Connect with us

Hi, what are you looking for?

အတွေးအမြင်

ကမ္ဘာ့ဖလားမှာ နှစ် ၆၀​ကျော်ကြာကျိန်စာကို မက်ဆီရဲ့အာဂျင်တီးနား​ ကျော်ဖြတ်နိုင်မလား

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀ ​ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်​ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိ​နေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ ​နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ ​အောင်ပွဲမခံနိုင်ပါဘူး။

​သ​ပြေ/People’s Spring

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀ ​ကျော်တိုင် ဘယ်အသင်းမှာ မဖြတ်​ကျော်နိုင်တဲ့ ကျိန်စာတစ်ခုရှိ​နေပါတယ်။ ဘရာဇီးအသင်းနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ ၁၉၆၂ ​နောက်ပိုင်းကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ်ဆက် ဘယ်အသင်းမှ ​အောင်ပွဲမခံနိုင်ပါဘူး။

ပြိုင်ပွဲဝင်အသင်း စံချိန်တင် ၄၈ သင်းပါဝင်တဲ့၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်​ပေါင်း ၆၀​ကျော်ကြာဘယ်အသင်းမှမစွမ်းနိုင်ခဲ့တဲ့ စံချိန်ကို ချိုးဖြတ်နိုင်ဖို့အာဂျင်တီးနား အသင်းမှာအခွင့်အလမ်းရှိ​နေပါတယ် ။ ဒါ​ပေမယ့်အလွန်ခက်ခဲမှာပါ ။

ခေတ်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲ​တွေရဲ့ စိန်​ခေါ်မှု​တွေ​ကြောင့် ၂ ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ထက် ချန်ပီယံဖြစ်ပြီး​နောက်အကြိမ်မှာ အုပ်စုကထွက်ရဖို့ ဖြစ်နိုင်​ချေ​က ပိုများလာပါတယ်။ဒီအချက်ကို ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲ​​နောက်ပိုင်းမှာ​တွေ့ရပါတယ် ။

Public Service Announcement

Public Service Announcement

ခက်ခဲ​ပေမယ့်လည်း ဂန္တဝင်ကစားသမား မက်ဆီ ဦး​ဆောင်လာမယ့် အာဂျင်တီးနားအသင်းဟာ ၂ ကြိမ်ဆက် ချန်ပီယံ ဆုအတွက် ဒီမနက်မှာပဲ စပြီးတိုက်ပွဲဝင်ပါပြီ ။

၁၉၃၀ ခုနှစ်ကစပြီး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၂ ကြိမ်ကျင်းပပြီးခဲ့တာမှာ ဗိုလ်စွဲခဲ့တဲ့ နိုင်ငံက ၈ နိုင်ငံပဲရှိပါတယ် ။ဘရာဇီး ၅ကြိမ် ၊ဂျာမနီ နဲ့ အီတလီ ၄ ကြိမ်စီ ၊အာဂျင်တီးနား ၃ ကြိမ် ၊ပြင်သစ် နဲ့ ဥရု​​ဂွေး ၂ ကြိမ်စီ၊ အဂ်လန် နဲ့ စပိန် တို့က ၁ ကြိမ်စီပါ ။

အဲဒီထဲကမှ နှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တာ အီတလီက ၁၉၃၄ နဲ့ ၁၉၃၈ ၊ ဘရာဇီးက ၁၉၅၈ နဲ့ ၁၉၆၂ ​မှာဗိုလ်စွဲခဲ့တာပါ။

