အောက်တိုဘာ-၃၀၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့တုန်းက ချွန်ဘူရီရဲ့ ဖန်နတ်နစ်ခွန် မြို့နယ်ထဲမှာ သံသယရှိသူတွေ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ကြံခင်းတစ်ခုကို ရဲတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေစုစုပေါင်း အင်အား ၁၀၀ ကျော်ကပူးပေါင်းပိတ်ဆို့ပြီးကိုယ်အပူချိန် ထောက်လှမ်းမှုစနစ်ပါတဲ့ဒရုန်းတစ်စီးကို အသုံးပြုပြီး လိုက်လံရှာဖွေခဲ့ပါတယ်။
ငါးနာရီကျော်ကြာတိုင် ပိတ်ဆို့ရှာဖွေလုပ်နေတုန်းဇနီးမောင်နှံ နှစ်တွဲဖြစ်တဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ဟာ ကြံခင်းအစပ် ပုန်းခိုနေရာကနေ ထွက်လာပြီး ကယ်ဆယ်ရေး အဖွဲ့တွေဆီမှာ အဖမ်းခံခဲ့ပါတယ်။ သူတို့ဟာ နာရီပေါင်းများစွာ ပုန်းအောင်းရင်း အစာရေစာ ပြတ်လပ်နေလို့ အားပြတ်နွမ်းနယ်နေကြောင်းလည်း ထိုင်းသတင်းဌာန Thaigar ကဖော်ပြပါတယ်။

Public Service Announcement
ပြီးတော့ ရဲတွေ လိုက်ရှာနေတဲ့ သူတွေက သူတို့ဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ နောက်တော့ မြန်မာ ၄ ဦးကို လတ်ခရာဘန် ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
လူသတ်မှုကတော့ ဘန်ကောက်ရဲ့ လတ်ခရာဘန် မြို့နယ်ထဲမှာ အောက်တိုဘာ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ တရုတ်နိုင်ငံသား ယန်ရှောင်ရှုနဲ့ ဟီရှိရှန်တို့ဟာ မြန်မာအလုပ်သမား ၆၀ ကျော်လောက်အတွက်လုပ်ခလစာ ရှင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ယန်က လက်ထပ်ထားတဲ့ စုံတွဲနှစ်တွဲကို အလုပ်ကောင်းကောင်း မလုပ်ဘူးဆိုပြီး ဆူပူ ကြိမ်းမောင်းပြီး လစာမပေးခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ အဲဒီတော့ မြန်မာလုပ်သားတွေက အလုပ်ထွက်မယ်လို့ ပြောတဲ့အခါ ယန်က ကြိုတင် ခွင့်တောင်းထားတာ မဟုတ်လို့ လစာ မရှင်းပေးနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက် အသက် ၃၉ နှစ်အရွယ် ယန်ဟာ မာကျောတဲ့ အရာဝတ္ထု ပစ္စည်း တစ်ခုခုနဲ့ ခေါင်းကို အရိုက်ခံရပြီး ကျောဖက်မှာလည်း ထိုးသွင်းဒဏ်ရာ ရပြီး သေဆုံးသွားပါတယ်။
ရဲတွေက အခင်းဖြစ်တဲ့ နေရာမှာ သွေးစွန်းနေတဲ့ သံချောင်း တစ်ချောင်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ မြန်မာ ၄ ဦးဟာ လစာငွေ ဘတ် ၄ သောင်း၊ ဒါမှမဟုတ် ၅ သောင်းလောက်ကို ယူဆောင်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ တခြား အလုပ်သမားတွေကတော့ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ရဲတွေက ဆိုပါတယ်။
အခင်းဖြစ်ပြီးတဲ့နောက် ပုန်းအောင်းနေခဲ့ရာကနေ နာရီပေါင်း အတော်ကြာပြီးတဲ့ အချိန်မှာတော့ မြန်မာတွေက အခုလိုမျိုး ကိုယ်တိုင် အဖမ်းခံခဲ့တာလို့လည်း သိရပါတယ်။
ကိုးကား: Thaiger၊Khaosod




















































