ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် အိန္ဒိယနိုင်ငံ အရှေ့ဖက် ကမ်းခြေမှာ လူပေါင်း သောင်းနဲ့ချီ အရေးပေါ် ရွှေ့ပြောင်းနေကြောင်း သိရပါတယ်။
အင်အားပြင်းထန်တဲ့ အာနက်ဘ် ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်း ဝင်ရောက်မလာခင် အခုလို အရေးပေါ် ကြိုတင် ရွှေ့ပြောင်းမှုတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၂၇ ရက်နေ့မှာ ပြောပါတယ်။
မုန်တိုင်းဟာ ဘင်္ဂလား ပင်လယ်အော်ထဲမှာ အားကောင်းကောင်း တိုက်ခတ်ရင်း အိန္ဒိယ ကမ်းရိုးတန်းဖက် ဆက်လက် ရွေ့လျားနေပါတယ်။ အာနက်ဘ် ဆိုင်ကလုန်းဟာ အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းမှာ အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ်ထဲ ဝင်ရောက် တိုက်ခတ်မယ်လို့ ယုံကြည်ရပါတယ်။
မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ ရေကြီးမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေဟာ အန်ဒ်ဟရာ ပရာဒက်ရှ်မှာသာ မကဘဲ အနီးမှာရှိတဲ့ ဩရိသ ပြည်နယ်ကိုပါ သက်ရောက်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Public Service Announcement
စုစုပေါင်း လူ ၄ သိန်းလောက်ထိ ရွှေ့ပြောင်းဖို့ လိုအပ်နိုင်ကြောင်း အန်ဒ်ဟာရာ ပရာဒက်ရှ် ပြည်နယ်ရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်ဌာန အကြီးအကဲ ပရက်ခါဂျိန်းက ပြောပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၆ ရက် ညပိုင်းထိ အခြေအနေမှာတော့ လူပေါင်း ၅ သောင်း ဝန်းကျင်ကိုပဲ အရေးပေါ် ခိုလှုံရေး စခန်းတွေဆီ ပို့ဆောင်ပေးရသေးကြောင်း သူက ဝန်ခံခဲ့ပါတယ်။
အန္တရာယ် များနိုင်တဲ့ ဧရိယာတွေမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းပေးတဲ့ အစီအစဉ်တွေကို အောက်တိုဘာ ၂၇ ရက်နေ့မှာလည်း ဆက်လက် လုပ်ဆောင်နေမှာဖြစ်ပြီး အိမ်နီးချင်း နီပေါ နိုင်ငံမှာလည်း အာဏာပိုင်တွေက ကမ္ဘာလှည့် ခရီးသည်တွေ အနေနဲ့ ကုန်းမြင့်ပိုင်းတွေဆီ မသွားကြဖို့ နှိုးဆော်ထားပါတယ်။
နီပေါမှာ ဩဂုတ်လတုန်းက ရုတ်တရက် ဖြစ်ပွားတဲ့ တောင်ပေါ်ရေကြီးမှု တစ်ခုကြောင့် လူပေါင်း ၁၅၀၀ လောက် သေကြေပျောက်ဆုံးခဲ့တာကြောင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တုံ့ပြန်ရေး အစီအမံတွေအပေါ် ပိုပြီး အာရုံစိုက်ထားပါတယ်။
ရွှေ့ပြောင်းမှုတွေကို အန်ဒ်ဟရာ ပရာဒက်ရှ် ပြည်နယ်မှာပဲ လုပ်ဆောင်နေပြီး ဩရိသ ပြည်နယ်ထဲမှာတော့ ရွှေ့ပြောင်းဖို့ အမိန့်ပေးထားတာမျိုး မရှိသေးပါဘူး။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ရထားပို့ဆောင်ရေး ကွန်ရက်တချို့ကိုလည်း ဆိုင်းငံ့ထားစေပါတယ်။
ဘင်္ဂလား ပင်လယ်အော်ဟာ ကမ္ဘာပေါ်မှာ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ အတိုက်ခတ်ဆုံး ဇုန်နယ်မြေ တစ်ခုဖြစ်ပြီး အထးသဖြင့် အိန္ဒိယ အရှေ့ပိုင်း ကမ်းရိုးတန်းတွေဟာ အဲဒီမုန်တိုင်းတွေရဲ့ဒဏ်ကို နှစ်စဉ် ကြုံတွေ့ခံစားရလေ့ ရှိပါတယ်။
ကိုးကား: Reuters




















































