Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော် MMA ပြိုင်ပွဲကို တိုက်ခိုက်ဖို့ ကြံစည်တဲ့ အဖွဲ့ကို တားဆီးနိုင်ခဲ့ကြောင်း FBI ထုတ်ပြန်

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် လွတ်လပ်ရေး နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုကျင်းပတဲ့ UFC Freedom 250 ပွဲစဉ်တွေကို ထရမ့်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၄ ရက်နေ့က အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။

FBIရဲ့ အဆိုအရ မသမာသူ တစ်စုဟာ အဲဒီ ပြိုင်ပွဲမှာ အရေးပါတဲ့ ပစ်မှတ်တချို့ကို တိုက်ခိုက်ဖို့ ကြံစည်ထားခဲ့တာ ဖြစ်ကြောင်း၊ ပူးပေါင်းကြံစည်သူ ၅ ဦးကို ဖော်ထုတ် ဖမ်းဆီးထားနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီကိစ္စမှာ နောက်ထပ် ကြံရာပါတွေ ရှိနေသေးသလို ဖမ်းဆီးခံရသူ အရေအတွက်လည်း တိုးလာနိုင်တယ်လို့ FBIက မှတ်ချက်ပေးထားပါတယ်။

ဇွန်လ ၁၆ ရက်နေ့တုန်းက အမေရိကန် တရားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အခုတိုက်ခိုက်မှုကို ပူးပေါင်း ကြံစည်သူတွေဟာ အိမ်ဖြူတော် အနီးတဝိုက်က အဆောက်အအုံတွေကို ဖောက်ခွဲရေး ဒရုန်းတွေ အသုံးပြုပြီး ဖောက်ခွဲဖို့၊ အခြေအနေတွေကို ရှုပ်ထွေးသွားအောင် စီစဉ်ပြီးမှ UFC ပွဲစဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြံစည်ထားခဲ့တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ သူတို့ထဲက တစ်ဦးကို FBIက ဖမ်းဆီးရမိခဲ့ပြီး လျှို့ဝှက် သင်္ကေတတွေနဲ့ ဆက်သွယ်တဲ့ တခြားအဖွဲ့သားတွေဆီ ပေးပို့တဲ့ သတင်းစကားတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် စုစုပေါင်း ၅ ဦးထိ ဖမ်းဆီးရမိခဲ့ပြီး အစိုးရ ရှေ့နေတွေက သူတို့ကို အစွန်းရောက် ဘာသာရေး အယူအစွဲတွေနဲ့ အစိုးရကို ဆန့်ကျင်မယ့် အကြံအစည်တွေ၊ လူသတ်ရန် ကြံစည်မှုတွေအတွက် စွဲချက်တင်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို လက်တွေ့ ဖြစ်မလာခင် ကြိုတင် ကြံစည်မှု အဆင့်ကတည်းက တားဆီးနိုင်ခဲ့ကြောင်း FBI ညွှန်ကြားရေးမှူး ကက်ရှ်ပက်တဲလ်က ပြောပါတယ်။ သူဟာ အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ MMA ပြိုင်ပွဲကို ကိုယ်တိုင်တက်ရောက် အားပေးခဲ့ပါတယ်။

FBIက ဖော်ထုတ် ဖမ်းဆီးထားသူတွေဟာ အိုဟိုင်ယို၊ ကယ်လီဖိုးနီးယား၊ မစ္ဇူရီနဲ့ နီဘရာစကာ ဒေသခံတွေဖြစ်ပြီး အသက် ၁၉ နှစ်နဲ့ ၃၂ နှစ်ကြား အရွယ်တွေပါ။ သူတို့ စီစဉ်ထားတာက ပထမအဆင့် အနေနဲ့ လူတွေကို အထိတ်တလန့် ဖြစ်အောင် ခြောက်လှန့်ပြီး လက်ဖြောင့် သေနတ်သမား စနိုက်ပါတွေ အသင့်စောင့်နေမယ့် နေရာဆီ ထွက်ပြေးလာအောင် တွန်းအားပေးဖို့လို့ ဆိုပါတယ်။ အဲဒီနောက် တိုက်ခိုက်မှု ဒုတိယလှိုင်း အနေနဲ့ သေနတ်သမားတွေက အိမ်ဖြူတော် အဝင်ဂိတ်တွေကို ဝင်စီးဖို့ ကြံစည်ထားခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁၄ ရက်နေ့က ကျင်းပတဲ့ အိမ်ဖြူတော်က MMA ပွဲစဉ်ကိုတော့ သီးသန့် ဖိတ်ကြားထားသူ ၄၃၀၀ ဝန်းကျင်သာ တက်ရောက်ခွင့် ရခဲ့ပါတယ်။ နောက်ထပ် ပရိသတ် ၈၅၀၀၀ လောက်ကတော့ အိမ်ဖြူတော်နားမှာ စီစဉ်ပေးထားတဲ့ ဇုန်တစ်ခုကနေ အဲဒီယှဉ်ပြိုင်မှုတွေကို တိုက်ရိုက် အားပေး ကြည့်ရှုခဲ့ကြပါတယ်။

