ဖိုးသား/People’s Spring
“လေယာဥ်ဗုံးကြဲချိန် ကူကယ်ရာ မဲ့နေတဲ့ ကလေးငယ်နဲ့ အမျိုးသမီးတွေ၊ ထွက်ပြေးရာ ရွာလမ်းတလျှောက် ဗုံးထိလို့ သေဆုံးသွားတဲ့ အဖိုးအဖွားတချို့။ဒါဏ်ရာရပြီး အသက်ရှင်နေသူတွေပါ မြင်ရပေမယ့် လေယာဉ်ဗုံးကြဲနေလို့ ကိုယ်လွတ်ရုန်း ထွက် ပြေးရတဲ့ စိတ်ခံစားချက်။အခုလို မြင်ကွင်းမျိုးနဲ့ အကြောက်တရား၊စိတ်ခံစားချက်တွေ ဘယ်သောအခါမှသူတို့ထံ ရောက်လာလိမ့်မယ်မထင်ခဲ့”
ပေါက်မြို့နယ်က စစ်တပ်လက်အောက်ခံပျူစောထီး (ခေါ် )ပြည်သူ့စစ်ရွာ ဖြစ်တဲ့ကုက္ကိုလ်စုရွာသားတွေ ကြုံခဲ့ရတဲ့အခြေအနေကို အရှင်ဥဒါယီ ကပြန်ရေးသားမျှဝေထားတာဖြစ်ပါတယ်။
အရှင်ဥဒါယီတို့ဖွဲ့စည်းထားတဲ့ သံဃမေတ္တာပြည်သူ့စောင့်ရှောက်အဖွဲ့က ကုက္ကိုလ်စုရွာသားတွေကို စားနပ်ရိက္ခာ ဝေမျှရင်း တွေ့ဆုံခဲ့ကြတာပါ။

Public Service Announcement
စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်းတွေသိမ်းဆည်းပြီး ပျူစောထီးတွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုတော့ ဥပဒေ နဲ့အညီ အရေးယူမယ်လို့ အသိပေးထားပါတယ် ။
Operation Su အမည်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖမ်းဆီးအကျဥ်းချခံရမှုကနေ လွတ်မြောက်ဖို့ရည်မှန်းပြီး ပခုက္ကူခရိုင်တွင်း မြို့နယ် (၅) ခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကုက္ကိုစုရွာ နဲ့ ရေပြာရဲစခန်းတို့ကိုသိမ်းပိုက်တဲ့အညာမြေ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပါ။
အညာမြေ စစ်ဆင်ရေးရဲ့ ပထမအဆင့် Operation ငယ် တစ်ခုအနေနဲ့ Operation 9 (4+5) ကို ဇွန်လ ၂ ရက်နေ့မှာ စတင်ခဲ့တာပါ။ ပြည်သူ့စစ်မဟာဗျူဟာအရ အချက်အချာမြေ နဲ့ မဟာဗျူဟာ လမ်းပိုင်း ထိန်းချုပ်ရေးမှာ အဓိက အရေးပါတဲ့ ပုသိမ် – မုံရွာလမ်းပိုင်းနဲ့ ပခုက္ကူ – ပေါက် – မင်းတပ်လမ်းတို့ စိုးမိုးနိုင်ဖို့ လိုအပ်တဲ့ ရေပြာလမ်းဆုံ ကအရေးကြီးပါတယ်။ ဒါကြောင့်ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ ရေပြာရဲစခန်းကို သိမ်းပိုက်ခဲ့ပါတယ်။
ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်အခြေစိုက်တဲ့ ပျူစောထီးရွာ ကုက္ကိုလ်စုကိုသိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်ကတံတားဦးလေတပ်၊ မကွေးလေတပ်၊ မိတ္ထီလာလေတပ်ကနေ Jet Fighter ကိုးစီး၊အခြားတိုက်ခိုက်ရေးလေယာဉ်ငါးစီး နဲ့ ဗုံးပေါင်း ၃၀၀ ၀န်းကျင်ဗုံကြဲခဲ့တာပါ။စစ်တပ်က ပျူစောထီးရွာကစစ်စခန်းမကျအောင် ပစ်ကူပေးတဲ့အနေနဲ့ ဗုံးကြဲခဲ့တယ်ဆိုပေမယ့် သူ့လူ ၊ကိုယ့်လူမခွဲပဲ ရွာထဲဗုံးကြဲခဲ့တာကြောင့် ကုက္ကိုစုက ရွာသူ၊ရွာသားတွေပါသေဆုံး ခဲ့တာပါ။
