Connect with us

Hi, what are you looking for?

ဝတ္ထုတို

‘အဲဒီ သစ်ပင်’

အဲဒီနေ့က အဲဒီနေရာမှာ သူမကိုစောင့်ရင်း အဲဒီအပင်အကြောင်း အတွေးက ခေါင်းထဲ ရုတ်တရက်ကြီး ပေါ်လာခဲ့တယ်။ အဲဒီနေ့က တနင်္လာနေ့လား၊ အင်္ဂါနေ့လား ဒါမှမဟုတ် အခြားနေ့တခုခုလား သူသေချာမမှတ်မိပေမယ့် အဲ ဒီနေရာကိုရောက်ပြီး သူမကိုဘာကြောင့် စောင့်နေခဲ့ရတာလဲ ဆိုတာကိုလည်း သူ ဝေဝေဝါးဝါးဖြစ်နေမိတယ်။

◼️ညီမင်းဆက်

အဲဒီနေ့က အဲဒီနေရာမှာ သူမကိုစောင့်ရင်း အဲဒီအပင်အကြောင်း အတွေးက ခေါင်းထဲ ရုတ်တရက်ကြီး ပေါ်လာခဲ့တယ်။ အဲဒီနေ့က တနင်္လာနေ့လား၊ အင်္ဂါနေ့လား ဒါမှမဟုတ် အခြားနေ့တခုခုလား သူသေချာမမှတ်မိပေမယ့် အဲ ဒီနေရာကိုရောက်ပြီး သူမကိုဘာကြောင့် စောင့်နေခဲ့ရတာလဲ ဆိုတာကိုလည်း သူ ဝေဝေဝါးဝါးဖြစ်နေမိတယ်။

အဲဒါက အဲဒီအပင်အကြောင်း ခေါင်းထဲရောက်လာခဲ့လို့များလားလို့ ပြန်စဉ်းစားကြည့်တော့လည်း မသေချာနေခဲ့ ပြန်ဘူး။ သေချာနေခဲ့တာက အဲဒီနေ့က သူ့ခေါင်းထဲရောက်လာခဲ့တဲ့ အဲဒီအပင်အကြောင်းအတွေးက သူ့ကိုတချိန် လုံး လွှမ်းမိုးရစ်ပတ်နေခဲ့တာပါပဲ။

အဲဒီနေ့က အဲဒီနေရာကို သူမကိုစောင့်ဆိုင်းဖို့ သူအစောကြီးကတည်းက ရောက်နေခဲ့တယ်။ အဲဒီနေရာဟာ လူတရပ်မကရှိတဲ့ အုတ်နံရံဖြူဖြူတွေ စတုရန်းပုံသဏ္ဌာန် ပတ်ပတ်လည်ကာရံထားတဲ့ နေရာတခုဆိုတာတော့ သူ သေချာ မှတ်မိနေခဲ့တယ်။

Public Service Announcement

Public Service Announcement

အဲဒါကလည်း အဲဒီအပင်ကြောင့်ဆက်စပ်ပြီး မှတ်မိနေတာမျိုးလို့ ဆိုရမှာပါပဲ။ ပြီးတော့ အဲဒီအုတ်တံတိုင်းမှာသုတ်ထားတဲ့ ဆေးရောင်နဲ့ အုတ်တံတိုင်းရဲ့ ရှိနေမှု ပုံစံကြောင့်လည်း ဖြစ်မယ်ထင်တယ်။

အဲဒီနေရာကို သူစရောက်ရောက်ချင်း သတိထားမိတာကလည်း အဲဒီအုတ်တံတိုင်းနဲ့ အဲဒီဆေးရောင်တွေပါပဲ။ သာမန်အားဖြင့် အုတ်တံတိုင်းမှာ သုတ်လိမ်းထားတဲ့ ဆေးရောင်ဟာ အသစ်ဖြစ်ရင်လည်း အသစ်၊ အသစ်မဟုတ်ရင်လည်း အဟောင်း စသဖြင့် အရောင်လွင်လွင်၊ ဒါမှမဟုတ် အရောင်မှိန်မှိန် တခုခု ရှိနေရမှာဖြစ်ပေမဲ့ အဲဒီနေရာက အဲဒီအုတ်တံတိုင်းရဲ့ ဆေးရောင်တွေကတော့ အဲဒီလိုပုံမှန်ရိုးကျ မဟုတ်ဘဲ ထူးခြားနေခဲ့တယ်။

