Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“သို့. . .ခွေးကလေးညို တိုက်ချီဒို”

◾️ စံပယ်ဖြူနု

တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင် ရှိတဲ့ ခွေးလေးတော့ မဟုတ်ပါဘူး။ ကိုယ်ထည် အောက်ပိုင်းမှာ အဖြူကွက်ကျားလေးတွေ ရှိပြီး အညိုရောင် အမွေးဖွားဖွားနဲ့ ခွေးကလေးပေါ့။ ကျမကတော့သူ့ကို ခွေးညိုကလေးလို့ပဲ ခေါ်ချင်တယ်။

ခွေးညိုလေးကို ဗွီဒီယိုထဲမှာ ကျမ တွေ့ရတယ်။ သူဟာ ကျန်းမာရေး စစ်ဆေးနေပုံရတဲ့ ကုတင်ပေါ်မှာ ရပ်နေတယ်။ ခြေထောက်လေးတွေ တလှုပ်လှုပ်နဲ့ ရှေ့ကို လှမ်းဖို့ ကြိုးစားနေသလား၊ မြင်နိုင်ဖို့ ကြိုးစားနေသလား။ ဒါပေမဲ့ သူ ရှေ့ကို သေချာ မြင်ရမှာမဟုတ်ဘူး။ သူ့မျက်လုံးတွေ တိမ်ကွယ်နေကြပြီလို့ ဗွီဒီယိုက ရည်ညွှန်းစာမှာ ကျမ တွေ့တယ်။ ခွေးညိုလေးလို့သာ ချစ်စနိုး ခေါ်လိုက်တာပါ။ သူက အသက်ကြီးပါပြီ။ ၁၆ နှစ်ဆိုတာ ခွေးတကောင်အနေနဲ့ဆို အသက်ကြီးပြီပေါ့။

ခွေးညိုလေးရဲ့ မျက်လုံး မှုန်မှုန်လေးတွေကို ကြည့်ရင်း ကျမ ဆို့နင့်လာခဲ့တယ်။ သူ တယောက်ယောက်ကို မြင်ရလိမ့်နိုးနဲ့ ရှာနေတာလား။ အသံကို ကြားရနိုး နားစွင့်နေတာလား။ နှာခေါင်းလေးကရော ရနံ့တွေကို စူးစမ်းနေမလား။ မျက်လုံးကောင်းကောင်း မမြင်ရတော့ဘူးဆိုတဲ့ ခွေးညိုလေးဟာ အသံနဲ့ အနံ့အပေါ်မှာ ပိုပြီး အာရုံရှိနေမယ်လို့ ကျမ ထင်တယ်။ သူ့အတွက်တော့ အသံတွေ၊ ရနံ့တွေ ကြားထဲမှာ ရှာဖွေလိုက်ချင်တာက တခုတည်း ဖြစ်မှာပေါ့။ သူ့သခင်လေ။ ရက်ပိုင်းလောက်ကလေး အနားက ပျောက်သွားရင်တောင် လွမ်းတသသ လိုက်ရှာခဲ့ရတဲ့ သူ့သခင်လေ။ ခုတော့ အဲဒီသခင်ကို သူ ခွဲခဲ့ရတာ ရက်များစွာ လများစွာ ကြာခဲ့ပြီ။ ဘယ်တော့ ပြန်တွေ့ရမယ်ဆိုတာလည်း ခုနေခါ သူ သိနိုင်ရှာတာ မဟုတ်ဘူး။ သူတို့ ပြန်တွေ့ကြတဲ့အချိန်အထိ ခွေးညိုလေးဟာ နေကောင်းကျန်းမာ စောင့်ဆိုင်းနိုင်ပါရဲ့လား။