ဒါ့အပြင်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ – ၂၄ ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခေတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကုက္ကိုလ်စုရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်တပ်ရဲ့ သတ်ကွင်းဖြစ်တဲ့ လယ်ကွင်းပြင် ဟင်းလင်းပြင်နေရာတွေကို ပကဖ ရဲဘော်တွေနဲ့ ပူးပေါင်းတပ်တွေက ရဲရဲဝံ့ဝံ့ ဖြတ်ကျော် တိုက်ခိုက်ပြီး ရရှိခဲ့တာလို့ အသိပေးပါတယ်။တိုက်ခိုက်မှုအတွင်း ကျဆုံးထိခိုက်တဲ့ ရဲဘော်တွေရှိပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်နဲ့ ပျူတွေဘက်ကသေဆုံးသူ သုံးဆယ်ကျော်၊ သုံ့ပန်း ၆၅ ဦး၊ လက်နက်ချ အလင်းဝင် ခြောက် ဦး၊ ပြည်သူ့စစ်ရွာက ပြည်သူ (၂၄၆) ဦးကို ထိန်းသိမ်းခဲ့ပါတယ်။
လက်နက်ငယ် (၅၅) လက်၊ လက်နက်ကြီး (၄) လက်၊ ကျည်မျိုးစုံ (၃၄၆၅) တောင့် နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ လမ်းညွှန်ချက်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနဲ့ အညီ စစ်သုံ့ပန်းတွေနဲ့ ပြည်သူတွေကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ အသိပေးပါတယ်။
စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်နဲ့ ပြည် ထောင်စုရဲ့ထောက်ပံ့ညွှန်ကြားမှုတွေ၊မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီးရဲ့လမ်းညွှန်ကူညီမှုတွေ နဲ့ အခြား မဟာမိတ်တပ်တွေရဲ့ စုပေါင်းတိုက်ခိုက်နိုင်ခဲ့မှုလို့လည်းဖော်ပြပါတယ်။
တော်လှန်ရေးတပ်တွေရွာထဲ၀င်မစီးခင်ကတည်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူခေါင်းဆောင်ဟာ ရွာခံအများစုကိုချန်ရစ်ပြီး အရင်ထွက်ပြေးသွားခဲ့ကြပါတယ်။
တိုက်ပွဲ ကာလအတွင်း စစ်တပ်က ဒေသခံ တွေရာနဲ့ချီရှိတဲ့ ရွာထဲကိုပါနာရီနဲ့ချီပြီး လေယာဥ်တွေနဲ့ ဗုံးအကြိမ်ကြိမ်ကြဲခဲ့ပါတယ်။ဒါဟာ စစ်တပ်က နိုင်ငံတ၀န်းလေယာဉ်တွေသုံးပြီး နေ့စဉ် ပြည်သူတွေကို ဘယ်လို ဗုံးကြဲသတ်ဖြတ်နေလဲဆိုတာကို ကုက္ကိုလ်စုရွာခံတွေ အသက်နဲ့ရင်းပြီး သိရတဲ့ ပထမဆုံးသင်ခန်းစာ ဖြစ်ပါတယ်။
ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်က လူဦးရေ ၅၀၀ ၀န်းကျင်လောက်ရှိတဲ့ ကုက္ကိုလ်စုရွာလေးဟာ စစ်တပ်အာဏာမသိမ်းခင်ကအထိ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။