ဒီနေရာမှာ ပုံမှန်ရိုးကျမဟုတ်ဘဲ ထူးခြားနေခဲ့တယ်ဆိုတာက သူ့ရဲ့ အတွေးသက်သက်လည်း ဖြစ်နိုင်တာမျိုးဆိုပေမယ့် မှိန်တဲ့နေရာမှိန်၊ လွင်တဲ့နေရာလွင်ရှိနေတဲ့ အုတ်တံတိုင်းရဲ့မြင်ကွင်းက သူမဟုတ်တဲ့ အခြားလူတယောက်ဆိုရင်လည်း ဒါဟာ ထူးခြားတယ်လို့ တွေးမိစေနိုင်တာမျိုးပါပဲ။ ဂုရုဆရာကြီးတွေ ရေပက်မဝင်အောင်ပြောလေ့ရှိတဲ့ အသုံးအနှုန်းအရဆိုရင်တော့ ဒါက ဘုံနားလည်သိရှိခံစားနိုင်မှုအကြောင်း ဆိုတာမျိုး ဖြစ်ချင်ဖြစ်နိုင်တာပါပဲ။

ဒါပေမဲ့ အဲဒါတွေက သိပ်တော့လည်း အရေးပါလှတဲ့ အကြောင်းချင်းရာမျိုးတော့ မဟုတ်ပါဘူး။ လူဆိုတာမျိုးနဲ့ အ ယူအဆဆိုတာမျိုးကလည်း စိတ်ထင်ရာ၊ စိတ်မြင်ရာ၊ စိတ်ခံစားရာမှာ ကိုယ်ပဲမှန်တယ်လို့ ထင်တတ်တာမျိုးလည်း ရှိတတ်တော့ အခု အဲဒီအုတ်တံတိုင်းရဲ့ထူးခြားနေတယ်ဆိုတဲ့ ကိစ္စကလည်း သူ့အတွက်ဟုတ်ပေမယ့် တခြားသူအတွက်မဟုတ်ဘဲ ရှိနေလည်း ရှိနေနိုင်တာပါပဲ။

အငြင်းပွားမယ်ဆိုရင် ဒါကအငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်တာမျိုးပါပဲ။ အငြင်းမပွားဘူးဆိုရင်လည်း ဒါကအငြင်း မ ပွားဘဲ ကျော်လိုက်လို့ရတဲ့ ကိစ္စမျိုးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် အဲဒီနေရာက အဲဒီအုတ်တံတိုင်းဟာ ထူးခြားနေတယ်ဆိုတဲ့ ခံစားချက်က ရှိနေခဲ့တာပါပဲ။

ဒါကလည်း အဲဒီအပင်ရှိနေတဲ့နေရာမှာပဲ အုတ်တံတိုင်းရဲ့ဆေးရောင်ဟာ စိမ်းပုတ်ရောင်ညစ်ညစ်နဲ့ သစ်လွင်တောက် ပနေခဲ့ပြီး ကျန်နေရာ အားလုံးရဲ့ မှေးမှိန်ပျက်ပြယ်နေတဲ့ ဆေးအဖြူရောင်ကြောင့် သူခံစားရမိတဲ့ထူးခြားမှုလို့ ဆိုရမှာပါပဲ။ အဲဒီခံစားရမှုကနေ အဲဒီအပင်အကြောင်းအတွေးက သူ့ခေါင်းထဲ ရောက်လာခဲ့တာပါပဲ။ ပြီးတော့ အဲဒီ အုတ် တံတိုင်းရဲ့ တည်ရှိနေမှုပေါ့။