Public Service Announcement

Public Service Announcement

အိမ်မွေးတိရစ္ဆာန်လေးတွေဟာ သူတို့ သခင်ကို သူတို့အသက်လိုပဲ ထပ်တူ ခင်တွယ်ကြပါတယ်။ အထူးသဖြင့် သစ္စာရှိရာမှာ နာမည်ကျော်တဲ့ ခွေးကလေးတွေပေါ့။ သူတို့ကို မွေးမြူပြုစုထားတဲ့ သခင်ကို မပြောနဲ့ သူတို့နဲ့ တရင်းတနှီး နေခဲ့ပြီးမှ အချိန်တခုစာ ဝေးသွားကြတဲ့သူတွေကိုတောင်ပဲ ပြန်တွေ့တဲ့အခါ အသံနဲ့ အနံ့ကို ချက်ချင်း မှတ်မိပြီး ပြေးလာနှုတ်ဆက်နိုင်တာ အဲဒီ ခွေးကလေးတွေပါပဲ။ သူတို့တွေကို ချစ်ပေးတဲ့သူ ကြင်နာပေးတဲ့သူကို သူတို့ ဘယ်တော့မှ မမေ့တတ်ကြပါဘူး။ အနီးကနေ ကာလရှည်ကြာ ပျောက်သွားခဲ့ရင်တောင်မှပေါ့။ အခု ခွေးညိုလေးဟာလည်း ဒီလိုပဲ။ အခုနေများ သူ့သခင် သူ့အနီးကို ပြန်ရောက်လာရင် ဘယ်လောက်များ ပျော်ရှာမလဲ။ မမြင်ရဘူးဆိုရင်တောင် သူ ဘယ်လောက်များ ကျေနပ်သွားခဲ့မလဲ။

အဲဒီအတွေးဟာ ကျမကို စိတ်ထိခိုက်စေပါတယ်။ ကျမကိုရယ်မှ မဟုတ်ပါဘူးလေ။ အဲဒီနေ့က ခွေးညိုလေးကို ဗွီဒီယိုကတဆင့် ကြည့်မြင်လိုက်ရသူ ယုံကြည်ရာလမ်းတခုတည်းပေါ် ရှိနေကြသူအားလုံး ဒီလိုပဲ ခံစားကြရမယ်လို့ ကျမ ထင်ပါတယ်။

မမြင်ရတဲ့ မျက်လုံးလေးတွေကတဆင့် ပုံဖော် ခံစားလို့ ရတဲ့ အလွမ်းရိပ်ဟာ ကျမရင်ကို အပြေး လာမှန်တဲ့ မြားတွေလိုပဲ။ စူးစူးနစ်နစ် ထုတ်ချင်းခတ်တယ်။ အဲဒီခဏမှာ ကျမကိုယ်ကျမတောင် မသိလိုက်နိုင်ဘဲ ရှိုက်ကြီးတငင် ငိုနေမိခဲ့တယ်။ ဘယ်လို ရက်စက်တဲ့ ခွဲခွာမှုပါလိမ့်။ ခွေးညိုလေးကို စိတ်ထဲက ကျမ ထုတ်မရသလို ခွေးညိုလေး တိုက်ချီဒိုရဲ့ သခင် အန်တီစုကိုလည်း အတော်လွမ်းဆွတ်သွားပါတယ်။ အသက် ၈၁ နှစ်ထဲ ဝင်နေပြီဖြစ်တဲ့ အန်တီစုဟာ အခုနေခါ နေကောင်းကျန်းမာ ရှိနေပါရဲ့လား။ မတတ်သာလို့ ခွဲခွာထားခဲ့တဲ့ သူ့ ခွေးညိုလေးကိုလည်း လွမ်းဆွတ်နေရှာမှာပဲ။ သားကိုယ်စား သားရဲ့ ပုံရိပ်ပွါးလေးတခုအဖြစ် မွေးမြူခဲ့တဲ့ ခွေးညိုလေးကိုလေ။

ခွေးညိုလေးရဲ့ ပုံရိပ်တွေ စိတ်ထဲက ငြိနေလွန်းလို့ အဲဒီနေ့က ကျမ အွန်လိုင်းမှာ သူ့အကြောင်း လိုက်ရှာကြည့်တယ်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ အန်တီစုရဲ့ သားငယ် ကင်မ်က မြန်မာပြည်ကို အလည်လာခိုက် လသားအရွယ် တိုက်ချီဒိုလေးကို ရန်ကုန်မြို့ မင်္ဂလာစျေးအနီးက ဝယ်ခဲ့ပြီး အမေကို လက်ဆောင်ပေးခဲ့တာလို့ ကျမ တွေ့တယ်။ သူ သိပ်ချစ်ရတဲ့ အမေက တိုင်းပြည်အတွက် တဘဝလုံး ပေးထားသူမို့ အဝေးကြီး ဝေးနေကြရတဲ့အခါ အမေ့အနီးမှာ သူ့ကိုယ်စား အ

