မြွေအန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ဝန်ခံတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်း အရေအတွက်က တိုးလာနေပါတယ်။
ဆွစ်ဇာလန် လက်ရွေးစင် အသင်းဟာ အမေရိကန်မှာ စီစဉ်ထားတဲ့ လေ့ကျင့်ရေးကွင်းနားမှာ အဆိပ်ပြင်းတဲ့ ခလောက်မြွေတွေ ရှိနေတာကို ပြိုင်ပွဲအကြို ကာလမှာ ကတည်းက ဝေဖန်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နော်ဝေးနဲ့ ဂျာမနီတို့လို အသင်းတွေကလည်း တူညီတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရကြောင်း အသီးသီး ဖွင့်ဟလာပါတယ်။ ဂျာမနီမှာဆိုရင် ဘောလုံးကစားတဲ့အခါ ပြိုင်ဘက်ရဲ့ နည်းစနစ်ပိုင်း၊ ဒဏ်ရာရနိုင်ခြေတွေ အကြောင်းကိုပဲ စိုးရိမ်စရာ ရှိပေမယ့် အခုတော့ မြက်ခင်းထဲက မြွေကို တက်နင်းမိမှာပါ တွေးပူနေရပြီလို့ ဂျာမနီ အသင်းခေါင်းဆောင် ဂျိုရှူဝါ ကင်းမစ်ချ်က ပြောပါတယ်။
ကင်းမစ်ချ်နဲ့ အသင်းဖော်တွေဟာ မြောက်ပိုင်း ကာရိုလိုင်းနား ပြည်နယ်မှာ ပုံမှန် တွေ့နေမြင်နေကျဖြစ်ပြီး အဆိပ်ရှိတဲ့ ကြေးနီခေါင်း မြွေတစ်ကောင်ကို လေ့ကျင့်ရေးကွင်းမှာ တွေ့ပြီးကတည်းက အခုလို မလုံမခြုံ ခံစားနေရတာပါ။

Public Service Announcement
သူတို့တွေ မြွေတွေ့ခဲ့ကြောင်း၊ အဲဒီမြွေက အဆိပ်ရှိတယ်လို့လည်း သိခဲ့ရကြောင်း၊ အကိုက်ခံရရင် ဆေးရုံသွားရမယ်လို့လည်း နားလည်ထားကြောင်း ကင်းမစ်ချ်က ဆိုပါတယ်။ မြွေပေါက်လို့ မသေဘူး ဆိုရင်တောင်မှ ဒီကိစ္စက အရမ်း အန္တရာယ် များနေကြောင်း၊ လောလောဆယ်တော့ မြွေတွေနဲ့ အတတ်နိုင်ဆုံး ခပ်ခွာခွာနေဖို့ ကြိုးစားနေကြပေမယ့် မတော်တဆ တက်နင်းမိရင်း ကိစ္စတွေ အရမ်းဆိုးရွားသွားနိုင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။ ဂျာမနီမှာတော့ လူကို အန္တရာယ် ပေးနိုင်တဲ့ တိရစ္ဆာန်တွေ များများစားစား မရှိကြောင်းလည်း ကင်းမစ်ချ်က မှတ်ချက်ပေးခဲ့ပါတယ်။
သူတို့ တွေ့ခဲ့တဲ့ မြွေက ဘယ်လိုအမျိုးအစားလဲ ဆိုတာရယ်၊ အဆိပ်ပြင်းတယ် ဆိုတာရယ်ကို သိလိုက်ချိန်ကစလို့ လေ့ကျင့်ရေးကွင်းမှာ ပျော်ပျော်ရွှင်ရွှင် သိပ်မရှိကြတော့ဘူးလို့လည်း သူက ဖွင့်ဟသွားပါတယ်။ ဂျာမနီမှာတော့ မြွေမျိုးစိတ် ၇ ခု ကျက်စားနေထိုင်ပြီး ၂ မျိုးက အဆိပ်ရှိပါတယ်။
ဂျာမနီဟာ ကမ္ဘာ့ဖလားကို ၄ ကြိမ် ဆွတ်ခူးဖူးပြီး လက်ရှိပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာလည်း ကျူရာဆောင်း အသင်းကို ၇-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ရထားပါတယ်။
မြောက်ကာရိုလိုင်းနားရဲ့ ဂရင်းစ်ဘိုရိုမြို့မှာ အခြေစိုက် လေ့ကျင့်ခန်း ဆင်းနေတဲ့ နော်ဝေးအသင်းကလည်း ကြေးနီခေါင်း မြွေတွေက သူတို့နေရာ တဝိုက်မှာ အရမ်းပေါများကြောင်း အတည်ပြုထားပါတယ်။
ကိုးကား: BBC


















































