ဒေသတွင်းမှာ ကျားဖြန့်လို့ ခေါ်ဝေါ်လေ့ရှိတဲ့ အွန်လိုင်း ငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေဟာ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်းနဲ့ မြန်မာနိုင်ငံကြား နယ်စပ်မှာ အခြေစိုက် လည်ပတ်နေခဲ့တာ နှစ်တွေ အတော်ကြီး ကြာမြင့်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသား သရုပ်ဆောင်တစ်ဦးကို ကျားဖြန့်ဂိုဏ်းတွေက လူမှောင်ခိုကူးပြီး ပြန်ပေးဆွဲသွားတဲ့ ဖြစ်စဉ်ဟာ အရမ်း လူသိရှင်ကြား ဖြစ်သွားရာက ကျားဖြန့် ဂိုဏ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အာရုံစိုက်မှုက ရုတ်တရက်ကြီး ပြန်လည် မြင့်တက်လာခဲ့ပါတော့တယ်။
အဲဒီကိစ္စ အပြီးမှာတော့ ထိုင်း၊ တရုတ်နဲ့ မြန်မာတို့ အပါအဝင် နိုင်ငံတကာ ပူးပေါင်း အားထုတ်မှုတွေ ရှိလာပြီး အရှေ့တောင်အာရှ ဒေသအနှံ့က ကျားဖြန့် ကွန်ရက်တွေ၊ ဆက်စပ် ဒုစရိုက်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ ပိုပြီး အားထည့်လာခဲ့ပါတယ်။
အဲဒီ ဒုစရိုက် ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ဝင်ငွေ ရရှိစေတဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကို လည်ပတ်နေပြီး သူတို့ရဲ့ လုပ်ငန်းပိုင်းမှာ အသုံးချဖို့ သိန်းနဲ့ချီတဲ့ လုပ်သားတွေကို မှောင်ခို တင်သွင်း ခေါ်ယူမှုတွေ ရှိခဲ့ပါတယ်။
ကျားဖြန့်ဆိုတာ
အစောပိုင်းမှာ ပြောခဲ့သလိုပဲ ကျားဖြန့် ဆိုတာဟာ တရားမဝင် ထူထောင်ထားတဲ့ အွန်လိုင်း အခြေပြု ဒုစရိုက် စီးပွားရေး လုပ်ငန်းတွေပါ။ အဓိက ရည်ရွယ်ချက်က အွန်လိုင်းကနေ လူတွေကို အယုံသွင်း လိမ်လည်ဖို့ ဖြစ်ပါတယ်။

Public Service Announcement
ငွေလိမ်မယ့် ကျားဖြန့် ဝန်ထမ်းတွေဟာ များသောအားဖြင့် သူတို့ရဲ့ သားကောင်တွေကို လူမှုကွန်ရက် မီဒီယာတွေ၊ message appတွေ အသုံးပြုပြီး ချဉ်းကပ်၊ အွန်လိုင်းကနေ ယုံကြည်လောက်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ကြပါတယ်။ ပြီးမှ ပစ်မှတ် သားကောင်ကို ငွေကြေး အကျိုးအမြတ် ရလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို လမ်းဖွင့်ပေးပါတယ်။ ဥပမာ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေးတွေမှာ အမြတ်များများ မြှုပ်နှံနိုင်မယ် ဆိုတာမျိုးနဲ့ မက်လုံးပေးတာပါ။ ကျားဖြန့် အသိုက်အဝန်းထဲမှာတော့ အဲဒီလို ငွေလိမ်တဲ့ ပုံစံကို ‘ဝက်သတ်’တာလို့ ခေါ်လေ့ရှိပါတယ်။
တချို့နေရာတွေမှာတော့ ကျားဖြန့် လုပ်ငန်းတွေအပြင် တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ ငွေကြေး ခဝါချတဲ့ လုပ်ငန်းတွေလည်း လည်ပတ်ကြတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အရှေ့တောင် အာရှ ဒေသထဲက ကျားဖြန့် ဖြိုခွင်းရေး လက်ရှိ ဗဟိုချက်ကတော့ ထိုင်း-မြန်မာ နယ်စပ်၊ တိတိကျကျ ပြောရရင် ထိုင်းနိုင်ငံနဲ့ ထိစပ်ရာ မြန်မာပိုင် မြဝတီ မြို့နယ်ထဲက လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အဲဒီ နယ်မြေမှာ ကရင် အမျိုးသား တပ်မတော် (KNA)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA)တို့လို ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အစောင့်အရှောက်ကို ယူပြီး ကျားဖြန့် လုပ်ငန်းတွေက ပျော်ပျော်ကြီး စည်ကားဖြစ်ထွန်းနေခဲ့ပါတယ်။ KNA ဆိုတာဟာ ကရင် နယ်ခြားစောင့်တပ် (BGF)ကို ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပြောင်းလဲ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ကျားဖြန့်တွေရဲ့ မူလအစ