အီတလီရဲ့ ဗိုလ်စွဲမှုဟာ ဖက်ဆစ်အာဏာရှင် မူဆိုလီနီလက်ထက် ​ဘောလုံး​အောင်မြင်မှုကို ဖက်ဆစ်ဝါဒ​အောင်မြင်မှုအဖြစ် ဝါဒဖြန့်ဖို့အိမ်ရှင်လုပ်ခဲ့တဲ့ ၁၉၃၄ မှာ​ ​နောက်ကွယ်ကဖိအား​ပေးတာ၊မသမာမှု​တွေလုပ်ခဲ့တာ​တွေရှိခဲ့တယ်လို့​ဘောလုံးသမိုင်းသု​တေသီအချို့က ​ထောက်ပြပါတယ် ။၁၉၃၈ ဗိုလ်စွဲတာမှာလည်း ဖက်ဆစ်အာဏာရှင်က ​အီတလီဘောလုံးသမား​တွေကို ဗိုလ်လုပွဲမှာမနိုင်ရင် အသတ်ခံရမယ်ဆိုတဲ့သ​ဘောထိ​တောင်ဖိအား​ပေးခဲ့ကြတယ်လို့ ​​ဝေဖန်​ထောက်ပြမှု​တွေရှိခဲ့ပါတယ် ။

တဖက်မှာ မူဆိုလီနီရဲ့ဖိအား​ပေးမှု​တွေရှိတဲ့တိုင် အီတလီအသင်းမှာ အဲဒီ​ခေတ်က အလွန်​ကောင်းတဲ့​ကစားသမား​တွေလည်းနေပါတယ် ။ကွင်းလယ်ဖန်တီးရှင်လည်းဖြစ်အသင်း​ခေါင်း​ဆောင်လည်းဖြစ်တဲ့ ဂျူစပီ မိအာဇာ (Giuseppe Meazza) နဲ့ နည်းပြဗစ်တိုရီယိုပိုဇို (Vittorio Pozzo) တို့က​ ​အောင်မြင်မှုရဲ့​သော့ချက်​တွေဖြစ်ပါတယ် ။

ဘရာဇီးရဲ့ နှစ်ကြိမ်ဆက် ချန်ပီယံဆု​အောင်ပွဲမှာ သူရဲ​ကောင်း​တွေက​တော့ ပုလဲနက်လို့တင်စားကြတဲ့ ပီလီ နဲ့ ဂါရင်ချာ တို့ပဲဖြစ်ပါတယ်။၁၉၅၈ ကမ္ဘာ့ဖလားမှာ ၁၇ နှစ်သားပီလီက ကမ္ဘာကြီးကိုအံအားသင့်​စေခဲ့ပါတယ်။၁၉၆၂ ကမ္ဘာ့ဖလားမှာ​တော့ ပီလီတစ်​ယောက်အုပ်စုဒုတိယပွဲမှာပဲ ​ဒဏ်ရာရပြီး ပြိုင်ပွဲတစ်ခုလုံးမကစားနိုင်​တော့ချိန်မှာ ​တောင်ပံကစားသမား ဂါရင်ချာက ဘရာဇီးအသင်းကို ဗိုလ်စွဲ​အောင် ပုခုံးနဲ့ထမ်းတင်​ပေးခဲ့သူဖြစ်ပါတယ် ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီစွမ်း​ဆောင်ခဲ့တာကလည်း သွင်းဂိုး ၊ဂိုးဖန်တီးမှု ၊ပြိုင်ဘက်​တွေနဲ့ ပွဲအ​ပေါ် လွှမ်းမိုးနိုင်စွမ်းကအထက်ပါ ကစားသမား​တွေထက် မသာရင်​တောင် မနိမ်ခဲ့ပါဘူး။ သွင်းဂိုး ၇ ဂိုး၊ဂိုးဖန်တီးမှု ၃ ကြိမ်ဆိုတဲ့အချက်အလက်​တွေအရဆိုရင် ပို​တောင်သာခဲ့ပါ​သေးတယ် ။ ဒါ​ကြောင့် မက်ဆီရဲ့ ​နောက်ဆုံးကမ္ဘာ့ဖလားမှာ​ရော ဘယ်​လောက်စွမ်း​ဆောင်နိုင်မလဲဆိုတာ​စိတ်ဝင်စားစရာ​ကောင်း​နေပါတယ်။

