ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။
ဂါဇာစစ်ပွဲနောက်ပိုင်း ပထမဆုံး ရွေးကောက်ပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၇.၇ ရာခိုင်နှုန်းထိ မဲရုံတွေကို ရောက်လာခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် နှစ်ခုလောက်အတွင်း မဲပေးသူ အချိုးအစား အမြင့်ဆုံး အစ္စရေး ရွေးကောက်ပွဲအဖြစ် မှတ်တမ်းဝင်လာစေပြီး ၂၀၂၂ ရွေးကောက်ပွဲထက် ၇ ရာခိုင်နှုန်း ပိုများတဲ့ အချိုးအစား ဖြစ်လာပါတယ်။
အစ္စရေး ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် လူထုဟာ ပါတီတွေကိုပဲ မဲပေးရတာဖြစ်ပြီး ရွေးကောက်ခံ ပါတီတွေက ညွန့်ပေါင်းအစိုးရကိုဖွဲ့ပြီး ဝန်ကြီးချုပ်သစ်ကို တင်မြှောက်ရတာပါ။ အစ္စရေး လွှတ်တော်မှာ အမတ်နေရာ ၁၂၀ ရှိပြီး အစိုးရ ဖွဲ့ဖို့အတွက် အနည်းဆုံး အမတ်နေရာ ၆၁ ခုစာ စုစည်းဖို့ လိုအပ်ပါတယ်။
ကနဦး မဲရလဒ်တွေအရ နေတန်ယာဟုရဲ့ လီကွတ်ပါတီ ဦးဆောင်တဲ့ လက်ယာယိမ်း မဟာမိတ် အင်အားစုဟာ အမတ်နေရာ ၅၀ စာလောက် အနိုင်ရမယ်လို့ ယုံကြည်ရပါတယ်။ သူ့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဂိုင်ဒီ အိုင်ဆန်ကော့ ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုကလည်း အဲဒီ အရေအတွက် မတိမ်းမယိမ်းလောက် အမတ်နေရာတွေကို ရလာဖွယ် ရှိနေပါတယ်။

Public Service Announcement
ဒါကြောင့် အဲဒီ အဓိက အင်အားစု နှစ်ခုဟာ တခြားပါတီငယ်တွေကို စုစည်းပြီး အမတ်နေရာ ၆၁ ခုစာအထက် ရရှိအောင်၊ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်အောင် ဆက်ပြီး ကြိုးစားရမှာပါ။ အစဉ်အလာ အရလည်း အစ္စရေးမှာ ပါတီတစ်ခုတည်းက အမတ်နေရာ ၆၁ ခုစလုံး ရရှိတာမျိုး မကြုံဖူးဘဲ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့ရပါတယ်။
အိုင်ဆန်ကော့ကတော့ ရွေးကောက်ပွဲ မဲရလဒ်ကို ကြည့်ရင် လူထုဟာ နေတန်ညာဟုရဲ့ ဝန်ကြီးချုပ်အဖြစ် ဦးဆောင်မှုကို မလိုလားဘူးဆိုတာ ပြသနေကြောင်း၊ ထိုက်တန်တဲ့ ခေါင်းဆောင် တစ်ဦးဟာ လူထုဆန္ဒကို လေးစားမှု ပြသပြီး နိုင်ငံရေးကနေ ချက်ချင်း အနားယူသင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အခုနှစ် ရွေးကောက်ပွဲမှာ အာရပ်ပါတီတွေက ရလဒ်ကောင်းမယ်လို့ ယုံကြည်ရပြီး အမတ်နေရာ ၁၅ ခုနဲ့ ၂၀ ကြားလောက်ထိ ရရှိလာနိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီပါတီတွေနဲ့ ပူးပေါင်းဖို့ အစီအစဉ်ရှိကြောင်း နေတန်ညာဟုရော၊ အိုင်ဆန်ကော့ကပါ ကြေညာမထားပါဘူး။
ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေက အမတ်နေရာ ဘယ်လောက်ထိ အနိုင်ရခဲ့သလဲ ဆိုတာကို အတိအကျ အတည်ပြုဖို့က ရက်ပိုင်းလောက် အချိန်ယူရဖွယ် ရှိနေပါတယ်။ တကယ်လို့ တိကျတဲ့ အဖြေထွက်မလာရင် ဝန်ကြီးချုပ်သစ် တင်မြှောက်ရေးဟာ လနဲ့ချီ ကြာမြင့်သွားနိုင်ပြီး ရွေးကောက်ပွဲသစ် ထပ်လုပ်ရတာမျိုး အခြေအနေထိ ကြုံနိုင်ပါတယ်။ ဒီအတောအတွင်းမှာတော့ နေတန်ညာဟုက ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်ပြီး တာဝန်ယူထားမှာပါ။
နိုင်ငံရေး လေ့လာမှုဌာန အစ္စရေး ဒီမိုကရေစီ အင်စတီကျုရဲ့ ဥက္ကဋ္ဌ ယိုဟာနန် ပလက်စ်နာက ရွေးကောက်ပွဲ ကနဦး ရလဒ်တွေဟာ နေတန်ညာဟု ဦးဆောင်တဲ့ လက်ယာယိမ်း မဟာမိတ်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုအဖြစ် ယူဆနိုင်ကြောင်း ပြောပေမယ့် အိုင်ဆန်ကော့ကလည်း ထင်ရှားတဲ့ အသာစီးရမှုမျိုး မဖန်တီးနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ယဲလာပစ်ဒ်ကတော့ နေတန်ညာဟုရဲ့ အစုအဖွဲ့ဟာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ အချက်အလက်ကို ငြင်းပယ်လို့ မရကြောင်း၊ လူထုက သူတို့ကို သေသေချာချာကြီး အထုပ်ဆွဲပြီး အိမ်ပြန်ခိုင်းလိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အိုင်ဆန်ကော့ဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမှ အစ္စရေး နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်ခဲ့သူဖြစ်ပြီး ဂါဇာစစ်ပွဲမှာ သူ့ရဲ့ စစ်မှုထမ်း သားတစ်ယောက်နဲ့ တူနှစ်ယောက်ကို ဆုံးရှုံးခဲ့ပါတယ်။ သူက နေတန်ညာဟု ဆင်နွှဲတဲ့ ဂါဇာစစ်ပွဲဟာ ရှုံးနိမ့်မှု တစ်ခုလို့ ဝေဖန်ခဲ့ပြီး ဟားမားစ်တွေကို ဖြုတ်မချနိုင်ခဲ့တာက ခါးသီးတဲ့ ရလဒ်ဖြစ်ကြောင်း ထောက်ပြထားပါတယ်။
ကိုးကား: Reuters




















































