Connect with us

Hi, what are you looking for?

ဆောင်းပါး

သေလမ်းကို ငြင်းကြတဲ့ ရန်ကုန်လူငယ်

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

-လင်းဆက်ငြိမ်းချမ်း​ရေးသားသည်။

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

သူက စီးပွားရေးတက္ကသိုလ်ကနေ ကျောင်းပြီးပြီးနောက် ပညာနဲ့ ဘဝတည်မယ် ဆိုတဲ့ ယုံ ကြည်ချက်နဲ့ NLDအစိုးရလက်ထက် ရန်ကုန်မြို့ပေါ် တက်လာတဲ့ ကိုယ့်ဒူးကိုယ်ချွန်လူငယ်။အခု စစ် မီးတောက်နေတဲ့ မကွေးတိုင်းတစ်နေရာကနေ တက်လာတာလို့ သူက ပြောတယ်။

“နိုင်ငံရေးတွေဘာတွေကျနော်ဘာမှမသိဘူး။အခုလည်းသိပ်မသိပါဘူး။ကိုယ့်ပညာနဲ့ ကိုယ့် ဘဝ ကိုယ် လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ဖို့ပဲ သိတယ်။အခုတော့ စစ်တပ်က ကျနော်တို့လူ ငယ်တွေကို သေတွင်းထဲ တွန်းချနေတာကိုတော့ ကောင်းကောင်းသိနေရပြီ”လို့ သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

ကျောင်းပြီးလို့ ရန်ကုန်ကို တက်လာတုန်းက မိဘတွေကလည်း စီးပွားရေးသောင်သာတာ ကြောင့် စာရင်းအင်းပညာရပ်ကို ဌာန်ကုန်အောင်သင်တန်းမျိုးစုံတက်ပြီးမှ လုပ်ငန်းခွင်ထဲသို့ ဝင်။ သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ ကျွမ်းကျင်ဝန်ထမ်းအဆင့်၊ရာထူးနဲ့လစာ တိုးနှုန်းက မြန်မြန်ဆန် ဆန်၊ ကုမ္ပဏီဒါရိုက်တာတွေရဲ့အသိအမှတ်ပြုခြင်းလည်းခံရ။သူ့အနာဂတ် ကောင်းကင်မှာ မျှော်လင့် ခြင်းတွေက ရောင်စဉ်ခုနှစ်ဖြာ။

“ကုမ္ပဏီထောက်ခံချက်နဲ့ အရစ်ကျစနစ်နဲ့ တိုက်ခန်းဝယ်တယ်။နောက်၃-၄နှစ်ကြာရင် မိန်းမ ယူမယ်။ နိုင်ငံခြားမထွက်ဘဲ ရန်ကုန်မှာပဲ တိုက်နဲ့ကားနဲ့ နေနိုင်အောင် ကြိုးစားမယ်ပေါ့။ အဲမှာ အာ ဏာသိမ်းလိုက်တော့ ရှော့ခ်ရကုန်တာ”လို့ သူက ဆက်ပြောတယ်။

အာဏာသိမ်းပြီးတော့ ဆန္ဒပြပွဲတွေဖြစ်၊ပြီးတော့ တတိယလှိုင်းကိုဗစ်။ဘရိတ်ဆောင့်နင်း လိုက်သလိုကုမ္ပဏီလုပ်ငန်းတွေ ထိုးရပ်သွားတော့အဲဒါကိုသူကပထမရှော့ခ်လို့ ခေါ်တယ်။

ပထမရှော့ခ်က နိုင်ငံရေးဆိုတာ တိုင်းပြည်စီးပွားရေးတင်မက လူတစ်ဦးချင်းစီရဲ့ဘဝအထိပါ သက်ရောက်မှု အရှိန်ပြင်းကြောင်း သဘောပေါက်ခဲ့ပေမဲ့ နောက်တစ်နှစ်လောက်ဆို ပုံမှန်အခြေအနေ ကို ပြန်ရောက် ပြီး ပုံမှန်အတိုင်း ကုမ္ပဏီစီးပွားလည်း ပြန်ထူမတ်ကာ အာဏာမသိမ်းခင်က ရခဲ့တဲ့လ စာအတိုင်း ပြန်လည်ရရှိမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးသေးကြောင်း သူကပြောတယ်။