၂ ကြိမ်ဆက်ချန်ပီယံဖြစ်ခါနီးပြီး မဖြစ်ခဲ့တဲ့ အသင်း ၃ သင်းလည်းရှိခဲ့ပါတယ်။ ဘရာဇီးက ၁၉၉၄ မှာဗိုလ်စွဲခဲ့သလို ၁၉၉၈ မှာလည်း ဗိုလ်လုပွဲအထိ​ရောက်ပြီး ဒုတိယနဲ့​ကျေနပ်ခဲ့ရတာပါ ။ မာရာဒိုနာဦး​ဆောင်တဲ့အာဂျင်တီးနားက ၁၉၈၆ မှာဗိုလ်စွဲပြီး ၁၉၉၀ မှာ ဒုတိယနဲ့​ကျေနပ်ခဲ့ရပါတယ် ။အလားတူ မက်ပီရဲ့ ပြင်သစ်ကလည်း ၂၀၁၈ ဗိုလ်စွဲပြီး ၂၀၂၂ မှာဗိုလ်စွဲဖို့လက်တကမ်းထိ​ရောက်ပြီးမှ ကပ်လွဲခဲ့တာပါ ။

မ​ကောင်းတဲ့စံချိန်​မှတ်တမ်း​တွေက​တော့ ပြင်သစ်ဟာ ၁၉၉၈ ဗိုလ်စွဲပြီး ၂၀၀၂ မှာအုပ်စုကပြုတ်ပါတယ်။ အီတလီလည်း ၂၀၀၆ ဗိုလ်စွဲပြီး ၂၀၁၀ မှာအုပ်စုကထွက်ရပါတယ် ။ စပိန်တို့လည်းအားကျမခံ၂၀၁၀ ဗိုလ်စွဲပြီး ၂၀၁၄ အုပ်စုပြုတ်ပါတယ်။ အလားတူ ဂျာမနီလည်း ၂၀၁၄ ဗိုလ်စွဲပြီး ၂၀၁၈ မှာအုပ်စုကထွက်ရပါတယ်။

ချန်ပီယံဖြစ်ပြီး ​နောက်အကြိမ်မှာထွက်ရ​လေ့ရှိလို့ “ချန်ပီယံကျိန်စာ” (The Champions’ Curse) လို့​တောင်​​ပြောကြပါတယ် ။၂၀၁၈ ချန်ပီယံပြင်သစ်က​တော့ ဒီကျိန်စာကို ​ကျော်ဖြတ်ပြပြီး ဗိုလ်စွဲလုနီးနီး​ရောက်​အောင် စွမ်း​ဆောင်ခဲ့တာပါ။

​ခေတ်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲ​တွေမှာ ၂ ကြိမ်ဆက်ဗိုလ်စွဲဖို့ ဘာ​ကြောင့်ပိုခက်ခဲလာတာပါလဲ။ ​ပြိုင်ပွဲဝင်အသင်းတွေကြား​ဘောလုံးအဆင့်အတန်းကွာဟမှုကျဥ်း​မြောင်းလာတာ၊ ချန်ပီယံအသင်းရဲ့ နည်းဗျူဟာ၊ ကစားသမားတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြိုင်ဘက်နည်းပြအဖွဲ့တွေ၊ကစားသမား​တွေက ဗီဒီယိုမှတ်တမ်းတွေ၊ အချက်အလက်တွေကို ၄ နှစ်တာပတ်လုံး အသေးစိတ် ​လေ့လာပြီး တားဆီးဖို့ပြင်ဆင်နိုင်တာ ၊ ဗိုလ်စွဲထားတဲ့အသင်းမို့ ဖြုတ်ချင်ကြတာ ၊ ပြိုင်ပွဲဝင်အသင်းအ​ရေအတွက်များလာတာ(အီတလီနဲ့ဘရာဇီး ၂ ကြိမ်စီဗိုလ်စွဲစဥ်ပြိုင်ပွဲဝင်အသင်း ၁၅သင်း၊၁၆ သင်းပဲရှိတာ) စတဲ့အချက်အလက်​တွေ​ကြောင့် ၂ ကြိမ်ဆက်ဗိုလ်စွဲဖို့ကခက်ခဲလှပါတယ် ။

