Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘အကြံအိုက်နေသော မိုးတိမ်များ’

အဖြေရှိသော မေးခွန်းများကို ဖြေဆိုရန် ကျနော်တို့ ရောက်လာကြခြင်းဖြစ်သည်။ ထို့အတူ အဖြေမရှိသော မေးခွန်းများကို ​မေးရန်လည်း ကျနော်တို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ တချို့သည် မျက်နှာဖုံးတွေနှင့်။ တချို့သည် ယုတ်မာရက်စက်မှုတွေနှင့်။

◼️အဲလတ်လူဝါ

(၁)

အဖြေရှိသော မေးခွန်းများကို ဖြေဆိုရန် ကျနော်တို့ ရောက်လာကြခြင်းဖြစ်သည်။ ထို့အတူ အဖြေမရှိသော မေးခွန်းများကို ​မေးရန်လည်း ကျနော်တို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ တချို့သည် မျက်နှာဖုံးတွေနှင့်။ တချို့သည် ယုတ်မာရက်စက်မှုတွေနှင့်။ တချို့သည် ဓားခုတ်ရာတွေနှင့်။ တချို့သည် ကျောပေါက်ကြီးတွေနှင့်။ တချို့သည် အူ၊ ကလီစာတွေထွက်လျက်။ တချို့သည် ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်လျက်။ ဒီလိုပါပဲ။ လူတချို့အတွက် အိမ်သည် အိပ်မက်ထဲမှာပင် ပြန်ဖို့ ခက်ခဲလာသည်။ တချို့သည် ဘယ်သောအခါမှ အိမ်မပြန်နိုင်ကြတော့ပါ။ လောကဟာ လှနေဆဲဖြစ်သည်ဟု သင် ကျွန်ုပ်ကို မှန်မှန်လိမ်နိုင်ပါသည်။

(၂)

Public Service Announcement

Public Service Announcement

“ ငါတို့ အိပ်မက်ထဲအထိ လေယာဥ်နဲ့ ဗုံးလိုက်ကြဲတဲ့မင်းတို့ကို ဘုရားသခင်နဲ့ တိုင်ပြောမယ်” ဟု ရေးထားသည့် စစ်ဘေးရှောင်ကျောင်းသားလေး၏ မညီမညာလက်ရေးတွေသည် ဝမ်းနည်းစရာကောင်းသော်လည်း ဘယ်ဘုရားရှင်ကမှ မမြင်နိုင်ခဲ့ပါ။ ထို့နောက် ပိုင်ရှင်မဲ့နေသော သွေးစွန်းလွယ်အိတ်များနှင့်အတူ မစားရသေးသည့်ထမင်းချိုင့်လေးတွေ၏ ငိုသံများကို နတ်ကောင်းနတ်မြတ်အပေါင်းတို့ ကြားသော်လည်း မကူနိုင်မကယ်နိုင် လက်မှိုင်ချနေပြီထင်ပါသည်။ ဝဋ်ကြောင်းတရားဟာ ဤဌာနေမှာ မလည်တော့ဘူးတဲ့လား။ ကြာလွန်းလိုက်တာ။

(၃)

အမှန်တရားသည် သွေးအိုင်ထဲတွင် ပက်လက်လန်လဲကျနေပြီး အသက်ငင်နေသည်မှာ ကြာပြီမှန်း သင်လည်း အသိပင်ဖြစ်သည်။ လူနာတင်ယာဥ်လည်း ရောက်မလာသေးပါ။ ဒီလိုနှင့် အမှန်တရား အသက်ပါသွားမှာကို သိသော်လည်း အမှုတွဲထဲ ကိုယ်ပါသွားမှာစိုးသောကြောင့် ကျ​​နော်တို့သည် မထိရဲမကိုင်ရဲနှင့် အမှန်တရား အသက်ငင်​နေသည်ကို ဒီအတိုင်း ရပ်ကြည့်နေရသည်။ ဟိုး တိုင်းရှစ်ခွင်မှာလည်း မီးခိုးတွေ လုံးလျက်။ ကမ္ဘာပျက်လျက်ပေါ့။

(၄)

ကိုယ်ချင်းစာတရားသည် နောက်ဆုံးပေါ် ကားအကောင်းစားကိုမောင်းကာ လိုက်လံတောင်းရမ်း အသနားခံနေသောဒုက္ခသည်များကို တပြားတချပ်မှ စွန့်ကြဲမပေးသည့်အပြင် အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်သွားသည်။ သေသူသေ၊ ကွဲသူကွဲ​ဖြင့် ကျန်ရစ်ခဲ့ကြသည်။ သို့သော် ကိုယ်ချင်းစာတရားဆိုသူက တချက်ကလေးမှ လှည့်မကြည့်သွားပေ။ ကျ​​နော်တို့မှာ အံ့ဩမှင်သက် ငေးကျန်ခဲ့ရသည်။ ဒါဆိုလျှင် အမှန်တရားကို သေဆုံးအောင် ကားဖြင့် တိုက်သတ်သွားသူကလည်း ကိုယ်ချင်းစာတရားပဲ ဖြစ်ရမည်။ ဒါဆို ကိုယ်ချင်းစာတရားဟာ မသမာသူပေါ့။ လောကတွင် ဘယ်အရာကို အမှန်ယုံကြည်ရမည်လဲ။ ကျနော် ခေါင်းမီးတောက်နေပါသည်။

(၅)

ရက်စက်မှုထက် အဆပေါင်းများစွာ၊ စိတ်မကူးမိခဲ့ဖူးသော ယုတ်မာမှုများစွာကြောင့် မည်မျှဝမ်းနည်းပါစေ မျက်ရည်မကျတတ်ကြတော့ပါ။ ကျ​​နော်တို့သည် တောက်ခေါက်ရုံသာတတ်နိုင်သည့် သနားစရာ ဓာတ်ကြီးလေးပါး အစုအဝေးများသာ ဖြစ်ကြပါသည်။

(၆)

လက်နက်တွေအချင်းချင်း စစ်ဖြစ်ကြသည်ကို သင်ကြားဖူးပါသလား။ မြင်ကော မြင်ဖူးပါသလား။ ကျ​​နော့်ထံတွင် မိတ်ဆွေတော်လှန်ရေးတပ်သား လက်ဆောင်ပေးထားသည့် ကျည်ဆန်တတောင့် ရှိပါသည်။ သို့သော် ကျ​​နော့်ထံတွင် သေနတ်တလက်မရှိ။ ရှိလျှင် ယုတ်မာလွန်းသည့် ကိုယ်ချင်းစာတရားကို ပစ်သတ်ချင်ပါသည်။ စိတ်ကူးသည် စိတ်ကူးကိုသာ အခါခါ လည်လိမ်ချိုးလျက်။ ဒေါသသည် သွေးချင်းချင်းနီလျက်။

(၇)

ထိုသို့ပင် ကျနော့်အပေါ်တွင် အုပ်မိုးကာ နာကျင်ခြင်းမိုးတွေ အမြဲတစေရွာချနေသည့် ​အကြံအိုက်နေသောမိုးတိမ်များ ရှိပါသည်။ သင့်စိတ်ကောင်းကင်တွင်လည်း နာကျင်ခြင်းမိုးများ ရွာနေလိမ့်မည် ထင်ပါသည်။ ။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​အဲလတ်လူဝါ’ရေးဖွဲ့တဲ့ “အကြံအိုက်နေသော မိုးတိမ်များ” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

Facebook