ဇွန်၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။
မနက် ၂နာရီ ၃၈ မိနစ်မှာ လွိုင်ကော်မြို့ရဲ့အရှေ့-အရှေ့မြောက်ဘက် ၈၂ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၅ ကီလိုမီတာ( ၃မိုင်ခန့်)ကိုဗဟိုပြုပြီး လှုပ်သွားတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
အမေရိကန်ဘူမိလေ့လာရေးအသင်း(USGS)ရဲ့ ထုတ်ပြန်ချက်မှာတော့မြေအောက်အနက် ၁၀ဒဿမ၅ ကီလိုမီတာ( ၆မိုင်ခန့်)ကိုဗဟိုပြုပြီး လှုပ်သွားတာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement
” လှုပ်တာ ပြင်းတယ်။ သိသာတယ်။ အပျက်အစီးတော့ မရှိဘူး။ ဒီထက် အားပြင်းရင်တော့ ပြဿနာများနိုင်တယ်” လို့ လွိုင်ကော်ဒေသခံက ပြောပါတယ်။
အဆိုပါငလျင်ကို တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်ကမြို့တွေမှာပါ ခံစားလိုက်ရပါတယ်။ ကရင်နီပြည်နယ်ဟာ ကျောက်ကြမ်းပြတ်ရွေ့ရဲ့ တောင်ပိုင်းနဲ့ ဆက်စပ်ဒေသမှာ ပါဝင်ပါတယ်။
ယခုရက်ပိုင်း ဒေသအချို့မှာ ငလျင်တွေ မကြာခဏလှုပ်နေပါတယ်။
မနေ့က ဇွန်လ ၁၄ရက် ညနေကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၁အဆင့် ငလျင်လှုပ်ခဲ့ပါတယ်။ အဲ့ဒီနေ့ မနက်ပိုင်းမှာလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အနီး၊ မြေအောက်အနက် ၈ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။


















































