အောက်တိုဘာ-၃၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၂၉ ရက် ည ၁၂ နာရီကျော်ခန့်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ အသေခံဒရုန်း ၂စီးဟာ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါကျောင်းကို ထိုင်ခဲ့ဖူးတဲ့ ဆရာတော်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ယခု ၂၀၂၁ အာဏာသိမ်းချိန်မှာလည်း စစ်တပ်ကို ဆန့်ကျင်မှုကြောင့် ပုဒ်မ (၅၀၅)က နဲ့ အမှုဖွင့်ခံထားရတဲ့ သံဃာတော် ၁ပါးဖြစ်ပြီး လက်ရှိ ကံဆောင်သပိတ်နာယကဆရာတော်လည်းဖြစ်ကြောင်း ချောင်းဦးသပိတ်ဆရာတော်က မိန့်ပါတယ်။

Public Service Announcement
“ပတ္တနိကုဇ္ဇနကံဆောင် ဦးဆောင်ဆရာတော်တွေ လာမယ်ထင်လို့ လုပ်ကြံသတ်ဖြတ်တာ။ ဆရာတော်ကြီးရယ်ဦးဇင်းရယ်၊ နောက်တစ်ပါးရယ် အဲဒီ ၃ပါးကို အသေရရ အရှင်ရရ အလိုရှိနေတာ”လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဧည့်သံဃာ ၁ပါး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အချို့ ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“တော်တော်ဆိုးပါတယ်။ ဘုရားပွဲ ပဋ္ဌာန်းပွဲတောင် မလုပ်ရဲအောင် လုပ်နေကြတာ။ သူ့ကိုယ်သူသာသနာပြုမင်းလို့ အမည်ခံထားပေမယ့်တကယ်က သာသနာကိုခုတုန်းလုပ်တယ်။ သာသနာကိုစနစ်တကျ ဖျက်စီးနေတာကိုမဟန ဆရာတော်ဘုရားတွေနူတ်ဆိတ် နှတ်ပိတ်နေတာတွေ မဖြစ်သင့်ပါဘူး”လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ပါတယ်။
အဲဒီကျောင်းဟာ မနှစ်က ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်ညသန်းခေါင်မှာလည်း ယခုလိုပဲ လေကြောင်းတိုက်ခိုက်ခံရဖူးပါသေးတယ်။
အောက်တိုဘာ ၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက်ကို လေကြောင်းတိုက်ခိုက်လို့ သံဃာတော် ၃ ပါးနဲ့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။




















































