-ခါကာဘို ရေးသားသည်။
၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီး အများအပြားဟာ ယနေ့အချိန်မှာတော့ အပြင်လောကကနေ ပျောက်ကွယ်ပြီး အကျဉ်းထောင်တွေရဲ့ အမှောင်ထု ငရဲတွင်းထဲမှာ ခါးသီးတဲ့ ဘဝတွေကို ဖြတ်သန်းနေကြရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စာရင်းဇယားတွေအရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ထဲမှာ အမျိုးသမီး ၆,၄၀၀ ကျော်အထိ ပါဝင်နေပါတယ်။ဒါဟာနံပါတ်ပြကိန်းတစ်ခုတင် မဟုတ်ဘဲ ထောင်နံရံတွေရဲ့ အနောက်မှာတစ်စစီ ကြေမွသွားခဲ့ရတဲ့ အမျိုးသမီးငယ်ပေါင်းများစွာရဲ့ ဘဝတွေ၊ အိမ်မက်တွေပဲ ဖြစ်ပါတယ်။

Public Service Announcement

ဖမ်းဆီးခံရတဲ့ အချိန်ကစလို့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲရောက်တဲ့အထိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာသာမက လိင်ပိုင်းဆိုင်ရာပါ အဆိုးရွားဆုံး ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်ကြရပါတယ်။
သဇင်(အမည်လွှဲ)ဆိုတဲ့ တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးရဲ့ အတွေ့အကြုံဟာ အကျဉ်းထောင်တွင်းက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြနေပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လမှာ မန္တလေးက ဆန္ဒပြလှုပ်ရှားသူတွေရဲ့ကွန်ရက်ထဲမှာသတင်းတစ်ခု ပျံ့နှံ့လာပါတယ်။တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့သဇင်(အမည်လွှဲ)ဟာ သေဆုံးသွားပြီဆိုတဲ့ သတင်းပါပဲ။
အဲဒီနွေရာသီက မန္တလေးမှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုကို စစ်သားတွေကသေနတ်ပစ်ဖောက်ပြီး ကားနဲ့ပါလူအုပ်ထဲ ဝင်တိုက်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ဆန္ဒပြသူအများစုက ဆိုင်ကယ်စီးပြီးလွတ်မြောက်သွားနိုင်ခဲ့ပေမယ့်သဇင်ကတော့မလွတ်မြောက်နိုင်ခဲ့ပါဘူး။
လူငယ်အမျိုးသမီးတစ်ဦး ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကြောင့် သူမရဲ့ မိတ်ဆွေတွေက သေဆုံးသူဟာသဇင်ပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမယ့်တကယ်တမ်းမှာတော့ သဇင်ဟာ သေဆုံးသွားတာ မဟုတ်ဘဲ ရဲတပ်ဖွဲ့က ကားနဲ့ သူမရဲ့ဆိုင်ကယ်ကိုဝင်တိုက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် မန္တလေးမြို့ရှိ ရဲစခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ပြီးအဲဒီမှာသူမဟာ ရိုက်နှက်ခံရတာ၊ကန်ကျောက်ခံရတာ၊ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ဆေးမေးမြန်းနေစဉ်အတွင်းသူမကို အတွင်းခံအဝတ်အစားသာကျန်အောင်အဝတ်ချွတ်ခိုင်းခဲ့ပြီး အမျိုးသားအရာရှိတစ်ဦးကလည်း မသင့်လျော်တဲ့ ထိတွေ့ကိုင်တွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီညမှာတော့လက်နဲ့ခြေကို ခတ်ထားတဲ့အခြေအနေနဲ့ အမျိုးသားအကျဉ်းသားဆောင်အပြင်ဘက် စင်္ကြံမှာ တစ်ညလုံး အိပ်မပျော်ဘဲ နေခဲ့ရပါတယ်။
သဇင်အတွက် ဒါဟာ အစပဲ ရှိသေးပါတယ်။ နောက်ထပ် သုံးနှစ်ကြာတဲ့အထိ သူမဟာ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ပျောက်ကွယ်သွားခဲ့ရပါတယ်။
တကယ်တော့အဲဒီနှစ်တွေမှာသဇင်ဟာ မန္တလေးဗဟိုအကျဉ်းထောင်နဲ့ မြင်းခြံအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံခဲ့ရပြီး ထောင်ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ထောင်ကျတဲ့ ပထမနှစ်အတွင်းမှာပဲ သူမတို့ အမျိုးသမီးအဆောင်ရှိ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး တွေကို အမျိုးသားထောင်ဝန်ထမ်းတွေက ရေချိုးခန်းထဲမှာ လျှို့ဝှက်ရိုက်ကူးခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ရှေ့နေတစ်ဦးရဲ့ပြောကြားချက်အရ အဲဒီဗီဒီယိုတွေကို မိသားစုဝင်တွေကို ခြိမ်းခြောက်ဖို့ အသုံးပြု ခဲ့တယ်လို့ သိရပါတယ်။

