ခါကာဘို ရေးသားသည်။
“ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။
အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။
ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ အလုပ်သမားအင်အားမလုံလောက်လို့ နိုင်ငံခြားအလုပ်သမားတွေကို ပိုပြီး လိုအပ်လာနေချိန်မှာပဲ နိုင်ငံခြားသားတွေအပေါ် သတိထားတဲ့ သဘောထား၊တချို့အခြေအနေတွေမှာ ဆန့်ကျင်တဲ့ သဘောထားတွေပါ တဖြည်းဖြည်း အားကောင်းလာနေပါတယ်။

Public Service Announcement
ဒါဟာ ဘာကြောင့် ဖြစ်လာတာလဲ။
အကြောင်းရင်းက ရိုးရှင်းပါတယ်။ ဂျပန်နိုင်ငံရဲ့လူဦးရေကနှစ်စဉ်ကျဆင်းနေတယ်။မွေးဖွားနှုန်းနည်းလာပြီး သက်ကြီးရွယ်အိုဦးရေ တိုးလာတယ်။စက်ရုံတွေ၊ဆေးရုံတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်သမားရှားပါးမှု ကြုံနေရတယ်။
ဒါကြောင့် နိုင်ငံခြားအလုပ်သမားတွေကို ပိုပြီး ခေါ်ယူလာရတယ်။တစ်ချိန်တည်းမှာပဲ ကမ္ဘာလှည့်ခရီးသွားတွေ သန်းနဲ့ချီပြီး ဂျပန်ကို လာရောက်လည်ပတ်နေကြတယ်။ မြို့ကြီးတွေမှာ နိုင်ငံခြားသားတွေများပြားလာတာကြောင့်အိမ်ငှားဈေးတက်လာတာ၊ လူစည်ကားလာတာ၊ ယဉ်ကျေးမှုကွာခြားမှုတွေ ပိုမြင်လာတာမျိုးတွေဖြစ်လာပါတယ်။ဒီအခြေအနေကဂျပန်ပြည်သူတချို့ကို စိုးရိမ်စေပါတယ်။
“ဂျပန်ယဉ်ကျေးမှု ပျောက်သွားမလား”
“စည်းကမ်းမလိုက်နာတဲ့ နိုင်ငံခြားသားတွေ ပိုများလာမလား”
“မြေယာတွေကို နိုင်ငံခြားသားတွေ ဝယ်ယူလာရင် ဘယ်လိုဖြစ်မလဲ”
ဆိုတဲ့ မေးခွန်းတွေ လူထုကြားမှာ ပိုများလာတယ်။
အဲဒီလို စိုးရိမ်မှုတွေကို အခြေခံပြီး “Japanese First” လို့ ခေါ်တဲ့ “ဂျပန်ကို အရင်ဦးစားပေး” မူဝါဒနဲ့ မဲဆွယ်ခဲ့တဲ့ Sanseito ပါတီဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူကြိုက်များလာခဲ့ပါတယ်။
စစ်တမ်းတွေအရဂျပန်ပြည်သူ သုံးပုံနှစ်ပုံနီးပါးကနိုင်ငံခြားသားတွေရဲ့မြေယာဝယ်ယူမှုကိုပိုမိုကန့်သတ်သင့်တယ်လို့ ယုံကြည်နေကြပြီး နိုင်ငံခြားသားတွေက ဂျပန်စည်းမျဉ်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို အပြည့်အဝ လိုက်နာသင့်တယ်လို့ မြင်ကြပါတယ်။
ဒီတော့ ဒီအပြောင်းအလဲတွေကမြန်မာတွေအပေါ် ဘယ်လို သက်ရောက်နိုင်မလဲ။
