ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပိတ်ထားရတဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတကာ လေဆိပ်မှာ ခရီးစဉ် ပြေးဆွဲမှုတွေ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။
အီရန်က ပံ့ပိုးထားတဲ့ ဟိုသီတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရီယတ်ဒ်မြို့တော်က ခါလစ်ဒ်ဘုရင် နိုင်ငံတကာ လေဆိပ်ကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေအတွင်း လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့နောက် လေဆိပ်ကို ယာယီ ပိတ်ထားခဲ့ရပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ လေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးစဉ် တချို့ကို ပြန်လည်စတင် ပြေးဆွဲနေခဲ့တာ ဖြစ်ပါတယ်။ လေဆိပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ပြင်သစ်နဲ့ အီဂျစ်နိုင်ငံတွေက လေယာဉ်တွေ ဆင်းသက်ခဲ့ကြတာကို တွေ့ရပါတယ်။
ဆော်ဒီ အစိုးရဟာ နိုင်ငံကို ဒေသတွင်း ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှု ပင်မ ဗဟိုချက်တစ်ခုဖြစ်အောင် တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ လေဆိပ် ပိတ်ထားခဲ့ရတာက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Public Service Announcement
ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီက ယီမင်အစိုးရဖက်ကနေ ပါဝင်ကူညီပြီး ဟိုသီတွေကို တိုက်ခိုက်ခဲ့ရာက စစ်မီးဟာ ဆော်ဒီပိုင်နက်ဖက်ကိုပါ ကူးစက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကမ္ဘာကျော် သဲကန္တာရ လမ်းကြမ်းမောင်း ကားပြိုင်ပွဲဖြစ်တဲ့ ဒါကာရယ်လီကို ဆော်ဒီအစား တခြားနိုင်ငံတစ်ခုမှာ ပြောင်းရွှေ့ ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ကြေညာခဲ့ပါတယ်။ ၂၀၂၀ ကစပြီး နှစ်စဉ် အဲဒီပြိုင်ပွဲကို ဆော်ဒီကပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပေမယ့် ၂၀၂၇ အတွက်ကိုတော့ မော်ရိုကို၊ ဒါမှမဟုတ် တခြားအာဖရိက နိုင်ငံတစ်ခုခုမှာ ပြောင်းရွှေ့ ကျင်းပသွားဖွယ် ရှိနေပါတယ်။
အခုအခါ ဆော်ဒီက ရီယတ်ဒ်မှာရှိတဲ့ နိုင်ငံတကာ လေဆိပ်ကြီးကို အကန့်အသတ်နဲ့ ပြန်ဖွင့်ထားပေမယ့် ဟိုသီတွေကတော့ အဲဒီနေရာဟာ စစ်ရေးပစ်မှတ် တစ်ခုအဖြစ် ဆက်ရှိနေပြီး အန္တရာယ် ကင်းနိုင်မှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ ဟိုသီ ပြောရေးဆိုခွင့်ရ အရာရှိ ယာဟ်ယာ ဆာရီက ဆော်ဒီ အစိုးရ အနေနဲ့ လေဆိပ်ကို ပြန်ဖွင့်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို မဖြစ်မနေ တာဝန်ယူရလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
ဆော်ဒီဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယီမင်မှာရှိတဲ့ စစ်ရေးပစ်မှတ် အများအပြားကို ဗုံးကြဲခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့မှာ ဆာရီက လူမှုကွန်ရက်ပေါ် ရေးသားထားပါတယ်။ တစ်ဖက်မှာလည်း ဆော်ဒီရဲ့ မဟာမိတ် နိုင်ငံတွေဟာ ဆော်ဒီက ရေနံတွင်းတွေနဲ့ တခြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ကူညီကာကွယ်ပေးဖို့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ပါဝင် ဖြန့်ကျက်ပေးနေပါတယ်။
လောလောလတ်လတ် အနေနဲ့ ဂရိဟာ အမေရိကန်လုပ် Patriot လေကြောင်း ကာကွယ်ရေး စနစ်တစ်ခုကို ပင်လယ်နီ ကမ်းခြေမှာရှိတဲ့ ရေနံတင်ပို့ရောင်းချရာ အဓိက ဆိပ်ကမ်းမြို့ ယန်ဘူကို ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။
ကိုးကား: AFP





















































