People’s Spring
မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးအပြီးရက်ပိုင်းအကြာမှာတော့ဂျပန်ဟာ နိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်အောက် သမုဒ္ဒရာချောက်ပြတ်ရွေ့ကြောကိုဗဟိုပြုလှုပ်ခတ်မယ့် ဧရာမငလျင်ကြီးတစ်ခုရဲ့သက်ရောက် ထိခိုက်မှု ခန့်မှန်း အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာတော့ မဂ္ဂနီကျု ၈.၀ အဆင့်ထက် ပိုတဲ့ ရေအောက်ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေကြောင့် လူပေါင်း ၃ သိန်းနီးပါးလောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
ဒါပေမဲ့ ဂျပန်သာ မကဘဲမြန်မာနိုင်ငံရဲ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယဟာလည်း ဧရာမငလျင်ကြီး တစ်ခု အချိန်မရွေး လှုပ်ခတ်လာနိုင်တဲ့နောက်ခံ အကြောင်းတရားတွေကို ကြုံနေရပါတယ်။ အိန္ဒိယမှာသာ ငလျင်ကြီးလှုပ်ရင် ဂျပန်မှာ ခန့်မှန်းထားတာတွေထက် အများကြီး ပိုဆိုးနိုင်တယ်လို့တောင် ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ ဟိမဝန္တာ တောင်စဉ်တန်းဒေသတွေကိုဗဟိုပြုမယ့်ငလျင်ကြီး တစ်ခုရဲ့ အလားအလာဟာ အသိရခက်စွာ ကိန်းအောင်းနေဆဲလို့ ဆိုပါတယ်။
ပစိဖိတ်မီးကွင်းဒေသလို့ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီးအရင်ကတည်းက ငလျင်တွေနဲ့ ခဏခဏ ကြုံနေကျ ဂျပန်မှာ အဲဒီ သဘာဝ ကပ်ဘေးကြီးတွေနဲ့ ပတ်သက်ရင် အားကောင်းတဲ့ပညာပေးမှုတွေ၊ ကြိုတင် ပြင်ဆင်မှုတွေ ရှိနေပေမယ့် အိန္ဒိယကတော့ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်တွေးဆ စီမံမှုတွေမှာ အများကြီး အားနည်းနေဆဲလို့ ပညာရှင်တွေက သုံးပါတယ်။

Public Service Announcement
ပညာရှင်တွေကဟိမဝန္တာငလျင်ကြီးလို့ သုံးနှုန်းထားတဲ့ ဧရာမ ငလျင်ကြီး တစ်ခုဟာ အချိန်မရွေး လှုပ်ခတ်လာနိုင်ခြေ ရှိနေတယ်လို့ ပြောပါတယ်။ အမေရိကန် ငလျင်ပညာရှင် တစ်ဦးဖြစ်တဲ့ ရော့ဂျာဘီလ်ဟမ်က ဟိမဝန္တာဟာ ပြင်းအား မဂ္ဂနီကျု ၈ ကျော်တဲ့ ငလျင်ကြီးတွေ ကျိန်းသေပေါက် ကြုံမယ်လို့ အတပ်ပြောနိုင်တဲ့ ကမ္ဘာ့ဇုန်နယ်မြေတစ်ခုဖြစ်တယ်လို့ The Times of India သတင်းဌာနကို ၂၀၂၀ ပြည့်နှစ်မှာ ပြောခဲ့ဖူးပါတယ်။
ဟိမဝန္တာတောင်စဉ်တောင်တန်းတွေနဲ့ဆက်စပ်နေတဲ့ နေရာ နှစ်ခုထက်မနည်းမှာ ဧရာမ ငလျင်ကြီးတွေ ပွင့်အန်ထွက်လာနိုင်ခြေတွေ ရှိနေကြောင်း၊ ငလျင်ကြီး တစ်ခု လှုပ်မယ်ဆိုတာက ဖြစ်နိုင်တယ်ဆိုတဲ့ ကိစ္စမဟုတ်ဘဲဖြစ်ကိုဖြစ်လာမယ့် အခြေအနေလို့ သတ်မှတ်နိုင်ကြောင်း သူကဆိုပါတယ်။
