အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၃၀ မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ဟားမားစ်အဖွဲ့က လက်နက် ဖျက်သိမ်းဖို့ ညှိနှိုင်းမှုတွေကို ကတိပြု လက်ခံလိုက်ပြီလို့ လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ သူဦးဆောင်တဲ့ နိုင်ငံတကာ ညှိနှိုင်းရေး အင်အားစုဖြစ်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BOP)ဟာ ထူးကဲကောင်းမွန်တဲ့ အောင်မြင်မှု မှတ်တိုင်သစ်ကို စိုက်ထူလိုက်နိုင်ကြောင်း ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။
ဟားမားစ်တွေက အမှန်တကယ် လက်နက်စွန့်လိုက်မယ်ဆိုရင် ဂါဇာမှာ ပါလက်စတိုင်း အရပ်သား အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာအောင် လမ်းဖွင့်ပေးနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။
ဂါဇာကို အုပ်စိုးထားတဲ့ ဟားမားစ်အဖွဲ့ကို လက်နက် ဖျက်သိမ်းစေဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတချို့က လပေါင်းအတော်ကြာ ညှိနှိုင်း ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။ ဟားမားစ်တွေကလည်း ထရမ့်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အဆိုပြုချက်နဲ့အညီ လက်နက် စွန့်ဖို့ သဘောတူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ဟားမားစ်ရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိ တစ်ဦးကတော့ ရန်သူတော် အစ္စရေး နိုင်ငံဟာ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အစီအမံတွေကို လေးစားလိုက်နာကြောင်း အရင်ဆုံး ခိုင်ခိုင်မာမာ ပြသဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်နက် ဖျက်သိမ်းရေးကို ဟားမားစ်ဖက်က စတင် အကောင်အထည် မဖော်ခင် ကတည်းက အစ္စရေးဟာ ကြိုတင်ပေးထားတဲ့ ကတိတွေကို လိုက်ပါစောင့်ထိန်းကြောင်း ပြသရမယ်လို့ သူက ပြောပါတယ်။
ဇူလိုင် ၃၁ ရက်နေ့တုန်းက ဟားမားစ်ရဲ့ ထုတ်ပြန်ချက်မှာလည်း သဘောတူညီမှုရဲ့ ပထမဆုံး အဆင့်ဟာ ဟားမားစ်က လက်နက်ဖျက်သိမ်းဖို့ မဟုတ်ဘဲ အစ္စရေးရဲ့ သတ်ဖြတ်မှု၊ တိုက်ခိုက်မှုတွေ အရင်ဆုံး ရပ်တန့်ရမယ် ဆိုတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အစ္စရေးဖက်ကတော့ ဂါဇာမှာ ထိန်းချုပ်နယ်မြေ ပိုင်းခြားထားတဲ့ မျဉ်းဝါလိုင်း တစ်ဖက်ခြမ်းက တပ်တွေကို ရုပ်သိမ်းမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ဟားမားစ်တွေဆီက စစ်မှန်ခိုင်မာတဲ့ လက်နက်စွန့်လွှတ်မှု လုပ်ငန်းစဉ်မျိုးကို မမြင်ရမချင်း ဘယ်အစ္စရေးတပ်ဖွဲ့မှ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ အစ္စရေး စစ်တပ် အရာရှိ တစ်ဦးက ပြောပါတယ်။
လက်ရှိ အမေရိကန်က ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ သဘောတူညီမှုနဲ့ ပတ်သက်လို့ အစ္စရေးရဲ့ လက်ယာစွန်း နိုင်ငံရေးသမားတွေကြားမှာ မကျေနပ်တာတွေလည်း ရှိနေပါတယ်။ ဂျူးစွမ်းအား ပါတီခေါင်းဆောင် လက်ယာစွန်း အမျိုးသားရေးဝါဒီဖြစ်သူ ရဲဝန်ကြီး အစ်တမာဘန်ဂျီဗာက သဘောတူညီမှု မူကြမ်းဟာ လက်ခံနိုင်စရာ မရှိသလို ဟားမားစ် ခေါင်းဆောင်ပိုင်းတွေကို ပစ်မှတ်ထား လုပ်ကြံတဲ့ အစ္စရေးရဲ့ မူဝါဒကို ဆက်လက် အကောင်အထည် ဖော်နေသင့်ကြောင်း Telegramမှာ ရေးသားထားခဲ့ပါတယ်။
ထရမ့်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး နာရီပိုင်း အကြာမှာတင် ဂါဇာမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ပါလက်စတိုင်း တစ်ဦးသေပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း ဒေသခံ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: Reuters

















