လွမ်းပြေ လက်ဆောင်လေး ထားပေးချင်ခဲ့တယ် ထင်ပါတယ်။ ခွေးညိုလေးဟာ သူ့သ

ခင်အတွက်တော့ ခွေးတကောင်ဆိုတဲ့ အမည်နာမ သတ်မှတ်မှုထက် အပုံကြီး သာခဲ့လိမ့်မယ်။ သားကိုယ်စား သားရဲ့ လက်ဆောင်လေး၊ အရိပ်ကလေး။ သားကို လွမ်းတဲ့အခါ စကားပြောလို့ ရတဲ့ အဖော်မွန်လေး။

အန်တီစု ရေးတဲ့ ‘မြန်မာပြည်က ရေးတဲ့စာ’ စာအုပ်ထဲမှာလည်း တိုက်ချီဒိုလေးအကြောင်း ထည့်သွင်းရေးဖွဲ့ထားတာ ကျမ‌ တွေ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း သားနဲ့အတူ ပထမဆုံး အပန်းဖြေ ခရီးတို သွားဖို့ နေရာရွေးချယ် ပြင်ဆင်ပုံစာမျက်နှာမှာ တိုက်ချီဒိုအကြောင်း အန်တီစုက ဒီလို ထည့်ရေးခဲ့ပါတယ်။

‘ကျမတို့ သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ် သွားခြင်း မဟုတ်တာကြောင့် ဘာ

သာရေးအဆောက်အအုံတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျမအ

တွက် လေးနက် အဓိပ္ပါယ်ရှိတဲ့၊ ထူးခြားတဲ့ နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံး တချက်က ကင်မ်ရယ်၊ ကျမရယ်၊ ကျမတို့ရဲ့ ခွေးကလေး တိုက်ချီဒို ရယ် (ဒါဟာ မိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးကလေးကို အိမ်မှာ ထားပစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး မဟုတ်လား) ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ သွားနိုင်မယ့်နေရာတခုကို ရှာဖို့ပါပဲ’ တဲ့။

ဒီစာကြောင်းလေးတွေနဲ့တင် သူတို့ကြားက ချစ်ခြင်းမေတ္တာကို မြင်ယောင်ခံစားလို့ ရခဲ့တယ်။ ကျမရဲ့ ခွေးကလေးလို့ ရေးခဲ့တာ မဟုတ်ဘူး။ ကျမတို့ရဲ့ ခွေးကလေးတဲ့။ သားငယ်လေးနဲ့ မေမေ အတူတကွ မွေးမြူထားတဲ့ ခွေးကလေးလို့ ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။

အန်တီစုဟာ သူ့သားငယ်ရဲ့ လက်ဆောင်လေးကို သွားလေရာ ခေါ်ချင်တဲ့သူလို့ အွန်လိုင်းမှာ ရေးသားပြောဆိုကြသူတွေကတဆင့် သိရတယ်။ မတတ်သာလို့ ခေါ် မသွားဖြစ်တဲ့ နေရာတွေဆိုရင်တော့ ခွေးညိုလေးကို ခွဲခွာထားခဲ့ရတာပေါ့လေ။ တခါတုန်းက အန်တီစု အမေရိကကို ၁၇ ရက်ကြာ ခရီးထွက်ရတုန်းက တိုက်ချီဒိုဟာ သူ့သခင်ကို သိပ်လွမ်းနေခဲ့ရှာသတဲ့။ အန်တီစု အိမ်ပြန်ရောက်လာတဲ့အခါ နောက်တကြိမ် သူ့ကို ခွဲသွားဦးမှာ ကြောက်ရှာတယ် ထင်ပါရဲ့။ အရင်ထက် ပိုပြီး တွယ်ကပ်လာသလို ညဘက် အိပ်ရင်တောင် သခင် ပျောက်မှာ စိုးရိမ်နေတတ်တဲ့ ကလေးလေးက သခင့်ခြေထောက်ကို ဖက်ပြီး အိပ်တယ်ဆိုတဲ့အကြောင်းလည်း ဖတ်မိပါတယ်။ ရက်ပိုင်းလေး ပျောက်သွားရင်တောင် ဒီလောက် စိုးရိမ်တတ်ခဲ့တဲ့ ကလေးဟာ ခုလို နှစ်ချီပြီး အနားကနေ သခင်ပျောက်သွားတဲ့အခါ ဘယ်လောက်များ နားမလည်နိုင် ဖြစ်နေရှာမလဲ။