အကြောင်းကတော့ကမ္ဘာပေါ်မှာအမြင့်ဆုံး တောင်စဉ်တန်းတွေရဲ့ အောက်က မြေလွှာ ကျောက်ချပ်ကြီးတွေ သဘာဝအတိုင်း ပွတ်တိုက် ရွေ့လျားနေမှုကြောင့်ပါပဲ။အိန္ဒိယကျောက်လွှာကြီးဟာတိဘက်ကုန်းပြင်မြင့်ရဲ့ အောက်ဖက်ထဲကို ဖြည်းဖြည်းချင်း တောက်လျှောက် တိုးဝင်နေပြီး အဲဒီအရွေ့ကနေ ဖြစ်ပေါ်တဲ့ ကိန်းအောင်း စွမ်းအင်ဟာ ထုထည် အများအပြားနဲ့ စုစည်းနေပါတယ်။ တစ်ချိန်ချိန်မှာ အဲဒီစွမ်းအင်က မြေလွှာပေါ် ကန်ထွက်လာတဲ့အခါ စဉ်းစားကြည့်ဖို့တောင်မလွယ်တဲ့ အငအားမျိုးနဲ့ လှုပ်ခါမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။
ပညာရှင်တွေကတော့ဟိမဝန္တာမှာ အင်အား အရမ်းပြင်းထန်တဲ့ ငလျင်တစ်ခုသာ လှုပ်ခတ်မယ်ဆိုရင် သက်ရောက် ရိုက်ခတ်မှုတွေကို လူဦးရေ အရမ်းထူထပ်တဲ့ချန်ဒီဂါ၊ ဒါရာဒန်တို့မှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။ နောက်ပြီး ဒေလီမြို့တော်တောင်မှမလွတ်လောက်ဘူးလို့ ပြောပါတယ်။ ငလျင်ဒဏ် ခံရတဲ့ နေရာတွေမှာ လူဦးရေ ထူထူထပ်ထပ် နေထိုင်လေလေ၊ အသေအပျောက်ကိန်းဂဏန်းတွေ မြင့်လေလေ ဖြစ်နိုင်ပါတယ်။
၂၀၂၀ပြည့်နှစ်တုန်းက Seismological Research သုတေသန စာတမ်းမှာတော့ ဟိမဝန္တာ အဝန်းအဝိုင်းထဲမှာ အကြီးစား ငလျင်တစ်ခုက နှစ်အပိုင်းအခြား တစ်ခုအတွင်း ဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြခဲ့ဖူးပါတယ်။သူမသေခင်မှာတင်ဟိမဝန္တာမှာ အပြင်းစား ငလျင်ကြီးတစ်ခု လှုပ်ခတ်တာကို မြင်ရမယ်ဆိုရင် အံ့ဩမိမှာ မဟုတ်ဘူးလို့ အဲဒီ စာတမ်းကို ဦးဆောင် တင်သွင်းသူ စတီဗန် ဝက်စ်နူစကီက ပြောပါတယ်။
အိန္ဒိယရဲ့ ငလျင်ပညာရှင် တစ်ဦးဖြစ်တဲ့ ဆူပရီယို မီထရာကလည်းအဲဒီအချက်ကိုထောက်ခံပြီး ဟိမဝန္တာ ပြတ်ရွေ့လိုင်းတွေဟာမဂ္ဂနီကျု ၈ နဲ့အထက် ငလျင်ကြီးတစ်ခုခုကို တွန်းထုတ်လိုက်နိုင်မယ့် အရင်းအမြစ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန်လောက်မှာအဲဒီလိုငလျင်မျိုး လှုပ်မလဲ ဆိုတာကို ခန့်မှန်းဖို့တော့ မဖြစ်နိုင်ကြောင်း သူက ဆိုပါတယ်။
ငလျင်ကြီးတွေလှုပ်ခတ်နိုင်ရင်ထိခိုက်သက်ရောက်မယ့် ဧရိယာတွေမှာလူတွေ အခြေချ နေထိုင်မှုများပြားလာလေလေ၊ ဆိုးဆိုးရွားရွား ထိခိုက်သေကြေနိုင်ခြေက မြင့်တက်လေလေ ဖြစ်ပါတယ်။ Science ဂျာနယ်ကတော့ ဟိမဝန္တာနဲ့ ဆက်စပ်နေပြီး လူပေါင်းသန်း ၅၀ လောက် ပျံ့နှံ့ နေထိုင်ရာ ဧရိယာတွေဟာ ဧရာမ ငလျင်ကြီး တစ်ခုရဲ့ ခြိမ်းခြောက်မှု စက်ကွင်းထဲ ပါဝင်နေတယ်လို့ သတိပေး ရေးသားခဲ့ဖူးပါတယ်။
ဂူဂျာရတ် ပြည်နယ်ရဲ့ ကာ့ချ်ခရိုင်ထဲမျာ ၁၈၁၉ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ကတ်ချ်ငလျင်မှာ လူ ၂၀၀၀ လောက် သေဆုံးခဲ့ပြီး ၂၀၀၁ ခုနှစ်တုန်းက ဘူဂျ်ငလျင်မှာတော့လူ ၃၀,၀၀၀ လောက်အသက်ဆုံးရှုံးခဲ့ပါတယ်။ဒါဟာတူညီတဲ့ရပ်ဝန်းတစ်ခုမှာလူနေထိုင်မှု များလာလေလေ၊ ငလျင်ကြီးတွေ လှုပ်တဲ့အခါ သေပျောက်နှုန်း မြင့်လေလေ ဆိုတာကို မြင်သာစေတဲ့ နှိုင်းယှဉ်မှုလည်း ဖြစ်ပါတယ်။