ဒါပေမယ့် ပေါက်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းပေါ်မှာရှိနေတာကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က တပ်စွဲပြီးပြည်သူ့စစ်(ပျူစောထီး)ရွာအဖြစ် သိမ်းသွင်းခဲ့ပါတယ်။
“ပြည်သူ့စစ်ရွာအဆင့်မပြောနဲ့ တပ်ရင်း တွေ တက်သိမ်းတုန်းက စစ်တပ်က ကိုယ့်လူသူ့လူမကြည့်ဘူးအကုန်ဗုံးကြဲတာ။စစ်ခေါင်းဆောင်တွေဟာ ဘယ် တုန်းကမှ သူတို့အကျိုးကလွဲရင်ဘယ်သူမျက်နှာ မထောက်ဘူးဆိုတာ ပေါက်မြို့နယ်ရော တခြားမြို့နယ်က ပြည် သူ့စစ်နဲ့စစ်တပ်လက်ပါးစေတွေ သိစေချင်တယ်”လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့သိမ်းတိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ အညာသားတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ်မတ်လအထိစစ်တပ်ကနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှု ပေါင်း ၇,၀၀၀ ကျော်လုပ်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ အရပ်သား ၄,၅၀၀ ၀န်းကျင်နဲ့ ဒဏ်ရာရတဲ့သူ ၈,၀၀၀ နီးပါးရှိပါတယ်။ဒါကြောင့် တစ်ရက်ပျှမ်းမျှ လေ ကြောင်းတိုက်ခိုက်မှု လေးကြိမ်မှာ သေဆုံးသူ နှစ်ဦးကျော်နဲ့ ဒဏ်ရာရသူ လေးဦးနီးပါးရှိပါတယ်။
ဇွန်လ ၄ ရက်နေ့က စစ်တပ်က ပျူရွာဖြစ်တဲ့ကုက္ကိုလ်စုရွာထဲကို ဗုံးပြန်ကြဲခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် သေဆုံးထိခိုက်သူက ဆယ်ဂဏန်းထက်မနည်းဘူးလို့ သိရပါတယ်။
ဗုံးကြဲနေတဲ့အချိန် နေအိမ်ထဲက ထွက်ပြေးတဲ့ကုက္ကိုလ်စုရွာကျောင်းထိုင်ဘုန်းကြီးရဲ့ အစ်ကို မိသားစု ငါးဦးစလုံးဟာ လမ်းမပေါ်မှာပဲ အစုလိုက်သေဆုံးခဲ့ရတယ်လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။
လက်ရှိမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ထမင်းက အစ ဆေးဝါးအဆုံး စောင့်ရှောက်မှုပေးပြီး အဆင် ပြေပြေ နေရ ပေမယ့် စစ်တပ်ကလေယာဥ်တွေလာပြီးဗုံးကြဲခံရမှာတော့ ကုက္ကိုလ်စုရွာသူရွာသားတွေကြောက်နေဆဲဖြစ််လို့ သံဃမေတ္တာပြည်သူ့စောင့်ရှောက်အဖွဲ့က ဆရာတော်တွေထံလျှောက်ထားကြပါတယ်။
တချိန်က လေကြောင်းတိုက်ခိုက်မှုဆိုတာ ဘယ်လိုမျိုးလဲဆိုပြီးသိခွင့်မရခဲ့တဲ့ပျူရွာကပြည်သူတွေဆီကအသက်၀င်လာမယ့် စာနာနားလည်မှု လမ်းစ တစ်ခုဖြစ်ပါတယ်။
“အဖြစ်ခြင်းတူမှ လူတွေဟာ ကိုယ်ချင်းစာတတ်ကြတဲ့သဘောရှိကြလေတယ်”လို့ အရှင်ဥဒါယီ က မိန့်ပါတယ်။ ။

























