တကယ်တော့ အဲဒီအပင်ဆိုတာကလည်း အခုမှ ထူးပြီး ဆန်းကြယ်မြင်မိတဲ့ အရာတော့မဟုတ်ပါဘူး။ အဲဒီနေရာမှာ သူမကို စောင့်ဖို့ရှိခဲ့တဲ့ အချိန်တိုင်းနီးပါးမှာ မြင်တွေ့နေကျ အပင်လည်းဖြစ်သလို လူတိုင်းနီးပါး သိမြင်ရင်းနှီးပြီး နေ ရာတိုင်းလိုလို တွေ့ရလေ့ရှိတတ်တဲ့ အပင်မျိုးပါပဲ။

သူကိုယ်တိုင်လည်း အဲဒီအပင်ကို နေရာအတော်များများမှာ တွေ့မြင်ခဲ့ဖူးပေမယ့် တခါမှ စိတ်ထဲရှိမနေခဲ့ဘဲ အဲဒီ‌နေ့ကမှ ရုတ်တရက်ကြီး အဲဒီအပင်အကြောင်းအတွေး ခေါင်းထဲရောက်လာခဲ့တာပါပဲ။

တကယ်တမ်း အဲဒီအပင်တည်ရှိနေတဲ့ အုတ်တံတိုင်းအကန့်အကွက်နေရာဟာ အခြားအုတ်တံတိုင်းနေရာတွေထက် စိမ်းပုတ်အဲ့အဲ့ဆေးရောင် ပိုမိုသစ်လွင်နေခဲ့ပေမယ့် ကျန်အကန့်အကွက်နေရာတွေလို အကောင်းပကတိ မဟုတ်ဘဲ ယိုင်လဲအက်ကွဲပဲ့ထွက် ယိမ်းနဲ့နေခဲ့တာဖြစ်တယ်။

အဲဒီလို ယိုင်လဲ အက်ကွဲပဲ့ထွက်နေတာကလည်း အဲဒီအပင်ရဲ့ အမြစ်တွေက အုတ်တံတိုင်းနံရံတွေကို ကင်ဆာမြစ်ပွားနာတခုရဲ့ မိုက်ခရိုစကုတ်က မြင်ရတဲ့ ရုပ်ပုံသဏ္ဌာန်တွေလို ဆုပ်ခဲဝါးမြို ကုတ်ကပ်တွယ်မြဲရင်း မရအရ ရှင်သန် ရှိတည်နေခဲ့တာကြောင့်ပါပဲ။

အဲဒီအပင်ရဲ့ အမြစ်အစွယ်တွေဟာ အုတ်တံတိုင်းရဲ့ အက်ကြောင်းတွေကြား တိုးဝင်ခြေကုတ်ရင်းရှိနေခဲ့တယ်။ အဲဒီ အပင်ဟာ အပင်တပင်ရဲ့ ပုံမှန်သဘာဝဖြစ်တဲ့ မြေကြီးဓာတ်ကင်းမဲ့နေလည်း သူ့ရဲ့အမြစ်တွေကို ဆန့်ထုတ်ကုတ် တွယ်ကြီးထွားပြီး ရှင်သန်နေခဲ့တာက သိပ်ကြောက်စရာပါလားလို့ သူခေါင်းထဲ အတွေးစဖြစ်ခဲ့တာပါပဲ။

တဆက်တည်းမှာပဲ အဲဒီအပင်နဲ့ ဆက်စပ်နေတဲ့ အယူအဆတွေ၊ ထုံးတမ်းတွေ၊ အကြောက်တရားတွေ၊ ဖြစ်ရှိနေမှုတွေက သူ့ ခေါင်းထဲ တသီကြီး ရောက်လာခဲ့တယ်။ သေချာပြန်တွေးကြည့်တော့ ဒါက သူဖြတ်သန်းနေရတဲ့ခေတ်နဲ့ ဖြတ်သန်းခဲ့ရဖူးတဲ့ခေတ်ရဲ့ အရှိတရားဆီကနေ မြုံနေတဲ့အနာတခု ပြည်ပေါက်ထွက်လာသလို ရုတ်တရက်ကြီး အတွေးပေါက်ထွက်လာတာမျိုးလည်း ဖြစ်မယ်ထင်တယ်။