၁၉၀၅ ခုနှစ်တုန်းကအိန္ဒိယမြောက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ကန်ဂရာငလျင်ကြောင့်လူ ၂၀,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကလို မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်မျိုးထပ်လှုပ်မယ်ဆိုရင်မျက်မှောက်ကာလမှာအသေအပျောက်ဟာ ၁၀ ဆမက တိုးသွားနိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယရဲ့ကယ်ဆယ်ရေးအဖွဲ့တွေဟာလည်း အချိန်မရွေး ကြုံလာနိုင်တဲ့ ငလျင်ကြီးတွေနဲ့ ပတ်သက်လို့ သိထားပြီး၊ ပြင်ဆင်သင့်သလောက် ပြင်ဆင်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကူမာအွန်နဲ့ ဂါဟောလ်တို့လို ဒေသတွေမှာ ပိုပြီး သတိကြီးကြီး ပြင်ဆင်မှုတွေလုပ်သင့်တယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။ အဲဒီနေရာတွေမှာ မြေအောက် ပြတ်ရွေ့တွေ ရှိပေမယ့် အင်အားကောင်းတဲ့ ငလျင်ကြီးတွေ လုံးဝ မလှုပ်ဘဲ ဖြတ်သန်းနေခဲ့တာ နှစ်ပေါင်း ၅၀၀ ကျော်သွားပါပြီ။ တစ်နည်းအားဖြင့် မြေအောက် လှုပ်ရှားမှုတွေကြောင့် ကိန်းအောင်းနေတဲ့ စွမ်းအင်ထုဟာ ကြောက်ခမန်းလိလိ များပြားနေလောက်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ငလျင်တွေနဲ့ ပတ်သက်ပြီးတကယ့် အကြီးမားဆုံး ပြဿနာကတော့ ‘မသေချာခြင်း’ပါပဲ။ ပညာရှင်တွေ အနေနဲ့လည်း ငလျင်ကြီးတွေ လှုပ်ခတ်မယ့် အန္တရာယ်ကို ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ရှင်းပြနိုင်ပေမယ့် ဘယ်အချိန် လှုပ်မလဲ ဆိုတာကို ကြိုမသိနိုင်ပါဘူး။ ခန့်မှန်းခြေတွေ ထုတ်ပေးနိုင်ပေမယ့် သေချာပေါက်ငလျင်လှုပ်မယ်ဆိုတာကိုလည်း ဘယ်သူမှအာမမခံနိုင်ပါဘူး။
ဘူမိဗေဒ နောက်ခံ အခြေအနေတွေအရ ဇုန်တစ်ခုမှာ ငလျင်ကြီးတစ်ခု လှုပ်လိမ့်မယ် ဆိုတာကို ကြိုပြောနိုင်ပေမယ့် မနက်ဖြန်လား၊ သိပ်မကြာခင်လား၊ ဆယ်စုနှစ်တွေနဲ့ချီ ကြာဦးမလား ဆိုတာတွေကို တိတိကျက ဟောကိန်းထုတ်ဖို့ မဖြစ်နိုင်ပါဘူး။
နန်ကိုင် သမုဒ္ဒရာချောက်ကြီးကိုဗဟိုပြုတဲ့ဧရာမ ရေအောက် ငလျင်ကြီး တစ်ခုကြောင့် ဖြစ်လာမယ့် ထိခိုက်ပျက်စီးမှုတွေကို လူမှုရေး၊ စီးပွားရေး ရှုထောင့်ပေါင်းစုံကနေ တွက်ချက်ပြထားတဲ့ ဂျပန်ရဲ့ အစီရင်ခံစာကိုလေ့လာကြည့်မယ်ဆိုရင်အဲဒီလို ငလျင်ကြီးတွေဟာလူ့အသိုက်အဝန်းအတွက်ဘယ်လို ဘေးဆိုးတွေကို သယ်ဆောင်လာနိုင်သလဲ ဆိုတာ အလွယ်တကူ မှန်းဆကြည့်လို့ ရပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ဂျပန်ရဲ့ လေ့လာမှုတွေကို အခြေခံပြီး အိန္ဒိယအတွက် ယူရမယ့် သင်ခန်းစာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ကြိုတင်ပြင်ဆင်မှုဟာ သိပ်အရေးကြီးတယ် ဆိုတာပါ။ အချိန်က တရွေ့ရွေ့ ကုန်နေပြီး အချိန်မလွန်ခင် ပြင်ဆင်မှုတွေ လုပ်ရတော့မှာ ဖြစ်ပါတယ်။