ဒါပေမဲ့၊ ကုမ္ပဏီစီးပွားရေးက အများသူငါလို ပြာခါခြင်းဇာတ်မှာ လူးလိမ့်နေတာကြောင့် မဖြစ် မနေ ဖော်ဆောင်ရတဲ့ နည်းနည်းနဲ့ ကျဲကျဲပေါ်လစီအရ သူ့လုပ်ဖော်ကိုင်ဘက်တွေ တစ်ယောက်ပြီး တစ်ယောက် အလုပ်ပြုတ်ကြ။ပြုတ်သွားတဲ့သူ့မိတ်ဆွေတွေ အလုပ်ကောင်းပြန်ရတယ်ဆိုတာမျိုး မရှိ ရုံတင်မက တချို့ဆို မိသားစုဝမ်းရေးအတွက် သုံးဘီးထောင် ကယ်ရီသမားဘဝကို ခံယူလိုက်ရ တဲ့အထိ။

“ကျနော်က ဒီနေ့ထိ အလုပ်မပြုတ်သေးပေမဲ့ လကုန်ခါနီးတိုင်း လူထပ်လျှော့ဦးမလားဆိုပြီး တထိတ်ထိတ် ဖြစ်ခဲ့ဖူးတယ်”လို့ သူကဆိုတယ်။

အလုပ်ပြုတ်သွားရင် ဘာလုပ်မလဲဆိုတာကို ဆက်မစဉ်းစားရဲ။သူက စာရင်းအင်းပညာရပ် က လွဲလို့ ဘာမှမတတ်တဲ့သူ။ဇာတိပြန်မယ်ဆိုလည်းစစ်ဘေးရှောင်လိုက်ရွာပြန်ကပ်လိုက်နဲ့ ကံဆိုးရင်စစ်တပ်သတ်လို့ သေရမယ့်အခြေအနေ။စင်ကာပူမှာ စာရင်းကိုင်ပညာနဲ့ အလုပ်သွားလုပ်ဖို့ပညာရပ်ဆိုင်ရာ လုံလောက်တဲ့ ကျွမ်းကျင်မှုရှိပေမဲ့ ပွေလီလွန်းလှတဲ့ ပြည်ပထွက်ခွာ ကန့်သတ်ချက်တွေကို ကျော်ခွဖို့ရာ မလွယ်ပြန်။ အောက်လမ်းကနေ ထိုင်းနဲ့ မလေးရှားကို ထွက်ဖို့ မခက်ခဲလှပေမဲ့ ဟို ရောက်ရင် ကိုယ့်ဘာသာ ဘာကြီး တတ်တတ်၊အလုပ်ကြမ်းသာ လုပ်ရမှာမို့ ဘယ်လိုမှ အဆင်မပြေ။

အဲဒါကြောင့် မကြာခဏရောက်လာတတ်တဲ့ အလုပ်ပြုတ်ခဲ့ရင်…ဆိုတဲ့အတွေးကို ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ဆိုပြီး ဘာကိုမှမကြောက်သလိုဘာလိုလိုနဲ့ ပုဒ်မချပစ်။

အခုအချိန်ထိ အလုပ်မပြုတ်သေးသလို ဒီဘက်နှစ်မှာ ကုမ္ပဏီစီးပွားရေးက အသက်လုရှူလို့ ရတဲ့ အခြေအနေဆီ ရောက်လာတာမို့ လစာမတိုးနိုင်တာနဲ့ ဝန်ထမ်းအသစ် ထပ်မခန့်နိုင်တာကလွဲ လူဟောင်းတွေ အ လုပ်ပြုတ်နိုင်ခြေ ရာခိုင်နှုန်းနည်းသွားပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေရော့ သလား။

အလုပ်ပြုတ်ရုံတင်မကအသက်ပါ ပါသွားနိုင်တဲ့ စစ်မှုထမ်းပြဿနာက အကြီးအကျယ် ထိုး နှက်လာပြန်တာကြောင့် အကြောက်ကြီး ကြောက်ရပြန်တယ်။

