Connect with us

Hi, what are you looking for?

ကဗျာ

‘မမြဝါအတွက်ရည်ရွယ်သည်’

လေရူးသုန်မှုံ မနက်ခင်းစိုစိုမရောက်ခင်
အရုဏ်ပျိုဟာ ဘယ်လိုပြုံးရမလဲ သင်ခဲ့တယ်၊
တောင်ရိပ်ထွေဖုံ၊ ညနေအိုအို
စက္ကန့်ကစ၊ ဖြတ်သန်းစီးဆင်းနေမှုတွေအတွက်
ရသလောက် လွမ်းဖူးချင်ပါတယ်၊
ရသလောက် ချစ်ဖူးချင်ပါတယ်။

နွံဆိုင်

လေရူးသုန်မှုံ မနက်ခင်းစိုစိုမရောက်ခင်
အရုဏ်ပျိုဟာ ဘယ်လိုပြုံးရမလဲ သင်ခဲ့တယ်၊
တောင်ရိပ်ထွေဖုံ၊ ညနေအိုအို
စက္ကန့်ကစ၊ ဖြတ်သန်းစီးဆင်းနေမှုတွေအတွက်
ရသလောက် လွမ်းဖူးချင်ပါတယ်၊
ရသလောက် ချစ်ဖူးချင်ပါတယ်။

ခေတ်နဲ့အညီ အသက်ကြီးလာရတယ်
မအိုမင်းသေးတဲ့ လူ‌တွေဟာ
ဟောင်းနွမ်းနေတဲ့ စိတ်တွေနဲ့ လှုပ်ရှားသွားလာ
လောကရဲ့ရသတွေအတွက်
တချို့ အကြောက်တရားတွေဟာ
တကယ့်ကို ခြောက်ခြားစရာပါ မမြဝါ၊

ဈေးထိပ်က ပန်းဆိုင်တန်းရဲ့
မျက်နှာချင်းဆိုင်ကမှတ်တိုင်မှာ
သပြေတွေ ဈေးပေါခဲ့စဉ်
အမေအိုဟာ ကမ္ဘာကြီးမီးလောင်နေလည်း
ဂန္ဓမာပန်းတွေ ဘုရားကပ်နေတုန်း
ကာလကပ်ဘေးဟာ နှစ်ရှည်ခံပန်းပင်တွေလို
အလှတရားဟာလည်း သစ္စာရှိစွာ
တကယ့်ကို နေရာစုံမှာ

Public Service Announcement

Public Service Announcement

တချို့ညတွေရဲ့ အုတ်ခုံပေါ်မှာ
ကံ့ကော်ရိပ်ရဲ့ခြေရာဟာ
ခူးဆွတ်သူမရှိသလို လှပတိတ်ဆိတ်စွာ
တကယ်တော့ အမှတ်တရဆိုတာ
ကျောင်းသွားကျောင်းပြန် ဘက်စ်ကားတခါစီးစာ
‌ခြေဗလာသက်သက်နဲ့ အိမ်ပြန်ဖူးသလို
ခုထိလည်း အရာရာ အရင်တိုင်း
နေ့စဉ်ဟာ ဘယ်လိုရက်စက်သွားသည်မသိ
ကိုယ့်ဒဏ်ရာကိုယ်ကျင်ရတာလောက်
သည်ကာလမှာ စိတ်ညစ်စရာဘာရှိမှာလဲ

လူကိုခေတ်ကပုံသွင်းရင်း
ကျောင်းဆင်းချိန်တွေမှာ ရင်းနှီးခဲ့ဖူးသည်
ပုံမလာပန်းမလာ လရိပ်ဝါဟာ
အရင်လို ဆူညံမနေတော့ပါ၊
တကယ်တော့ ညရဲ့ဗီဇဟာ
ဆူညံပါတယ် မမြဝါ။

ရည်ရွယ်ချက်မမဲ့အောင်
တခုခုကိုစောင့်၊
မျက်မြင်တိုင်းလည်း ကိုယ်မတွေ့နေတော့
ကျနော်ဟာ ခုထိ အတ္တကြီးစွာ
ခေတ်ရူးတခု ဦးကြိုစောင့်နေရက်နဲ့
မိုးလေကင်းဝေးပြီး ချမ်းမြေ့စွာအိပ်ဖို့ပြောတာဟာ
အချိန်ခါ နှောင်းသွားပြီးကြောင်း
ကျနော်နားလည်ထားပြီးသားပါ မမြဝါ
နွေလေရူးရဲ့ ကွက်ကြားမိုးအလွန်မှာ
ကျနော့်ရဲ့ မမြဝါဟာလည်း တခြားလူတွေလို
လွမ်းလွမ်းဆွေးဆွေး ဖြစ်နေဦးမှာ။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​နွံဆိုင်’
ရေးဖွဲ့တဲ့ “မမြဝါအတွက်ရည်ရွယ်သည်” ကဗျာကို
People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ
ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