ပထမဆုံးပြောရရင်ဂျပန်ကနိုင်ငံခြားအလုပ်သမားတွေကို လုံးဝ မလိုတော့ဘူး ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ အလုပ်သမားလိုအပ်ချက်က ဆက်ပြီး မြင့်မားနေဦးမှာပါ။ ဆေးရုံ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ နိုင်ငံခြားလုပ်သားမရှိရင် လုပ်ငန်းလည်ပတ်ဖို့တောင် ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့်နောင်အနာဂတ်မှာဗီဇာစည်းကမ်းတွေပိုတင်းကျပ်လာနိုင်တယ်။အမြဲတမ်းနေထိုင်ခွင့် ရယူဖို့ ပိုခက်လာနိုင်တယ်။ ဂျပန်ဘာသာစကားကျွမ်းကျင်မှု၊ အခွန်ဆောင်မှု၊ ဥပဒေလိုက်နာမှု စတာတွေကို ပိုမိုစစ်ဆေးလာနိုင်ပါတယ်။
အထူးသဖြင့် နိုင်ငံခြားသားတွေရဲ့အပြုအမူတချို့ကြောင့် လူထုအမြင် မကောင်းလာရင် ဂျပန်ရောက် မြန်မာအားလုံးအပေါ် သက်ရောက်နိုင်ပါတယ်။
ဒါကြောင့် မြန်မာတွေ အနေနဲ့ အခုကတည်းက စဉ်းစားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။
ဂျပန်က အလုပ်သမားကို လိုချင်တာမှန်ပေမယ့် စည်းကမ်းလိုက်နာတဲ့ အလုပ်သမားကို ပိုလိုချင်တာ ဖြစ်ပါတယ်။
အလုပ်လုပ်နိုင်ရုံနဲ့ မလုံလောက်တော့ပါဘူး။
ဂျပန်ဘာသာစကားကို ကောင်းကောင်းတတ်ဖို့ လိုတယ်။ အလုပ်ခွင်ယဉ်ကျေးမှုကို နားလည်ဖို့ လိုတယ်။ အမှိုက်ပစ်တာကစပြီး အများသုံးနေရာ အသုံးပြုတဲ့ စည်းကမ်းတွေအထိ လေးစားလိုက်နာဖို့ လိုတယ်။
နောက်တစ်ခုက ကျောင်းသားဗီဇာနဲ့ သွားပြီး ကျောင်းမတက်တာ၊ဗီဇာစည်းကမ်းချိုးဖောက်တာ၊အလုပ်ခွင်ကနေ ထွက်ပြေးတာမျိုးတွေက လူတစ်ယောက်ရဲ့ ပြဿနာတင် မဟုတ်တော့ဘဲမြန်မာအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။
တကယ်တော့ဂျပန်မှာအောင်မြင်နေတဲ့ မြန်မာတွေ အများကြီး ရှိပါတယ်။ သူတို့ကို ဂျပန်အလုပ်ရှင်တွေလက်ခံရတဲ့ အကြောင်းရင်းက စည်းကမ်းရှိလို့၊ ကြိုးစားလို့၊ ယုံကြည်စိတ်ချရလို့ ဖြစ်ပါတယ်။
ဒါကြောင့်ဂျပန်နိုင်ငံမှာနိုင်ငံခြားသားဆန့်ကျင်တဲ့ အသံတွေ ပိုကြားလာရတာကို ကြောက်ရွံ့စရာအဖြစ် မမြင်သင့်ပါဘူး။ အဲဒီအစား “အရည်အချင်းရှိတဲ့ နိုင်ငံခြားသား” နဲ့ “ပြဿနာဖန်တီးတဲ့ နိုင်ငံခြားသား” ဆိုပြီး ပိုမိုခွဲခြားကြည့်လာမယ့် ခေတ်ရောက်လာပြီလို့ မြင်သင့်ပါတယ်။
ဂျပန်က နိုင်ငံခြားသားတွေကို ဆက်ပြီး လိုအပ်နေဦးမှာပါ။ဒါပေမယ့်ဂျပန်လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ပေါင်းစည်းနိုင်သူ၊ စည်းကမ်းလိုက်နာသူ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို လေးစားသူတွေကို ပိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။
မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းတံခါးက ပိတ်မသွားသေးပါဘူး။ ဒါပေမယ့် အရင်ကထက်ပိုပြီးအရည်အချင်း၊စည်းကမ်း၊တာဝန်ယူမှုကို တောင်းဆိုလာနေပါပြီ။ ။
ကိုးကား- Asia Times


















