ဒီဒုစရိုက် လုပ်ငန်းတွေရဲ့ ကနဦး အစပြုမှုကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေဆီ နောက်ကြောင်းပြန်ရမှာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ကာစီနိုတွေ၊ အွန်လိုင်း လောင်းကစားတွေနဲ့ ပတ်သက်လို့ စည်းမျဉ်း သတ်မှတ်ချက်တွေ လျော့တိလျော့ရဲ ရှိနေတာကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်မှုတွေ ရှိနေခဲ့ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေဟာ ၂၀၀၀ ပြည့်လွန် နှစ်တွေမှာ အရှိန်ပိုကောင်းလာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (USIP)က ဆိုပါတယ်။
မြဝတီ မြို့နယ်ထဲမှာ ၂၀၁၇ တုန်းက စတင် ထူထောင် တည်ဆောက်ခဲ့တဲ့ ရွှေကုက္ကို မြို့ကတော့ နာမည်အကြီးဆုံး ကျားဖြန့် ဌာနချုပ်လို့ ဆိုနိုင်ပါတယ်။ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ Yatai International Holdings Group ကုမ္ပဏီဟာ KNA အဖြစ် မပြောင်းလဲခင် BGFနဲ့ ပူးပေါင်းပြီး အဲဒီ အဲဒီ မြို့သစ် ပရောဂျက်ကို ထူထောင်ခဲ့ပါတယ်။ အဲဒီတုန်းက Yatai ကုမ္ပဏီဟာ ရွှေကုက္ကို မြို့သစ် စီမံကိန်းကို ကာစီနို ရပ်ဝန်းတစ်ခုအဖြစ် အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Yataiကတော့ ရွှေကုက္ကိုဟာ လူကုန်ကူးမှု အပါအဝင် ဒုစရိုက် လှုပ်ရှားမှုတွေ ဆက်စပ်ကြောင်း စွပ်စွဲချက် မှန်သမျှကိုတော့ ငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ အစွန်အဖျား နယ်စပ်တွေမှာ ကျားဖြန့် ဂိုဏ်းတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကျားဖြန့် ဂိုဏ်းတွေဟာ သိသိသာသာ လက်တံရှည်ပြီး ဖြန့်ကျက်လာနခဲ့ပါတယ်။
သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS)က ကိုဗစ် ကပ်ရောဂါ ဖိစီးတဲ့ ကာလအတွင်း လောင်းကစား ဝါသနာပါတဲ့ သူတွေဟာ အိမ်အပြင် ထွက်လို့မရဘဲ ပိတ်လှောင်မိနေတဲ့အချိန် ရာဇဝတ်သားတွေဟာ အွန်လိုင်းကနေ ဝင်ငွေရနိုင်မယ့် အရင်းအမြစ်သစ်တွေကို ရှာတွေ့လာပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ အွန်လိုင်း လောင်းကစား လုပ်ငန်း တော်တော်များများဟာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ ဖြစ်လာပါတော့တယ်။
ဘယ်သူတွေ ကြိုးကိုင်နေသလဲ
တရုတ်နိုင်ငံမှာ မူလ အစပြုတဲ့ ဒုစရိုက် ကွန်ရက်တွေဟာ အဲဒီ ကျားဖြန့် လုပ်ငန်းတွေကို အဓိက မောင်းနှင်လေ့ ရှိပါတယ်။ မြဝတီမှာတော့ KNAလို လက်နက်ကိုင် အဖွဲ့အစည်းမျိုးတွေက အဲဒီ လုပ်ငန်းတွေကို ပံ့ပိုးပေးနေတယ်လို့ USIPက ဆိုပါတယ်။
မြဝတီကနေ ခေါ်ထုတ်တာ ခံလာရတဲ့ တချို့ နိုင်ငံခြားသားတွေက ကျားဖြန့် လုပ်ငန်းတွေထဲမှာ အဓမ္မ ခိုင်းစေတာ၊ ညှင်းပန်း နှိပ်စက်တာတွေက နေရာအနှံ့ ပျံ့နှံ့ ဖြစ်ပေါ်နေတယ်လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း၊ တရုတ်နဲ့ နယ်စပ်မှာလည်း အဲဒီလို ကျားဖြန့်ဂိုဏ်းတွေကို စစ်ကောင်စီ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေက လုပ်ကိုင်နေခဲ့ပြီး အဲဒီအခြေအနေဟာ တရုတ်အတွက် အင်မတန် မျက်စိ စပါးမွေး စူးစရာ ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ‘အော်ပရေးရှင်း ၁၀၂၇’ စတင်ခဲ့တဲ့အခါ အဲဒီ ကျားဖြန့်ဂိုဏ်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကြားညပ်ပြီး အရှုပ်အထွေးတွေ ကြုံခဲ့ဖူးပါတယ်။