‘အရင်တုန်းက စွာတယ် နှုတ်သီးစွပ် တပ်လာရတယ် အခု လိမ်မာသွားပြီ’ ဆိုတဲ့ ဗွီဒီယိုထဲက ပြောစကားကို ကြားတော့ကျမက အတွေး

ပိုမိသေးတယ်။ ခွေးတွေဟာ ကလေးတွေလိုပဲလား။ ကျမတို့ ကလေးတွေဟာ သူတို့ မိဘ၊ သူတို့ကို ဦးစားပေးမယ့်သူတွေ အနားမှာ ရှိနေရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိကြတယ် ထင်ပါရဲ့။ တခါတလေ နွဲ့ဆိုးလေးတွေ ဆိုးတတ်ကြတယ်။ ဒါပေမဲ့လည်း တခြား အမျိုးတွေ/အသိတွေဆီ ခဏတဖြုတ် ထားရတဲ့အခါမျိုးဆိုရင် နွဲ့ဆိုးဆိုးဖို့နေနေသာသာ ကလေးက လိမ်မာလှပါလားဆိုတာမျိုးအထိ ငြိမ်ဝပ်ပြတတ်ကြတာလည်း ရှိတယ်။ ခွေးညိုလေးဟာ ဒီလိုပဲလား။ သူ့သခင် မရှိချိန်မှာ အနီးရှိသူတွေနဲ့ သင့်တင့်အောင် ပေါင်းသင်းနေထိုင်မှဖြစ်မယ်လို့ စိတ်ကို လျှော့ချထားလိုက်တာလား။ ဒါကတော့ ကျမ အတွေးပဲ ဖြစ်ရင်လည်း ဖြစ်မှာပါ။

တကယ်တော့ ခွေးညိုလေးရဲ့ ဇာတ်လမ်းဟာ ဆက်ပြီး တွေးမယ်ဆိုရင် မဆုံးနိုင်ပါဘူး။ သူဟာ နွေဦးကာလအတွင်း သခင်ကို ခွဲခွာလိုက်ရတဲ့ အခြားသော အိမ်မွေးတိရစ္ဆာန်များစွာကိုကိုယ်စားပြုနေတယ်လို့တောင် ဆိုနိုင်တယ်။ ဒီနှစ်တွေအတွင်း ယုံကြည်ရာ ခရီးလမ်းအတွက် နေအိမ်တွေကို စွန့်လာကြရတဲ့အခါ မိသားစုဝင်လို ချစ်ခင် မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုပါ ခွဲခွာ ချန်ထားခဲ့ကြရတာကိုး။ အဲဒီအထဲမှာ ခွေးကလေးတွေ ပါမယ်၊ ကြောင်လေးတွေ ပါမယ်၊ ယုန်လေးတွေ ပါမယ်၊ ပြီးတော့ ငှက်ကလေးတွေ၊ ငါးကလေးတွေလည်း ပါမယ်ပေါ့။ ကိုယ် သွားလေရာကိုလည်း ခေါ်မသွားနိုင်၊ ကိုယ်တိုင်ကိုက ဘယ်လိုနေ ဘယ်လိုထိုင်ရမယ် မသိနိုင်သေးတဲ့ မရေရာ မသေချာမှုတွေကြားထဲကို ခေါ်မသွားရက်လို့ နီးစပ်ရာ မိသားစုတွေ၊ မိတ်ဆွေတွေဆီမှာ ထားရစ်ခဲ့ရတဲ့ ခွေးညိုလေးလို ကလေးတွေ ဘယ်လောက်များ ရှိမှာပါလိမ့်။ ချန်ရသူမှာလည်း ရင်ကွဲနာ ရသလို ကျန်ရစ်သူမှာလည်း အလွမ်းနာနဲ့ ဖြစ်လိမ့်မယ်။