“မနှစ်တုန်းကစပြီး ပေါ်တာကို ကြောက်လို့ ကုမ္ပဏီအသွား၊အပြန်ကိုအလုပ်ထဲက ၂

ယောက် နဲ့ အမြဲသွားတယ်။ လမ်းမပေါ်ရောက်တာနဲ့ အမြဲသတိထားတယ်။လာဆွဲရင် ပြန်ဆော်လို့ရအောင် စတီးထမင်းချိုင့်ကို အမြဲကိုင်ထားတယ်”လို့ သူက ပြောပြတယ်။

ရန်ကုန်မှာ ပေါ်တာဆိုတာ ဘယ်သူကမှ ရင်မဆိုင်ရဲတဲ့ ငရဲခွေးကြီးပမာ။ရန်ကုန်လမ်းတွေမှာ ပေါ်တာဆိုတာ အရပ်ဝတ်တွေနဲ့လည်းဆွဲ၊ ယူနီဖောင်းတွေနဲ့လည်း ဆွဲ။ညဘက်ဆို ရပ်ကွက်တွေထဲ အုပ်ချုပ်ရေးမှူးတွေကလည်း ဆွဲ။ စစ်မှုထမ်းဈေးကွက်ထဲ ပစ်ထည့်လိုက်တာနဲ့ အိတ်ကတ်ထဲ ငွေ တွေ အထပ်လိုက် စီးဝင်လာတာကြောင့် တစ်ဘို့တည်းသမား လူ့ငနွားတွေက လူဖမ်းပွဲကြီးကို ပျော် ပျော်ကြီး ဆင်နွှဲလို့။

“အရင်တုန်းကတော့ပေါ်တာဆိုတာနည်းနည်းကို များများလျှောက်ပြောကြတယ်လို့ပဲထင် ထားတာ။ကျနော် သေချာသိတဲ့လူတစ်ယောက်ပါသွားတော့မှပဲ တကယ်ဆိုတာ ယုံသွားတယ်။ လမ်းထိပ် လက်ဖက်ရည်တောင် ထွက်မထိုင်တာကြာပြီ”လို့ လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အသက်၂၃ နှစ်အရွယ်ရှိ လူငယ်လေးတစ်ဦးက ဆိုတယ်။

ရန်ကုန်မှာ လူပျောက်ဆုံးမှုတွေ တောက်လျှောက်ဖြစ်နေကြောင်း ရန်ကုန်ကိုစောင့်ကြည့်နေ တဲ့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာတွေ နဲ့ သတင်းဌာနတွေက ဖော်ပြကြတယ်။အခု ၂၀၂၆ ခုနှစ်မှာ ပျောက်ဆုံးလူငယ်တွေရဲ့မိသားစုဝင်တွေကလူမှုကွန်ရက်ပေါ် ပရိုဖိုင်းအစစ်အမှန်တွေနဲ့ တက်ပြောလာကြတာကြောင့် ပိုပြီး ခိုင်မာလာတယ်။

ဇွန်တစ်ရက်ကအသက်၂၇နှစ်အရွယ်ရှိ KBZpay Center (Time Mall)တာဝန်ခံလူငယ် စမ်း ချောင်းက သူ့အိမ်ကနေ အလုပ်သို့အသွား ပျောက်ဆုံးသွားကြောင်း အစ်မဖြစ်သူက သူ့ဖေ့စ်ဘွတ်ခ် ပေါ် တင်ထားတာ တွေ့ရတယ်။

မေလ၂၅ရက် နံနက် ၁၂နာရီကျော်အချိန် ရွှေပြည်သာ၊ဗိုလ်ချုပ်လမ်းမပေါ်က ပိတ်လိပ် ရောင်းဝယ်ရေး ဂိုထောင်ရှေ့မှာ အရက်မူးပြီး အိပ်နေတဲ့ဝန်ထမ်းကို ကားနဲ့ရောက်လာတဲ့ လူ၂ ယောက်က ပြန်ပေးဆွဲသွားပြီးနောက် အစအနပျောက်၊ ရဲစခန်းသွားတိုင်တော့လည်း အရေးယူ ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ပိတ်လိပ်ရောင်းဝယ်ရေးပိုင်ရှင်က ရုပ်သံလွှင့်။