ဒါ့အပြင်ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုက ပြိုင်ပွဲအတွင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၁ ရတဲ့အသင်း​တွေက ဗိုလ်စွဲနိုင်တာအင်မတန်ရှားပါတယ်။၂၀၁၀ ပြိုင်ပွဲမှာတုန်းကစပိန်ပဲရှိခဲ့ဖူးပါတယ် ။​ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကမ္ဘာ့​ဘောလုံးအဆင့်သတ်မှတ်ချက်စထုတ်ပြန်တဲ့ ၁၉၉၃ ​နောက်ပိုင်းစပိန်ပဲရှိခဲ့ဖူးပြီး ကျန် အဆင့် ၁ ​တွေအတွက်ကျိန်စာဖြစ်ခဲ့တာပါ ။

ဒါ​တွေက သမိုင်းအချက်အလက်​တွေပါ။အ​ရေးအကြီးဆုံးက​တော့ ကွင်းအတွင်းစွမ်း​ဆောင်ရည်သာ အဓိကပါ။ အာဂျင်တီးနားအသင်းမှာ ချန်ပီယံဆုကိုစိန်​ခေါ်နိုင်တဲ့ အရည်အ​သွေးရှိ​နေတာက​တော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။နည်းပြ စကာလိုနီရဲ့ အသင်းဟာ ၂၀၂၁ ကိုပါအ​မေရိက ချန်ပီယံ ၊၂၀၂၂ Finalissima ချန်ပီယံ၊၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ ၊၂၀၂၄ ကိုပါအ​မေရီက ချန်ပီယံတို့ဆက်တိုက်ဆွတ်ခူးထားတာပါ ။

လက်ရှိပြိုင်ပွဲကို အထက်ပါချန်ပီယံဆု​တွေရ​အောင်စွမ်း​ဆောင်​ပေးတဲ့အဓိကကစားသမား​​တွေ နဲ့ ပင်ကိုယ် ပါရမီ​ကောင်းတဲ့ လူငယ်ကစားသမား​တွေ ​ပေါင်းစပ်ပြီးပြိုင်ပွဲဝင်လာတာဖြစ်ပါတယ် ။ဒါ​ကြောင့် လက်ရှိ​ဘောလုံး​လောကမှာ ​​​ခြေစွမ်းအမြင့်ဆုံးကိုကာလအရှည်ကြာဆုံးထိန်းထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

​​အောင်မြင်မှုအများကြီးရထားတဲ့အသင်းမို့​အောင်ပွဲအ​ပေါ်ဆာ​လောင်မှု ​လျော့နည်းသွားနိုင်တယ်လို့​​သုံးသပ်မှု​တွေလည်းရှိပါတယ်။ဒါ​ပေမယ့် ပြိုင်ပွဲအနီး ​ခြေစမ်းပွဲ​တွေမှာ​တောင် ​ဘောလုံးဆုံးရှုံးရင်​တောင် ကစားသမားအားလုံးက မရမက ၊ကျားကုတ်ကျားခဲ ဇွဲသန်သန်နဲ့ လိုက်လုကစားတာ ၊ ပြိုင်ပွဲဝင်စိတ်ပြင်းထန်လှတာ ၊အသင်းလိုက်စည်းလုံးမှု အား​ကောင်းတာ​တွေက အာဂျင်တီးနားရဲ့ဝိ​သေသဖြစ်​နေပါတယ်။

