ဘရာဇီး ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားက ထပ်မံ အနိုင်ရရှိသွားခဲ့ပါတယ်။ ဝါရင့် နိုင်ငံရေးသမားကြီးဟာ ဘရာဇီး ရွေးကောက်ပွဲတွေမှာ ၄ ကြိမ်မြောက် အနိုင်ရမှု ဖြစ်လာပါတယ်။
သူဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်ထိ သမ္မတအဖြစ် တာဝန်ယူဖူးသလို လက်ရှိ သက်တမ်းကိုလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ စတင် ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ရွေးကောက်ပွဲမှာတော့ လူလာနဲ့ မဟာမိတ် လက်ဝဲယိမ်း အင်အားစုတွေ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းက ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက လူလာ အနိုင်ရခဲ့တဲ့ ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုရဲ့ သားဖြစ်သူ ဖလာဗီယို ဘော်လ်ဆိုနာရိုက အခုနှစ်မှာတော့ လူလာရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာပါတယ်။ ဖခင်လိုပဲ ဘော်လ်ဆိုနာရို (အငယ်)ကလည်း လက်ယာစွန်း နိုင်ငံရေးဝါဒီတစ်ဦးပါ။
အောက်တိုဘာ ၄ ရက်နေ့၊ တခြား သမ္မတလောင်းတွေနဲ့ပါ ယှဉ်ပြိုင်ရတဲ့ ပထမအဆင့် ရွေးကောက်ပွဲတုန်းက ဘော်လ်ဆိုနာရိုဟာ လူလာအပေါ် မဲရလဒ် အသာစီး ရခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ရွေးကောက်ခံ ကိုယ်စားလှယ်မှ သတ်မှတ် မဲအရေအတွက် အချိုးအစားမျိုး မရရှိတာကြောင့် မဲအများဆုံး ရထားတဲ့ ဘော်လ်ဆိုနာရိုနဲ့ လူလာတို့ နှစ်ဦးတည်း ဒုတိယအဆင့်အဖြစ် ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Public Service Announcement
သီတင်းသုံးပတ်လောက်အတွင်း လူလာ အနေနဲ့ ဘော်လ်ဆိုနာရိုရဲ့ အသာစီး ရထားမှုကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ လေ့လာသူ အများစုက ထင်ကြေးပေးခဲ့ပေမယ့် အောက်တိုဘာ ၂၅ ရက်နေ့ မဲပေးမှုတွေရဲ့ နောက်ဆုံးရလဒ်မှာတော့ လူလာရဲ့ အလုပ်သမားပါတီက ၅၁.၇၉ ရာခိုင်နှုန်းနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။ အဓိက အတိုက်အခံ ဖြစ်လာမယ့် ဘော်လ်ဆိုနာရိုရဲ့ လစ်ဘရယ် ပါတီကတော့ ၄၈.၂၁ ရာခိုင်နှုန်းထိ မဲအများအပြား ရခဲ့ပြီးမှ အရေးနိမ့်သွားခဲ့တာပါ။
ဒါပေမဲ့ အတိုက်အခံ အားကောင်းမှုကြောင့် လူလာဟာ လာမယ့် သမ္မတ သက်တမ်းမှာ ခါးသီးပြင်းထန်တဲ့ လွှတ်တော်တွင်း စိန်ခေါ်မှုတွေကိုတော့ ကိုင်တွယ်သွားရဖွယ် ရှိနေပါတယ်။ ဘရာဇီးမှာတော့ ပထမအကျော့ ရွေးကောက်ပွဲမှာ ရလဒ်မပြတ်သားလို့ ဒုတိယအကျော့ ယှဉ်ပြိုင်ရင်း ပထမအကျော့မှာ အသာစီး ရထားသူ ရှုံးနိမ့်သွားတာက ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘရာဇီး ရွေးကောက်ပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဘော်လ်ဆိုနာရိုဖက်က တိုက်ရိုက် အားပေးခဲ့ပါတယ်။ လက်တင် အမေရိက ဒေသဟာ အမေရိကန် ဩဇာလွှမ်းမိုးမှု အောက်မှာ ရှိသင့်တယ်လို့ ယူဆထားတာကြောင့် ထရမ့်က ဒေသတွင်း နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ လက်ယာယိမ်း သမ္မတလောင်းတွေကို ထောက်ခံခဲ့ပါတယ်။ ကိုလံဘီယာနဲ့ ဟွန်းဒူးရပ်စ်တို့မှာတော့ ထရမ့်က ထောက်ခံပေးထားတဲ့ သမ္မတလောင်း အသီးသီး ရွေးကောက်ပွဲ အနိုင်ရခဲ့ကြပါတယ်။
သူ့ရဲ့ ရွေးကောက်ပွဲ အောင်ပွဲ မိန့်ခွန်းမှာတော့ လူလာက ထရမ့်ရဲ့ ဩဇာလွှမ်းမိုးလိုမှုကို ဖီဆန်ကြောင်း တိုက်ရိုက် ပြသမှုအဖြစ် ဘရာဇီးဟာ ဘယ်နိုင်ငံရဲ့ နောက်ဖေးခြံဝင်းမှ ဖြစ်လာလို့ မရကြောင်း ပြောကြားသွားပါတယ်။ ဒါဟာ ထရမ့်ရဲ့ မူဝါဒဟာ လက်တင်အမေရိကကို အမေရိကန်ရဲ့ နောက်ဖေးခြံဝင်း ဖြစ်လာစေဖို့ဖြစ်ကြောင်း ဝေဖန် သုံးသပ်မှုတွေကို တိုက်ရိုက် ရည်ညွှန်းခဲ့တာပါ။
မဲဆန္ဒရှင် ပြည်သူအများစုက သူ့ကို ရွေးချယ်ခဲ့ကြရာမှာ ဘရာဇီးရဲ့ အချုပ်အခြာအာဏာ ခိုင်မာရေးကို ဦးစားပေး ဆုံးဖြတ်ခဲ့ကြတာလို့ ယုံကြည်ကြောင်းလည်း လူလာက ဆိုပါတယ်။ သူက ရွေးကောက်ပွဲမှာ သူ့ကို ထောက်ခံခဲ့သူတွေ၊ ကူညီအားပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်ဟာ အနုတ်သဘောဆောင်မှုနဲ့ မုသားတွေအတွက် ရှုံးနိမ့်မှု ဖြစ်သွားစေခဲ့ကြောင်း ကြွေးကြော်သွားပါတယ်။
ဆာအိုပေါ်လိုမြို့မှာ လူလာက အောင်ပွဲ မိန့်ခွန်းပြောတဲ့အချိန် အလုပ်သမား ပါတီကို ထောက်ခံသူတွေက အကြီးအကျယ် အောင်ပွဲခံနေကြပြီး လစ်ဘရယ်ပါတီနဲ့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေကတော့ စိတ်ထိခိုက်ပြီး ငိုကြွေးနေကြတာ တွေ့ခဲ့ရပါတယ်။
လူလာဟာ သူ့ရဲ့ နောက်ထပ် ဘရာဇီး သမ္မတသက်တမ်း ၄ နှစ်ပြည့်အောင် ထမ်းဆောင်ပြီးချိန်ကျရင် အသက် ၈၅ နှစ်ထိ ရှိနေတော့မှာလည်း ဖြစ်ပါတယ်။
ကိုးကား: BBC




















































