တွေ အဓိက အတက်အဆင်း ပြုလုပ်လေ့ရှိပြီး လေကြောင်းပျံသန်းမှု သင်တန်း တော်တော်များများလည်း ဖွင့်လှစ်ထားပါတယ်။ လေယာဉ် အကြီးစားတွေ အသုံးပြုမှု နည်းပေမယ့်လည်း လေယာဉ် အတက်အဆင်း အကြိမ်ရေ အရဆိုရင် ပါရာဖီးလ်ဟာ ဩစတြေးလျရဲ့ အလုပ်အများဆုံး လေဆိပ်တွေထဲက တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။
ဇန်နဝါရီလတုန်းကလည်း အဲဒီလေဆိပ်မှာပဲ အမောင်းသင် လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး မီးလောင်ခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။
ကိုးကား: BBC


















