ပြီးတော့မတ်လ၁၆ရက်ကတာမွေမှာ ပျောက်သွားတဲ့အသက်၄၇နှစ်အရွယ်ဆိုက်ကား ဆရာကို နောက်၂လလောက်အကြာမှာ မိသားစုက ပြန်အဆက်အသွယ်ရတော့ ရောင်းစားခံရလို့ စစ် တပ်ထဲ ရောက်နေပြီတဲ့။ သူ့အမျိုးသမီးရဲ့ Tiktok လူမှုကွန်ရက်ပေါ်က ရင်ဖွင့်သံကို နားနဲ့ဆတ်ဆတ် ကြားရပြန်တော့ ရန်ကုန်မြို့က အသက်၄၀ကျော်အရွယ်တွေလည်း သတိကြီးကြီးထားလာကြတယ်လို့ အသက်၅၀ကျော်ပြီဖြစ်တဲ့ ကမာရွတ်မြို့သားတစ်ဦးက ဆိုတယ်။

သူ့အသက်အရွယ်အတိအကျက ၅၃နှစ်။သူ့အလုပ်အကိုင်က ကားလေးတစ်စီးနဲ့ ရန်ကုန်မြို့ ပတ်ကာ ပစ္စည်းအမှာတွေ လိုက်ပို့နေသူ။သူ့အနေနဲ့ လမ်းမပေါ်က ပေါ်တာကိစ္စ စိုးရိမ်ထိတ်လန့်စိတ် အလျဉ်းမရှိပေမဲ့ သူတို့ ၅၀ တန်း မိတ်ဆွေတချို့ကတော့ ပေါ်တာအဆွဲခံရမှာကြောက်လို့ ဆံပင် တောင် ဆေးမဆိုးတော့ဘူးလို့ ပြောတယ်။

“၄၀ကျော်တွေက အရင်ကတည်းက ကျွတ်နေကြတာ။အခု တာမွေက ဆိုက်ကားဆရာ သ တင်း တက်လာတော့ ပိုဆိုးကုန်တယ်။ကိုယ်က ပေါ်တာကိုမကြောက်ပေမဲ့ ကိုယ့်အမေ ၈၀ကျော် က တော့ ကိုယ်အပြင်ကနေ ပြန်မလာမချင်း ပူနေတယ်။မြေးတွေအတွက်လည်း ပူနေတယ်။မအလ က အရွယ်သုံးပါးစလုံးကို စိတ်ဒုက္ခပေးနေတာ ကိုယ်တို့ ပြည်သူတွေမမေ့ပါဘူး”လို့သူကဆက်ပြောတယ်။

သူ့မှာက ၁၈နှစ်ပြည့်တာမကြာသေးတဲ့ သားတစ်ယောက်နဲ့ အသက်၂၀ကျော်ပြီဖြစ်တဲ့ တူ၂ ယောက်။ ၅၀ကျော်ပြီဖြစ်တဲ့ သူ့ကိုယ်သူ မပူမိပေမဲ့ သားနဲ့ တူတွေအတွက် ပူပန်နေရသလို သူတို့လေးတွေစစ်မှုမထမ်းရရေးအတွက်အဖြေရေရာတဲ့လမ်းကြောင်းလည်းမရှိသေးတာကြောင့် မီးစင် ကြည့်ကဖို့သာ ရှိတယ်လို့ ဆိုတယ်။

ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Rangoon Scout Networkရဲ့စောင့်ကြည့်မှတ်တမ်းတွေအရ မင်းအောင်လှိုင် သမ္မတတုအဖြစ် ခေါင်းပေါင်းစွပ်ခါစ ဧပြီလမှာ ရန်ကုန်မြို့တွင်းပေါ် တာဆွဲ ဖမ်းဆီးမှုတွေ လျော့ကျသွားပေမဲ့ မေလရောက်တော့ ပေါ်တာဆွဲတာတွေ ပြန်လည်မြင့်တက် ရုံတင်မကစစ်မှုထမ်းစာရင်းကိုင်ကာ အိမ်ပေါ်တက် ဖမ်းဆီးမှုတွေပါ ရှိလာတာကြောင့် လူငယ်တွေ ရော မိဘတွေအတွက်ပါ စိုးရိမ်စိတ်တွေ ပိုကြီးလာကြတယ်လို့ ၅၃နှစ်အရွယ် ကမာရွတ်မြို့သားက ဆိုတယ်။