ကျမအတွက်တော့ အိမ်က ထွက်ရတဲ့နေ့ဟာ ကြောင်ကလေး နှစ်ကောင်ကို ချန်ထားရတဲ့နေ့လည်း ဖြစ်ခဲ့တယ်။ အဲဒီကြောင်ကလေးတွေဟာ သမီး လိုချင်လွန်းလို့ မွေးပေးခဲ့ရတဲ့ ကလေးလေးတွေ။ သူတို့လေးတွေရဲ့ မူလပိုင်ရှင်ကလည်း ‘တကယ်လို့များ တနေရာရာ ပြောင်းဖြစ်လို့ ကလေးတွေကို ခေါ်မသွားနိုင်ခဲ့ရင် အိမ်ကိုပဲ ပြန်လာပို့ပေးပါနော်’ လို့ စကားခံထားခဲ့ကြတာ။ သူတို့ နာမည်က ဘေဘီ၊ ဒေစီတဲ့။ မူလက တကောင်ပဲ မွေးမယ်ဆိုပြီး သွားယူရာမှာ နောက်တကောင်က ခွဲမရဘဲ လိုက်လာတာမို့ နှစ်ကောင် မွေးဖြစ်လိုက်တာပေါ့။ သူတို့လေးတွေ ကျမအိမ် ရောက်တာ လပိုင်းပဲ ရှိသေးတယ်ဆိုပေမဲ့ နဂိုကတည်းက ကြောင် ချစ်တဲ့ကျမက ကိုယ့်ကိုမှ ရွေးပြီး ချွဲတဲ့ တွယ်ကပ်တဲ့ ဒီကလေးလေးတွေကို အသည်းစွဲ ချစ်မိတာ မဆန်းဘူးပေါ့။

တကယ်တမ်း သူတို့ကို ချန်ထားခဲ့တော့မယ်လို့ ဆုံးဖြတ်လိုက်ရတဲ့နေ့က ကျမ သိပ်နာကျင်ရပါတယ်။ ကျမရဲ့ အိမ်တံခါးကို ပိတ်လိုက်ရတုန်းက ခံစားမှုနဲ့ ထပ်တူမျှပါပဲ။ မိတ်ဆွေရဲ့ ကားနောက်ခန်းက ခြင်းတောင်းဝါလေးရဲ့ အကွက်ကြဲလေးတွေကြားကနေ နားမလည်နိုင်သလို ငေးနေခဲ့တဲ့ သူတို့ရဲ့ နောက်ဆုံးအကြည့်လေးတွေကို ကျမ ဘယ်တော့မှ မေ့မရခဲ့ဘူး။ အိမ်တံခါးပိတ်တုန်းက မငိုခဲ့တဲ့ကျမဟာ ကြောင်ကလေးတွေကို တင်ဆောင်ထားတဲ့ ကား ထွက်သွားတော့မှ မျက်ရည်ကျရပါတယ်။ ဒီအနာဟာ တော်တော်နဲ့ မပျောက်ခဲ့ဘူး။ အဝါနဲ့ အဖြူ‌ ရောစပ်ထားတဲ့ ကြောင်ကလေးတွေကို ဘယ်နေရာမှာ တွေ့တွေ့ ကျမ သူတို့ကို လွမ်းပါတယ်။ အဲဒီတုန်းက သုံးနှစ်ခွဲကျော်အရွယ် သမီးလေးက ‘ဘေဘီ ဒေကျီကို ပြန်ခေါ်ပေး’ လို့ မပီကလာ ပြောပြောငိုတိုင်း ကျမ စိတ်ထိခိုက်ခဲ့ရပါတယ်။ အခုဆိုရင် အိမ်က ထွက်လာတာ လေးနှစ်ကျော်ခဲ့ပေမဲ့ အဲဒီတုန်းက အကြောင်းတွေ ပြန်တွေးလိုက်တိုင်း ခွဲခွာခြင်း အနာဟာ လတ်ဆတ်မြဲပါပဲ။ တိုက်ချီဒိုလေးကို မြင်ရတဲ့နေ့က မျက်ရည်ကျတာဟာ အဲဒီအနာရဲ့ နောက်ဆက်တွဲများ ဖြစ်မလားလို့ ကျမ တွေးကြည့်မိတယ်။ ကိုယ်ချင်းစာစိတ်. . .ကိုယ်ချင်းစာစိတ်ကနေ အခြေခံလာတဲ့ ဝေဒနာ တမျိုး ဖြစ်ရင် ဖြစ်မှာပေါ့။