၂၀၂၃ ခုနှစ်တုန်းကတော့ Reuters သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ‘ဝက်သတ်’တဲ့ ငွေလိမ် လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ငွေကြေး အနည်းဆုံး ဒေါ်လာ ၉ သန်းလောက်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တရုတ် ကုန်သွယ်ရေး လုပ်ငန်းစု တစ်ခုရဲ့ အဆက်အသွယ် ကောင်းတဲ့ ကိုယ်စားလှယ် တစ်ဦးရဲ့ ဘဏ်အကောင့်ထဲ ရောက်သွားတယ်လို့ ခြေရာခံမိခဲ့ဖူးပါတယ်။
လက်ရှိ ကျားဖြန့် နှိမ်နင်းရေး အခြေအနေ
ဒေသတွင်း နိုင်ငံတချို့ဟာ ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းတဲ့ အားထုတ် ကြိုးပမ်းမှုတွေကို သိသိသာသာ အရှိန်မြှင့်တင်လာနေပါတယ်။ ထိုင်းဟာ ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်မှု ရှိနေတဲ့ မြန်မာဖက်ခြမ်း နယ်စပ် ဧရိယာတွေကို ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်တွေ ဖြတ်တောက်ထားခဲ့ပါတယ်။
လက်ရှိ အပူတပြင်း ဖြစ်လာတဲ့ ကျားဖြန့် နှိမ်နင်းရေးတွေဟာ ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ကျင်ကို ထိုင်းကနေတဆင့် ကျားဖြန့် ဂိုဏ်းတွေက လှည့်စားခေါ်ယူ လူမှောင်ခို ကူးသွားတာကို အကြောင်းပြုပြီး စတင်လာတာပါ။ အဲဒီသတင်းဟာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့သလို တရုတ်မှာလည်း တော်တော်ကြီး ပွက်လောရိုက်လာခဲ့ပါတယ်။
နောက်တော့ ဝမ်ကို မြဝတီမှာ ဘေးကင်းကင်းနဲ့ ရှာတွေ့ပြီး နေရပ်ကို ပြန်လည် ပို့ဆောင်ခဲ့ပေမယ့် အဲဒီကိစ္စကို အကြောင်းပြုပြီး ထိုင်း အစိုးရက စတင် စိုးရိမ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ် ဧည့်သည်တွေဟာ ထိုင်းရဲ့ ဝင်ငွေကောင်းတဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာ ပင်မ ဝင်ငွေ ရင်းမြစ်တွေလည်း ဖြစ်နေလို့ပါပဲ။
မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီဟာ ဇန်နဝါရီ လကုန်ပိုင်းကစလို့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားသား ၃၇၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အဲဒီထဲက ၇၅၀ ကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း တရုတ်ဟာ ထိုင်းနိုင်ငံရဲ့ မဲဆောက်မြို့ကနေ နိုင်ငံသား ၂၀၀ ဝန်းကျင်ကို လေကြောင်းကနေ နေရပ် ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ပြီးတော့ ကျားဖြန့် လုပ်ငန်းတွေကနေ ခေါ်ထုတ်လာတယ်ဆိုတဲ့ တရုတ်အများစု အပါအဝင် နိုင်ငံခြားသား ၇၀၀၀ လောက်ဟာလည်း မြဝတီက KNAနဲ့ DKBA ယာယီ စီစဉ်ပေးထားတဲ့ နေရာတွေမှာ ပိတ်မိနေကြဆဲပါ။
ကျားဖြန့် နှိမ်နင်းရေးအတွက် ထိုင်းရဲ့ အားထုတ်မှုတွေဟာ ကမ္ဘောဒီးယားဖက်ကိုလည်း အာရုံစိုက်ထားပြီး နယ်စပ် ကျားဖြန့် လုပ်ငန်းတစ်ခုကနေ လူ ၂၁၅ ဦးထက်မနည်းကို ဖမ်းဆီးရမိခဲ့ပြီးပြီလို့ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
(Reuters သတင်းဌာန၏ What are Southeast Asia’s scam centres, and why are they being dismantled? ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