ကုမ္ပဏီဝန်ထမ်း စာရင်းကိုင်လူငယ်က “ကျနော်ရခဲ့တဲ့ ဒုတိယရှော့ခ်က အဲဒါပဲ”လို့ ပြောပြ တယ်။ဒီဘက်နောက်ပိုင်း စစ်မှုထမ်းစာရင်းနဲ့ အိမ်ပေါ်တက်ဖမ်းဆီးတဲ့သတင်းတွေကို ဖတ်လာရပြီး နောက် ညဘက်ဆို တော်ရုံနဲ့ အိပ်မပျော်။အိပ်ပျော်သွားလည်း ဘာမှမကြာ ခွေးဟောင်သံတွေ ညံလာ တိုင်း လန့်နိုးကာ စစ်ဖိနပ်သံတွေများလားလို့ ထကြည့်မိနဲ့ တစ်ညလုံး လုံးချာလည်။

“ကျနော်တစ်ယောက်တည်းအိပ်မပျော်ဖြစ်နေသလားပေါ့။ရန်ကုန်က ကျနော့်အသိအကျွမ်းတွေကိုမေးကြည့်တော့တချို့ဆို စစ်မှုထမ်းပါသွားပြီဆိုပြီး အိပ်မက်ဆိုးတွေတောင် မက်တယ်။ နောက်ဆုံး တိုက်ခန်းမှာ တစ်ယောက်တည်း နေရတာ ဘယ်လိုမှ စိတ်မလုံခြုံတော့တဲ့လို့ နေရာ ပြောင်းတဲ့အထိ ဖြစ်လာတယ်”လို့ သူကဖွင့်ဟပါတယ်။

စစ်မှုထမ်း စိတ္တဇကို မခံနိုင်တော့တဲ့အဆုံး ကုမ္ပဏီဒါရိုက်တာကို အကျိုးအကြောင်းပြောပြ၊ကုမ္ပဏီရဲ့ပစ္စည်းထားတဲ့ဂိုထောင်မှာ နေခွင့်ပြုဖို့မေတ္တာရပ်ခံကာမကြာသေးမီရက်ပိုင်းကပဲ သူလို စိတ္တဇ လုပ်ငန်းဖော်တစ်ယောက်နဲ့အတူပြောင်းရွှေ့။ဂိုထောင်မှာကဘေးတံခါးပေါက်ရှိတာ ကြောင့် ညရောက်ရင် ပင်မတံ ခါးကို အပြင်ဘက်ကနေ သော့ခတ်ကာ မီးတွေအကုန်ပိတ်၊ အထဲမှာ ဘယ်သူမှမရှိသယောင်။ဘာပဲဖြစ်ဖြစ် စိတ်သက်သာရာ ရတယ်လို့ဆိုတယ်။

“ကျနော့်ခေါင်းထဲမှာစီးပွားရေးတွေ ကြီးပွားရေးတွေလည်း မရှိတော့ဘူး။ အနာဂတ်ဆိုတာ ကို ဖယောင်းကျက်လို့ပဲ မှတ်ထားလိုက်တယ်”တဲ့။

အရေးကြီးနံပါတ်တစ်ကစစ်မှုထမ်းမပါရေးပဲ။နံပါတ်၂ဆိုတာလည်း စစ်မှုထမ်းမပါရေး။နံ ပါတ်၃ ကလည်း ဒါပဲ။ရန်ကုန်ကနေ ပြေးစရာမြေမရှိတဲ့ လူငယ်တွေ ရန်ကုန်မှာ အိပ်မက်ဆိုးတွေနဲ့ လုံခြုံမယ်လို့ ထင်တဲ့နေရာ ပတ်ပြေးနေကြတယ်။

စစ်မှုထမ်းဆိုတာ မင်းအောင်လှိုင် ခင်းထားတဲ့ သေလမ်းပဲလို့သူတို့ကောင်းကောင်းသိကြတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။