AAPP ရဲ့ အစီရင်ခံစာမှာလည်း အမျိုးသမီးအကျဉ်းသားတွေဟာ အရှက်ခွဲ စစ်ဆေးမှုတွေ၊လိင်အခြေပြုအနိုင်ကျင့်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။၂၀၂၅ ခုနှစ်နှောင်းပိုင်းကစပြီး Fortify Rights အဖွဲ့က အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်း၁၀ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
Fortify Rights မှ လူ့အခွင့်အရေးကျွမ်းကျင်သူချစ်ဆန်း ကတော့ဒီဖြစ်ရပ်တွေဟာ သီးခြားဖြစ်စဉ်တွေ မဟုတ်ဘဲ ပုံစံတစ်ခုတည်းနဲ့ ထပ်ခါထပ်ခါဖြစ်ပွားနေတယ်လို့ပြောပါတယ်။သူ့အဆိုအရအမျိုးသမီးတွေကို ကြောက်ရွံ့စေဖို့၊ ထိန်းချုပ်ဖို့နဲ့ အလျှော့ပေးစေဖို့ လိင်အခြေပြု အကြမ်းဖက်မှုကို လက်နက်တစ်ခုလိုအသုံးပြုနေကြတာဖြစ်ပါတယ်။
ထို့အတူရန်ကုန်မှာဒါဏ်ရာရ ဆန္ဒပြသူနှစ်ဦးကို ဆေးကုသပေးခဲ့လို့ အင်းစိန်နဲ့ သာယာဝတီထောင် တွေမှာ သုံးနှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့သူနာပြုမခိုင်(အမည်လွှဲ)ကလည်း အမြဲတမ်း စောင့်ကြည့်ခံနေရတဲ့ CCTV ကင်မရာတွေနဲ့ စစ်ကြောရေးတွေကြောင့် ယနေ့တိုင် ပြင်းထန်တဲ့ စိတ်ဒဏ်ရာ (Trauma) တွေကို ခံစားနေရဆဲပါ။
အရှက်ခွဲတာတွေအပြင်သံတုတ်၊လျှပ်စစ်ရှော့တိုက်ကိရိယာတွေနဲ့ပါ လူမဆန်စွာ နှိပ်စက်တာ တွေလဲ ရှိတယ်လို့ သတင်းမှတ်တမ်းတွေက ဆိုပါတယ်။ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်ထောင်၊ ရဲစခန်းနဲ့ စစ်ကြောရေးစခန်း တွေထဲမှာတင် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀ ဦးထက်မနည်း ရှိခဲ့ပါပြီ။ သူတို့ထဲမှာ အနာဂတ်တွေ အများကြီးရှိသေးတဲ့အသက်၂၂ နှစ်အရွယ် လူငယ် အမျိုးသမီးလေးတွေတောင် ပါဝင်ခဲ့ပါတယ်။
အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကတော့ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဝတ်ရည်အောင်ဖြစ်ပါတယ်။ သူမဟာ စစ်ကြောရေးအတွင်း ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် ကျန်းမာရေး ဆိုးရွားလာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် အစပိုင်းမှာ စစ်အစိုးရကျောထောက်နောက်ခံပြု ပါတီက ရွေးကောက်ပွဲ အနိုင်ရပြီတဲ့နောက် နိုင်ငံရေးအကျဉ်းသား ၄,၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ဒါပေမယ့် Amnesty International က သုတေသီ Joe Freeman ကတော့ ဒီလုပ်ရပ်တွေဟာ အမှန်တကယ် ပြောင်းလဲမှု မဟုတ်ဘဲ နိုင်ငံတကာအမြင်မှာ ပုံရိပ်ကောင်းရဖို့ ကြိုးစားမှုသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
လက်ရှိအချိန်မှာ တချို့ လွတ်မြောက်လာကြပြီ ဖြစ်ပေမယ့် AAPP ရဲ့ ခန့်မှန်းချက်အရ ဒီမိုကရေစီထောက်ခံသူနဲ့ အရပ်သား ၂၂,၀၀၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ဆက်လက် ပိတ်လှောင်ခံထားရဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေမှာမြန်မာနိုင်ငံကအကျဉ်းထောင်တွေထဲမှာ ကျားမအခြေပြုအကြမ်းဖက်မှုတွေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေစနစ်တကျ ဖြစ်ပွားနေကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေတင်ရုံနဲ့မလုံလောက်တော့ပါဘူး။အကျဉ်းထောင်တွေထဲမှာ နေ့စဉ်နဲ့အမျှ ငရဲခံနေရတဲ့ အမျိုးသမီးတွေရဲ့အသက်ကိုကယ်တင်ဖို့အတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ စာနာရုံတင်မဟုတ်ဘဲ ပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။
ပြစ်မှုကျူးလွန်နေတဲ့ စစ်အာဏာရှင်အဖွဲ့အစည်းကို ခုထက်ပိုတဲ့နည်းလမ်းတွေနဲ့ ပိုထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခြင်း၊ အပြစ်ပေးအရေးယူနိုင်မယ့် နိုင်ငံတကာ တရားစီရင်ရေး လမ်းကြောင်းတွေကိုလည်းအချိန်မဆွဲအောင်ဝိုင်းဝန်းတွန်းအားပေးကြဖို့ အချိန်ကျရောက်နေပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက်ကို လွတ်မြောက်လာခဲ့ကြတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့အကျဉ်းထောင်ထဲမှာကျန်ရစ်ခဲ့တဲ့ရဲဘော်တွေအတွက်ယနေ့တိုင်အားမလျှော့တမ်း အသံထွက် တောင်းဆိုပေးနေကြဆဲပါ။
သဇင်နဲ့ မခိုင်တို့ကလည်း “ကျွန်မတို့ထွက်လာနိုင်ခဲ့ပေမယ့် ထောင်ထဲမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို အခုထိ ကြားနေရဆဲပါ” လို့ ပြောဆိုထားကြပါတယ်။
သူတို့ရဲ့ စကားသံဟာ ကမ္ဘာကြီးကမြန်မာ့အရေးကို မျက်ကွယ်မပြုဘဲ လက်တွေ့ကျကျ ကူညီပေးဖို့ စောင့်ဆိုင်းနေတဲ့ မျှော်လင့်ချက် ဥဩသံတစ်ခုပဲဖြစ်ပါတယ်။
(The GuardianကTortured, Humiliated and Killed: The Women Who Disappear into Myanmar’s Prisons မှာအချက်အလက်များကိုမှီငြမ်းပြီးပြန်ရေးသားပါတယ်)


















































