ဝဇီရာ/People’s Spring
ဒီနေ့ မြန်မာ့ဒီမိုကရေစီအတွက် အရေးပါတဲ့ ၈ လေးလုံး နှစ်ပတ်လည်နေ့ပါ။ ဒီနေ့မှာ ဒီဇာတ်ကား A Taxi Driver ကို သတိရနေမိတယ်။
၁၉၈၀ ပြည့်နှစ် မေလ၊ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင် ချွန်ဒူဟွမ်ရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေ အထွတ်အထိပ်ကို ရောက်ရှိနေချိန် ဂွမ်ဂျူးမြို့မှာ စစ်တပ်က မြို့ကိုပိတ်ဆို့ပြီး ဆန္ဒပြကျောင်းသူပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတယ်။
ဂွမ်ဂျူးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို စစ်အစိုးရက ပြင်ပကမ္ဘာကို မသိစေဖို့ သတင်းအမှောင်ချထားပြီး မြို့ကိုပါ အဝင်အထွက် ပိတ်ဆို့ကန့်သတ်ထားလိုက်တယ်။

Public Service Announcement
တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ ဂျာမန်သတင်းထောက် ပီတာဟာ ဂွမ်ဂျူးမှာ တစ်ခုခုဖြစ်နေတာကို ကြားပြီး သတင်းသွားယူဖို့ တောင်ကိုရီးယားကို ရောက်လာခဲ့တယ်။ အဲဒီမှာပဲ ဇာတ်လိုက်ကျော် တက္ကစီ ဒရိုင်ဘာကြီးနဲ့ ဆုံတော့တာပါပဲ။
တက္ကစီဒရိုင်ဘာကြီး ကင်မန်ဆော့က နိုင်ငံရေးကို စိတ်ဝင်စားသူမဟုတ်။ ဆန္ဒပြသူတွေကြောင့် လမ်းပိတ်လို့တောင် ဆန္ဒပြကျောင်းသားတွေကို အပြစ်တင်တဲ့သူ။ သူ့ကား နောက်ကြည့်မှန် ဆန္ဒပြကျောင်းသားတစ်ယောက်တိုက်မိပြီး ပြုတ်သွားတော့ ပိုဒေါသထွက်တာပေါ့။
ကင်မန်ဆော့ဟာ အိမ်လခအကြွေးတွေလည်းတင်နေတာကြောင့် တခြားသူလိုက်ရမယ့် ဝမ်တစ်သိန်းတောင်ရမယ့် ဂွမ်ဂျူးခရီးစဥ်ကို သူဖြတ်ခုတ်ပြီး ခရီးသည်ကို လုယူလိုက်တယ်။ အဲဒီခရီးသည်ုတော့ ဂျာမန်သတင်းထောက် ပီတာပါ။
အစကတော့ ပီတာ့ကို သတင်းထောက်မှန်း ကင်မန်ဆော့မသိဘူး။ စီးပွားရေးသမားပဲထင်တာ။ မြို့အဝင်မှာ စစ်တပ်ဂိတ်က တားတော့ အခက်တွေ့ရော။ ဂွမ်ဂျူးကိုပို့နိူင်မှ သူ ကားခ ဝမ်တစ်သိန်းရမယ်လို့ ပီတာက ပြောတယ်။ ကင်မန်ဆော့လည်း ဉာဏ်နိဉာဏ်နက်သုံးပြီး ဂွမ်ဂျူးထဲ ပို့ပေးတယ်။ ပီတာက ကားခ ဝမ်ငါးသောင်းပဲပေးသေးတယ်။
ဆိုးလ်ပြန်ပို့မှ ကျန်ငါးသောင်းရမယ်တဲ့။ ကင်မန်ဆော့ ပီတာသွားလိုရာ လိုက်ပို့ရတော့တာပေါ့။ဂွမ်ဂျူးမှာ ပီတာ့ကို ထားခဲ့ဖို့ ကြိုးစားသေးတယ်။ မရပါဘူး။ ပြန်ဆုံတာပဲ။