ဒီနေရာမှာတော့ အန်တီစုရဲ့ အလွမ်းဟာ ကျမ မှန်းဆမိတာထက် ပိုပြီး နက်ရှိုင်းပါလိမ့်မယ်။ တိုက်ချီဒိုဟာ သားကလေးရဲ့ အရိပ်လေ။ သူ့ကို အမြဲ လွမ်းနေတတ်တဲ့ သားငယ်လေးရဲ့ လက်ဆောင်လေ။ ဒီလက်ဆောင်လေးကို ချန်ထားခဲ့မယ်လို့ တွေးတဲ့နေ့က ဘယ်လို ခံစားခဲ့ရှာမလဲ။ အမြဲ တည်ငြိမ်တဲ့အသွင်နဲ့သာ မြင်ရလေ့ရှိတဲ့ အမျိုးသမီးကြီးဟာ စိတ်ထဲမှာတော့ ထိခိုက်နေခဲ့မှာပေါ့။ ဒါမှမဟုတ် သူ ချစ်တဲ့ ပြည်သူတွေအတွက် တွေးပူစိတ်က နေရာပိုယူရင်လည်း ယူနေခဲ့မှာပေါ့။ ဖြစ်နိုင်ရင် ဒီသခင်နဲ့ ဒီခွေးညိုလေး ပြန်လည်ဆုံတွေ့ကြစေချင်တာပါပဲ။

ခွေးညိုလေး တိုက်ချီဒိုလိုပဲ သခင်ကို လွမ်းပြီး စောင့်နေရှာတဲ့ ခွေးကလေးတကောင်ရဲ့ ဇာတ်လမ်းကိုလည်း ဒီနေရာမှာ ကြုံလို့ ပြောပြချင်သေးတယ်။ သူ့နာမည်ကတော့ မောင်မဲတဲ့။ မြန်မာပြည် အလယ်ပိုင်းက ခွေးကလေးတကောင်ပေါ့။

သူဟာ ခြံတခြံကို စောင့်ကြပ်ပေးရတဲ့ ခြံစောင့်အမျိုးသားက သနားလို့ ခေါ်ယူကျွေး

မွေးရင်းက သူတို့ မိသားစုဝင်လို ဖြစ်လာခဲ့တာ။ တရက်မှာတော့ မောင်မဲရဲ့ သခင်ဟာ နွေဦးဇာတ်လမ်းလေးတွေထဲ တပုဒ်အဖြစ် နံရံတွေရဲ့ နောက်ကို ရောက်သွားရှာပါတယ်။ ဇနီးသည်ကတော့ သူ့နေရပ်ရွာဆီ ပြန်သွားခဲ့ပါသတဲ့။ မောင်မဲကိုတော့ အရပ်ထဲကပဲ ဆက်ပြီး စောင့်ရှောက်ထားကြတာပေါ့လေ။ အဲဒီနောက်မှာပတ်ဝန်းကျင်က သနားစဖွယ် မြင်ကြရတာကတော့ မောင်မဲရဲ့ အလွမ်းပါ။ အရပ်ထဲမှာရှိတဲ့ အိမ်တိုင်းက သူ့ကို သနားချစ်ခင်လို့ ဘယ်လိုပဲ စောင့်ရှောက်ထားကြပေမဲ့ ညနေစောင်းချိန်တိုင်းတော့ သူဟာ သခင် နေထိုင်ခဲ့ရာ ခြံကြီးရှေ့ လာလာစောင့်တတ်ပါသတဲ့။ ဘယ်နေ့များ သူ့သခင် ပြန်လာမလဲဆိုတဲ့ အတွေးမျိုးနဲ့ ဖြစ်မှာပေါ့။ မောင်မဲကို နေ့စဉ် မြင်ရလို့ မျက်ရည်ကျရတဲ့ အိမ်နီးချင်းတဦးဆီကနေ ကျမ အဲဒီ ဇာတ်လမ်းကို ကြားခဲ့ရဖူးပါတယ်။

