ဖုန်းဖန်သားပြင် (screen)မှာ ပြဿနာ ရှိနေတဲ့ iPhone Duo ဖုန်းတွေကို အစားထိုး လဲလှယ်ပေးမယ်လို့ Apple ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
Apple အားပေးသူ အများစု အထင်တကြီး စောင့်မျှော်နေတဲ့ ဖုန်းအသစ်ကို စျေးကွက်ထဲ စတင်ဖြန့်ဝေပြီး ရက်အနည်းငယ် အတွင်းမှာတင် screenနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ကြုံလာတာ ဖြစ်ပါတယ်။ Duoဟာ Appleရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်ပြီး ချိုးခေါက်နိုင်တဲ့ screenကို အသုံးပြုထားပါတယ်။
Duo ကိုင်ဆောင်သူ တချို့က ဖုန်းscreenပေါ်မှာ လိုင်းတွေ ထင်လာတာ၊ ပပ်ကြားအက်သွားတာ၊ ဒါမှမဟုတ် အချိုးအခေါက်လုပ်တိုင်း ထူးထူးဆန်းဆန်း အသံတွေ မြည်တာတွေ ကြုံရကြောင်း လူမှုကွန်ရက်ပေါ် မျှဝေခဲ့ကြပါတယ်။
Duoရဲ့ အတွင်းပိုင်း screenမှာ ပြဿနာ ကြုံနေသူ အနည်းအကျဉ်း ရှိတာကို Appleက ဝန်ခံခဲ့ပြီး အသစ်လဲလှယ်ပေးနိုင်ဖို့အတွက် ကုမ္ပဏီဖက်ကို ဆက်သွယ်ကြစေလိုကြောင်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
ဂျက်စတင် လိုကော့စ်ဆိုတဲ့ Duo အသုံးပြုသူ တစ်ဦးဟာ အစောပိုင်းတုန်းက ဖုန်းscreenပေါ် လိုင်းတွေ ထင်နေတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ရာက နောက်တော့ အဲဒီ screen ပျက်နေတဲ့ ဖုန်းနဲ့ အသစ်လဲလှယ် ယူလာတဲ့ ဖုန်းတို့ကို ယှဉ်ပြထားတဲ့ ဓာတ်ပုံကို ထပ်တင်ခဲ့ပါတယ်။ သူက ဖုန်းအသစ် လဲနိုင်အောင် ကူညီပေးတဲ့ နယူးယောက်မြို့၊ Apple အရောင်းဆိုင်ကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားပါတယ်။
Duoရဲ့ screenတွေမှာ ပြဿနာဖြစ်နေတဲ့ ကိစ္စဟာ ဘယ်လောက်ထိ ကျယ်ပြန့်နေသလဲ မသိရသေးပါဘူး။ ဖုန်းဘယ်နှလုံးမှာ ချွတ်ယွင်းချက်တွေ ရှိနေသလဲ ဆိုတာကိုလည်း Appleက မထုတ်ပြန်ပါဘူး။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ တချို့ Duoဖုန်း screen ပြဿနာတွေဟာ တကယ့်အစစ် မဟုတ်ဘဲ ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။
Duoမှာ ဖုန်းscreen နှစ်ခုပါပြီး ဖုန်းအတွင်းဖက်မှာတော့ ၇.၆ လက်မ ကျယ်ဝန်းတဲ့ display တပ်ဆင်ထားပြီး အလယ်မှာ ပတ္တာစနစ်နဲ့ ချိုးခေါက်နိုင်ပါတယ်။ Duo ဖုန်းတွေကို အချက်အလက် သိုလှောင်နိုင်စွမ်း ကွာဟချက်အပေါ် မူတည်ပြီး ၁၉၉၉ ဒေါ်လာကနေ ၃၁၉၉ ဒေါ်လာကြား စျေးသတ်မှတ် ရောင်းချနေပါတယ်။
Appleရဲ့ ပြိုင်ဘက် Samsung ကုမ္ပဏီဟာ ပထမဆုံး ခေါက်ဖုန်းဖြစ်တဲ့ Galaxy Foldကို ၂၀၁၉ ခုနှစ်မှာ စတင် ရောင်းချခဲ့ပြီး screen ကျိုးမှုတွေကြောင့် အစောပိုင်းမှာ အတော်လေး နာမည်ပျက်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ Samsungဟာ အဲဒီ ပြဿနာကို ပြန်ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။
Duoဟာ ဆယ်စုနှစ်ပေါင်း ၂ ခုစာလောက် ကာလအတွင်း Appleရဲ့ အကြီးမားဆုံး ဖုန်းဒီဇိုင်း ပြောင်းလဲမှုကို ယူဆောင်လာပေးခဲ့ပါတယ်။ Apple အမှုဆောင်ချုပ်အသစ် ဂျွန်တာနက်စ် စက်တင်ဘာလမှ Duoကို ကိုယ်တိုင် မိတ်ဆက်ပေးခဲ့ပြီး ဖုန်းကို ခေါက်သိမ်းထားရင် ပုံမှန်ထက် နည်းနည်းပိုကျယ်တဲ့ iPhone တစ်လုံးလို ဖြစ်နေပြီး ဖြန့်ထားရင်တော့ အသေးစား tabletလေးအသွင် ပြောင်းလဲသွားပါတယ်။
စျေးကွက်ထဲမှာ ရှိနေတဲ့ တခြားခေါက်ဖုန်းတွေဟာ ဖုန်းနှစ်လုံးကို မရရအောင် အတင်းပူးပြီး တွယ်ဆက်ထားသလို ဖြစ်နေကြောင်း၊ Duoကတော့ ခေါက်ဖုန်းတစ်လုံး အသုံးပြုရတဲ့ အတွေ့အကြုံကို လုံးဝ ဆန်းသစ် ပြောင်းလဲသွားစေမှာဖြစ်ကြောင်း တာနက်စ်က ဖုန်းအသစ် မိတ်ဆက်ပွဲမှာ ညွှန်းဆိုသွားခဲ့ပါတယ်။
ကိုးကား: BBC




















