ကျောင်းသားတွေ၊ မြို့ခံတွေက ဒီလောက်ပိတ်ဆို့ထားတဲ့ကြားက ရောက်လာပြီး သတင်းယူတဲ့ ပီတာ့ကို ကျေးဇူးတော်တော်တင်ကြတာ။ ဂွမ်ဂျူးမှာဖြစ်နေတာတွေ ကမ္ဘာသိအောင်ကြမယ့် ပီတာ့ကို ကြိုဆိုကြတယ်။ ပီတာ့ကိုအရောက်ခေါ်လာပေးတဲ့ တက္ကစီဒရိုင်ဘာကြီး ကင်မန်ဆော့ကိုလည်း ကျေးဇူးတွေတင်ကြတယ်။ မြို့ထဲမှာ ဓါတ်ဆီဆိုလည်း အလကားထည့်ပေးတာ ကြုံရတယ်။ မုန့်တွေလည်း လာဝေတယ်။
ဂွမ်ဂျူးမှာ ပီတာကြုံရတာတွေက ဆန်းတော့ဆန်းနေတယ်။ စစ်တပ်က ကျောင်းသားပြည်သူတွေကို တကယ့်ရန်သူကြီးတွေလို ပစ်ခတ်သတ်ဖြတ်နေတာများ ရက်ရက်စက်စက်။ သူလုံးဝမထင်ထားခဲ့တာတွေ မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။
ကျောင်းသားလေးတစ်ယောက်ကလည်း ကင်မန်ဆော့တို့နဲ့ တောက်လျှောက်လိုက်ပါကူညီတယ်။ မြို့ခံ တက္ကစီသမားတွေကလည်း ကူညီတယ်။ ညပိုင်းမှာတော့ စစ်တပ်က အကြမ်းဖက်သတ်ဖြတ်တာတွေ ထပ်ကြုံရတဲ့အခါမှာတော့….
နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ ခံယူထားတဲ့ တက္ကစီဒရိုင်ဘာကြီးဟာ တကယ့်အရေးကြုံတော့ အများပြည်သူအတွက် စွန့်စွန့်စားစား ကြိုးစားခဲ့တဲ့ဇာတ်ဝင်ခန်းတွေက အားရကျေနပ်စရာပါ။ ဒါဟာ တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းပြန်လည်တည်ဆောက် ရိုက်ကူးထားတာပါတဲ့။ ရင်ထဲထိလိုက်တာ။
၈၈ ကော ၂၀၂၁ မှာကော စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ပွဲတွေမှာ ငါတို့ပြည်သူတွေ မတရားတာအလုပ်ခံနေတာ ငါလက်ပိုက်ကြည့်မနေနိုင်ဘူးဆိုတဲ့ခံယူချက်ရှိတဲ့ လူတန်းစားအမျိုးမျိုး ရှိခဲ့ဖူးပါတယ်။ စစ်တပ်က မျက်ရည်ယိုဗုံးတွေခွဲရင် ကာလို့ရအောင် စောင်တွေကို ရေစိမ်ပြီး ဆန္ဒပြတဲ့နေရာကို လာပို့တဲ့ လမ်းဘေးစျေးသည်တွေ ဆုံခဲ့ရဖူးတယ်။ ဗိုက်ဆာနေတဲ့ ဆန္ဒပြကလေးတွေကို အစားအသောက်တွေကျွေး၊ လိုရာသုံးမုန့်ဖိုးပေးသူတွေ မြင်ခဲ့ရဖူးတယ်။ စစ်တပ်လိုက်ဖမ်းလို့ အိမ်တွေထဲဝင်ပုန်းခိုင်းပြီး အဝတ်အစားတွေလဲပေး၊ ရှိထမင်းရှိဟင်းကျွေးခဲ့ကြတဲ့ ပြည်သူတွေ ကြုံခဲ့ရဖူးတယ်။
ဇာတ်ကားထဲက တက္ကစီဒရိုင်ဘာကြီးလိုပဲ ဒီမိုကရေစီအရေးမှာ မိမိရှိတဲ့နေရာကနေ တက်စွမ်းသလောက် ပါဝင်နေသူတွေ ခုထိ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့်ပဲ စစ်တပ်က မထိန်းချုပ်နိုင်ဘဲ ၅ နှစ်ကျော် ပျာယာခပ်နေရတုန်းပါ။ ဆက်လက်ပြီးလည်း ကျရာကဏ္ဍကနေ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ဆက်လက် တွန်းလှန်တော်လှန်နိုင်မယ်လို့ ယုံကြည်နေပါတယ်။


















