နွေဦးမှာ ခွေးညိုလေး တိုက်ချီဒိုလို၊ ကျမရဲ့ ကြောင်ကလေးတွေလို၊ မောင်မဲလို သခင်တွေကို ခွဲခွာလိုက်ကြရသူလေးတွေ များစွာ ရှိခဲ့ကြလိမ့်မယ်။ ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရရင်တော့ တနေ့မှာ ခွေးညိုလေးနဲ့ သူ့သခင်တို့ နေကောင်းကျန်းမာ ပြန်ဆုံကြစေချင်တယ်။ မောင်မဲလေးဆီ သူ့သခင် ပြန်ရောက်လာစေချင်တယ်။ နောက်ထပ် နောက်ထပ် သခင်တွေကို လွမ်းနေကြမယ့် ကလေးလေးတွေဆီလည်း သူတို့ သခင်တွေ အရောက် ပြန်လာစေ့ချင်တာပါပဲ။ ဒီလိုသာဆို နွေဦးရဲ့ အခွဲအခွာ ဇာတ်လမ်းလေးတွေက ပျော်စရာနဲ့သာ အဆုံးသတ်မှာပေါ့။

ဆိုပါစို့။ ကျမ ရှေ့က ဖန်သားပြင်မှာ ခွေးညိုလေး တိုက်ချီဒိုရဲ့ ဓာတ်ပုံတပုံ ရှိနေတော့ သူ့အကြောင်းကိုပဲ စိတ်ကူးပုံဖော်မိတယ်။ တနေ့. . .သူ့သခင် အိမ်ပြန်လာတဲ့တနေ့ပေါ့။ ခွေးညိုလေးဟာ အမြင်အာရုံ အားနည်းရှာပြီမို့ သူ့သခင်ကို အထင်အရှား မြင်ရရှာမယ် မဟုတ်ဘူး။ ဒါပေမဲ့လည်း သခင့်အသံ ကြားတဲ့အခါ၊ အနံ့အသက်ကို ရှူရှိုက်မိတဲ့အခါ ငြိမ်ငြိမ်ကလေး ဝပ်နေရာက ခေါင်းကလေး ထောင်လိုက်မလား။ ပြီးတော့ မမြင်မစမ်း ရှိရှာတဲ့ကြားက အပြေးကြိုဖို့ ကြိုးစားလေမလား။ သခင်ဆီ ကြိုးစားပမ်းစား အရောက်သွားတဲ့ ခွေးညိုလေးရယ် ခွေးညိုလေးကို ဆီးပြီး ပွေ့ဖက်လိုက်တဲ့ သခင်ရယ်။

စိတ်ကူးပုံရိပ်အတိုင်းသာလက်တွေ့ဖြစ်လာမယ်ဆိုရင်အရာရာအင်မတန်ကျေနပ်စရာကောင်းမှာမို့ ရုပ်သေပြကွက်တခုလိုပဲ ဒီနေရာမှာတင် လှလှလေး ရပ်ထားလိုက်ချင်တယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘​စပယ်ဖြူနု’ ရေးဖွဲ့တဲ့ “​​​သို့. . .ခွေးကလေးညို တိုက်ချီဒို” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။ ဒီအက်​ဆေးကို ၂၀၂၆ ​​ဖေ​ဖော်ဝါရီ ၁၆ ရက်မှာ ​ဖော်ပြခဲ့တာဖြစ်ပါတယ် ။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...