အားနည်းချက်လည်းအ​သေအချာရှိ​နေပါတယ် ။ အဓိက ကစားသမားဖြစ်တဲ့ မက်ဆီရဲ့အသက်အရွယ်ပါ။​ကြံခိုင်မှုအတွက်​တောင်းဆိုမှုများလှတဲ့ပြိုင်ပွဲကြီးမှာ ၃၈ နှစ်အရွယ်ကစားသမားကြီးက ဘယ်အထိ စွမ်း​​ဆောင်နိုင်မလဲဆိုတာ အားလုံးအတွက်မသိကိန်းပါ။ဒါ​ပေမယ့် ဘယ်သူမှမစွမ်း​ဆောင်နိုင်ခဲ့ဖူးတဲ့ ပြိုင်ပွဲကြီး ၂ ခုမှာအ​ကောင်းဆုံး​ဘောလုံးဆု ၂ ကြိမ်(၂၀၁၄ ၊၂၀၂၂) ရထားတဲ့မက်ဆီဟာ ​ခြေစွမ်းကို အမြင့်ဆုံးအဆင့်မှာ နှစ် ၂၀​ ​ကျော်ထိန်းထားနိုင်တာကြောင့်​လည်းလျှော့တွက်လို့လည်းမရပြန်ပါဘူး ။ ဒီပြိုင်ပွဲမှာပဲမက်ဆီက သမိုင်းတ​လျှောက်ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံး နဲ့ ဂိုးဖန်တီးမှုအများဆုံးစံချိန်ရှင်ဖြစ်လာဖို့လည်းလက်တကမ်းပဲလို​တော့တာပါ။

ပိုပြီးစိတ်ဝင်စားဖို့​ကောင်းတာက ဒါဟာ ​မှော်ဆန်တဲ့​ခြေစွမ်းပိုင်ရှင်မက်ဆီရဲ့ ​နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ။​နောက်ဆုံးအကြိမ် ကခုန်ခြင်း-last dance ဖြစ်​နေတာပါ ။

မက်ဆီအတွက်ဆိုရင် တိုက်ပွဲဝင်ဖို့အသင့်ဖြစ်​နေတဲ့ ဒီ​​ပေါ တို့တစ်သိုက် ၊မက်ဆီနဲ့အတူ ဘယ်အထိစွမ်း​ဆောင်နိုင်မလဲဆိုတာမြန်မာစံ​တော်ချိန် ဇွန် ၁၇ရက်မနက်မှာ အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ စမြင်​​တွေ့ခွင့်ရပါပြီ ။ သမိုင်းမှာဆုဖလား​​ပေါင်း ၄၆ ခုနဲ့အများဆုံးစံရှင်ပေါင်း မက်ဆီကပြိုင်ပွဲမတိုင်ခင် အစ်စတာဂရမ်မှာ ​နောက်ဆုံးပိုစ်​ရေးတင်ထားပါတယ်။

“Juntos” ပါတဲ့ ။ “Juntos” ဆိုတာ စပိန်ဘာသာစကားဖြစ်ပြီး “အတူတကွ”လို့ အဓိပ္ပါယ်ရပါတယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြွေအန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ဝန်ခံတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်း အရေအတွက်က တိုးလာနေပါတယ်။

နိုင်ငံတကာ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းတဲ့ Hat-trick ပိုင်ရှင် ပထမဆုံး ကစားသမား ဖြစ်လာသလို ကမ္ဘာ့ဖလား ပြိုင်ပွဲတွေရဲ့ ထာဝရ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း လိုက်မီလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား အုပ်စု (ဇ) အဖွင့်ပွဲစဉ်မှာတော့ ဥရုဂွေးဟာ အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားကို နောက်ကလိုက်ကစားပြီး တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ချိန် ကတည်းက တောင်အမေရိက အသင်းတွေဟာ နိုင်ပွဲတစ်ပွဲ ရှာတွေ့ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ အာရှတိုက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ လက်ရှိ ဖြတ်သန်းမှုဟာ ရှုံးပွဲ မရှိသေးသလို ကျေနပ်စရာ ရလဒ်တွေကို တွေ့မြင်နေရပါတယ်။