တရားရုံး ဖိုင်တွေအရ အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်မယ့် အဖွဲ့ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၊ ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်နဲ့ အမေရိကန် အမတ်တချို့ကိုပါ တိုက်ခိုက်ဖို့လည်း ရည်ရွယ်ချက် ရှိခဲ့တယ်လို့ သိရပါတယ်။

အိုဟိုင်ယိုမှာ ပထမဆုံး ဖမ်းဆီးရမိတဲ့ အသက် ၁၉ နှစ်အရွယ် တိုင်ဆန် ပရိုပါဆိုတဲ့ လူငယ်ရဲ့ မိခင်ဖြစ်သူက သတင်းပေးမှုကနေ FBIဟာ တစ်ဖွဲ့လုံးကို ခြေရာခံ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့သားက သေနတ်တွေ အများအပြား စုဆောင်း ဝယ်ယူနေတာကို စိုးရိမ်လို့ ပရိုပါရဲ့ မိခင်က ဇွန်လ ၁၀ ရက်နေ့မှာ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့သားဟာ ခရစ်ယာန် ဘာသာဝင် စစ်မှုထမ်းဟောင်းတွေ စုဝေးထားတယ်ဆိုတဲ့ အဖွဲ့တစ်ခုနဲ့ အွန်လိုင်းကနေ ချိတ်ဆက် ဆွေးနွေးနေတာကိုလည်း အမျိုးသမီးက သိရှိခဲ့ပါတယ်။

အဲဒီအဖွဲ့က ချမ်းသာကြွယ်ဝတဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ အပါအဝင် အရေးပါတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ပြီး တော်လှန်ရေး တစ်ခုကို ခပ်ကြမ်းကြမ်း စတင်ချင်တယ်ဆိုတဲ့ အတွေးမျိုး ရှိနေသူတွေလို့ FBIက ဆိုပါတယ်။ သူတို့ရဲ့ အွန်လိုင်း ဆွေးနွေးမှုတွေမှာတော့ အစိုးရရဲ့ အဂတိ ကိစ္စတွေ၊ လိင်အကြမ်းဖက်သမား ဂျူလီယန် အပ်စတိန်းရဲ့ အမှုဖိုင်အပေါ် ကိုင်တွယ်ပုံတွေနဲ့ တခြားကိစ္စတွေအကြောင်း အကျယ်တဝင့် ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

အဖွဲ့သားတွေက အမေရိကန်ဟာ လမ်းမှားဆီ ဦးတည်နေပြီလို့ ယုံကြည်တဲ့အတွက် နိုင်ငံကို ကာကွယ်ဖို့ အခုလို လုပ်ရပ်မျိုး ကျူးလွန်ဖို့ထိ ကြံစည်ထားတာလို့လည်း FBI မှတ်တမ်းတွေမှာ ပါရှိခဲ့ပါတယ်။ ပရိုပါက သူတို့အဖွဲ့ဟာ TikTokမှာ Vanguard of the Oldဆိုတဲ့ group တစ်ခုကနေ မတ်လမှာ စတင် ချိတ်ဆက်မိခဲ့တယ်လို့လည်း ထွက်ဆိုထားပါတယ်။

FBIက ဒီအစုအဖွဲ့ရဲ့ နောက်ကွယ်မှာ ပိုပြီး ကြီးမားတဲ့၊ အားကောင်းတဲ့ အင်အားစု တစ်ခုခု ရှိနေသေးသလား ဆိုတာကိုလည်း စုံစမ်းနေပါတယ်။ ဒါပေမဲ့ ထွက်ချက်တွေ အရတော့ အဖွဲ့သားတွေကို TikTokကနေပဲ လူစုခဲ့တာလို့ ကနဦး သိရှိထားပါတယ်။ အစီအစဉ်မှာ ပါဝင်မယ့် သူတွေကတော့ Signalကနေတဆင့် ချိတ်ဆက်ကြပြီး ဆွေးနွေးပုံတွေကလည်း မတူပါဘူး။ Signalထဲမှာ အပြန်အလှန် ဆွေးနွေးပြောဆိုသူက ၁၉ ဦးလောက် ရှိပြီး ကွန်ရက် တစ်ခုလုံးစာမှာတော့ ၂၃ ဦးလောက်ကို FBIက ခြေရာခံမိထားပါတယ်။

အာဏာပိုင်တွေဟာ Vanguard of the Oldမှာ ပါဝင်တဲ့ တခြားသူတွေနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေဆဲပါ။ အဖမ်းခံရသူတွေ အနေနဲ့ အမြင့်ဆုံး ထောင်ဒဏ် တစ်သက်ထိ ချမှတ်ခံရနိုင်ခြေလည်း ရှိနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ပြိုင်ပွဲ ကျင်းပဖို့ သံလှောင်အိမ်ကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။