အောက်တိုဘာ-၂၇၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
ဘုံတိုကျေးရွာ ဆီမီးသပိတ်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ ကျဆုံးခဲ့ကြသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်းမှာ ၁ မိနစ်တာ ဝမ်းနည်းအောက်မေ့ခြင်း အချိန်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သီတင်းကျွတ်လပြည့်ညတုန်းက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာမှာ ပြည်သူတွေဟာ ငြိမ်းချမ်းစွာနဲ့ ဆီမီးသပိတ် ပြုလုပ်နေကြစဉ်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း၊ အဲဒီဖြစ်စဉ်ကြောင့် နွေဦးတော်လှန်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ တက်ကြွလှုပ်ရှားသူ ရဲဘော်တွေ၊ အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဖော်ပြပါတယ်။
အဲဒီတုန်းက ထွန်းညှိခဲ့တဲ့ ဆီမီးတွေဟာ ပွဲတော်အတွက် ထွန်းထားတဲ့ မီးရောင်တစ်ခုတည်း မဟုတ်ဘဲ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို လိုလားတဲ့ စိတ်ဆန္ဒတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြည်သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုနေခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက အသိပေးပါတယ်။

Public Service Announcement
ယခု ၂၀၂၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ကို ပြန်လည်ရောက်ရှိလာချိန်မှာတော့ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေကို သတိရအောက်မေ့တဲ့အနေနဲ့ ဆီမီးသပိတ်တွေကို ပြန်လည်ကျင်းပနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဘုံတိုကျေးရွာ ဆီမီးသပိတ်မှာ ကျဆုံးသွားခဲ့ကြတဲ့ လူထုလှုပ်ရှားမှု ဦးဆောင်သူတွေနဲ့ ပြည်သူတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ည ၇ နာရီ ၁၃ မိနစ်ကနေ ၇ နာရီ ၁၄ မိနစ်အထိ (၁ မိနစ်တာ) ကို ဝမ်းနည်းအောက်မေ့ခြင်းအချိန်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထပ်မံအသိပေးပါတယ်။
မနှစ်က သီတင်းကျွတ်လပြည့်ညက ဘုံတိုရွာ ဆီမီးထွန်းပွဲကို အာဏာသိမ်းစစ်တပ်က ပါရာမိုတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၃၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈၀ ကျော်ခဲ့ပါတယ်တယ်။ နောက်ရက်တွေမှာလည်း ဒဏ်ရာရသူတွေထဲက သေဆုံးသူတွေ ထပ်တိုးခဲ့ပါသေးတယ်။




















































