အောက်တိုဘာ ၃၀၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်တွင်း အရပ်သားတွေကို လေကြောင်းတိုက်ခိုက်နေတာတွေ ရပ်တန့်စေဖို့၊ ရခိုင်ပြည်ကို No-Fly Zone သတ်မှတ်ဖို့အပါအဝင် အချက် ၄ ချက်ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်တရပ်ကို မြေပြင်မှာရှိနေတဲ့ ရခိုင်အရပ်ဖက်ပရဟိအဖွဲ့အစည်း ၇၀ က ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်အနှံ့ရှိ မြေပြင်မှာ လူမှုကူညီရေးလုပ်ငန်းတွေလုပ်နေတဲ့အဖွဲ့အစည်း ၇၀က ဒီနေ့ အောက်တိုဘာ ၃၀ ရက်မှာ အဲဒီလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
“အဓိကကတော့ ကျွန်တော်တို့အနေနဲ့ကတော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေပေ့ါ၊ ဥပမာ စျေးလိုနေရာပေ့ါ၊ ဘုန်းကြီးကျောင်းလိုဟာမျိုး၊ စစ်ဘေးရှောင်စခန်းလိုဟာမျိုး၊ Public area ပြည်သူတွေနေထိုင်တဲ့နေရာလိုပေ့ါ၊ အဲ လိုနေရာမျိုးကို မကြဲဖို့အတွက် တောင်းဆိုချင်တာပေ့ါ၊ သူတို့ဟာသူတို့ စစ်ရေးပစ်မှတ်အရစစ်တိုက်တာကတော့ မပြောလိုဘူးပေ့ါ၊ ဒါပေမယ့် အရပ်သားတွေကို တိုက်ခိုက်မှုမလုပ်ဖို့ပေ့ါ၊ အခုက သူတို့ တိုက်ခိုက်နေတာ အများအား ဖြင့် အရပ်သားတိုက်ခိုက်မှုတွေပဲ များနေတာ” လို့ အဖွဲ့ ၇၀ ထဲက တဖွဲ့ဖြစ်တဲ့ အာရက္ခမျိုးဆက် စစ်ဘေးရှောင်ကူ ညီရေးအဖွဲ့ ဒုဥက္ကဌ ကိုကိုကြီးကျော်က ပြောပါတယ်။

Public Service Announcement
အငတ်ဘေး၊ စားဝတ်နေ ရေးအကြပ်အတည်း ကြုံနေရတဲ့ ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်တွေနဲ့ ပြည်သူတွေဆီကို ဆေးဝါး၊ ရိက္ခာတွေ အချိန်မီဘေးကင်းစွာ ရောက်နိုင်ဖို့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ နယ်စပ်ဖြတ်ကျော်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတွေကတဆင့် အမြန်ဆုံးတိုက်ရိုက် ကူညီဖို့လည်း တောင်းဆိုထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၆ သိန်းကျော်ရှိနေပြီး သူတို့ဟာ နိုင်ငံတကာကူညီ ရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုပုံမှန်မရဘဲ စားဝတ်နေရေးအကြပ်အတည်းတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်စေဖို့ လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ ပစ္စည်း၊ လက်နက်တွေတင်ပို့ရောင်းချ၊ ထောက်ပံ့မှုတွေကို နိုင်ငံတကာက အမြန်ဆုံး အပြည့်အ၀ ဒဏ် ခတ်ပိတ်ဆို့ဖို့လည်း အဖွဲ့ ၇၀ ရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ကို အထောက်အပံ့ပေးပြီး သက်ဆိုင်ရာ အချက်အလက်တွေ၊ သက်သေအထောက်အထားတွေကို အရေးပေါ်စုဆောင်း၊ ထိန်းသိမ်း၊ မှတ်တမ်းတင်နိုင်ရေး ဆောင်ရွက်ဖို့နဲ့ ကျူးလွန်သူတွေကို သက်ဆိုင်ရာ အမျိုးသားနဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးယန္တရားတွေက တဆင့် ထိရောက်စွာတာဝန်ခံစေဖို့လည်း တောင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်နေရာတွေကို နေ့စဉ်နီးပါး ဗုံးကြဲနေတာဖြစ်ပြီး အဲဒီ လို အရပ်ဖက်နေရာတွေကို ဗုံးကြဲတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဆိုပါတယ်။
၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ နောက်ဆက်တွဲစာချုပ်တွေမှာ ပြဌာန်းထားတဲ့ ခွဲခြားခြင်းဆိုင်ရာမူအရ လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားတွေ ၊ အရပ်သားပစ္စည်းတွေကို ခွဲရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)ရဲ့ ရောမစာချုပ် ပုဒ်မ ၈ အရ အရပ်သားတွေ သို့မဟုတ် ကာကွယ်စောင့် ရှောက်ရမယ့် အရပ်သားအဆောက်အအုံတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခြင်းဟာ သက်ဆိုင်ရာ ဥပဒေအခြေအနေတွေနဲ့ ကိုက်ညီရင် စစ်ရာဇဝတ်မှုအဖြစ် အကျုံးဝင်နိုင်တယ် လို့လည်း အဖွဲ့ ၇၀ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အာရက္ခပြည်သူ့အစိုးရရဲ့ လူသားချင်စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ၂၀၂၅ အောက်တိုဘာကနေ ၂၀၂၆ အောက်တိုဘာ၂၄ ရက်အထိ နောက်ဆုံးရထားတဲ့အချက်အ တွေအရ ရခိုင်မှာ စစ်တပ်လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၂၉၈ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးရှိခဲ့ပြီး သေဆုံးသူ တွေထဲ ၁၈ နှစ်အောက် ၅၅ ဦး၊ ဒဏ်ရာရသူတွေထဲ ၁၈ နှစ်အောက် ၁၄၇ ဦး ပါဝင်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၅နှစ်တာအတွင်းမှာတော့ စစ်တပ်လက်ချက်ကြောင့် ရခိုင်ပြည်တွင်းမှ အရပ်သားသေဆုံးသူ ၁၁၅၂ ဦးထက်မနည်း ရှိခဲ့ပြီလို့ ဆိုပါတယ်။




















