အာဏာရှင်ဟာ သူ့ရှိမှုအတွက် မြစ်ပွားနာလို ကုတ်ကပ်တွယ်နေရင်းအရာအားလုံးကို ပြိုလှဲပျက်စီး ဆိတ်သုဉ်းသွားစေခဲ့သလို အကြောက်တရားနဲ့ မှားယွင်းစွဲလမ်းယုံကြည်မှုမှာအဲဒီအရာဟာအမြစ်မပြတ်ဘဲ ဆက်လက်သက်ဆိုး ရှည်နေရင်း ထပ်ပြီး ထပ်ပြီး ရှင်သန်ကြီးထွားနေခဲ့မှုမျိုးပေါ့။

အဲဒီနေ့က အဲဒီနေရာမှာ သူမကို စောင့်ရင်း အဲဒီအပင်အကြောင်း အတွေးက သူ့ကိုနာရီနှိုးစက်တခုလို နေ့စဉ် ရိုက်ခတ် မြည်ဟီးနေတော့တယ်။ ။

(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ညီမင်းဆက်’ ရေးဖွဲ့တဲ့ “​​​အဲဒီ သစ်ပင်” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ငြိမ်းကိုငြိမ်း ဆိုင်ပူးက ငါးတန်းကျောင်းသူ။ ငါးတန်းမှာရှိတာက ယောကျာ်းလေး တယောက် မိန်းကလေး လေးယောက်။ အဲ့ငါးယောက်ထဲမှာမှ သူကစာအတော်ဆုံးလို့ပဲ ပြောရမယ်။ မနှစ်က လေးတန်းတုန်းကလည်း ဆုပေးပွဲမှာ ပထမဆုရထားတာ။ စာသင်တဲ့အခါတိုင်း ဘာသာရပ်တိုင်းကို အမြဲအာရုံစူးစိုက်သင်ယူလေ့ရှိတဲ့ ကလေး။ စကားကို အမြဲနားထောင်ပြီး ပြောသမျှကိုလည်း ဂရုတစိုက်အမြဲနာခံတတ်သူ။ ချစ်တာပေါ့...

ကဗျာ

မောင်တင်သစ် ငါ့ဌာနေကသစ်ပင်တွေအိုပြီအိုပေမင့်ရှင်နေသမျှခြမတက် ဖေ၁၁၂၆ . Public Service Announcement . . (The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ’​မောင်တင်သစ်’ ရေးဖွဲ့တဲ့ “​​​ရှင်​နေသမျှ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “ The Call – ​ခေါ်သံ”...

ကဗျာ

ညီ Z အဲဒီနေ့ မနက်မှာတင်နိုင်ငံရေးဆို လေသံတောင် မဟနဲ့ ဆိုတဲ့ငါ့အဖွားလေးကို မုန်းမိတာပဲ ။ သူတို့က ခဏထိန်းရုံပါဆိုတဲ့ ဦးလေးကိုလည်းငါ မျက်မှောင်ကုပ် ကြည့်မိ ။ အလကား မင်းမဲ့စရိုက်တွေဆူပူနေကြတာ ဆိုတဲ့မြေညီထပ်က ရပ်ကွက်လူကြီးကိုလည်းအဲဒီ မနက်ကတည်းက ငါနှုတ်မဆက်တော့ဘူး ။ Public Service...

ကဗျာ

ဝိယောဂီ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ညာနေရတာလောက် ကိုယ့်ကိုယ့်ကိုယ် ညှင်းဆဲမူမြောက်တာ မရှိဘူးကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေမိတာ‌လောက်ကိုယ့်ကိုယ်ကိုယ် စော်ကားမူမြောက်တာမရှိဘူး။ သူတော်စင် တစ်ပါးလိုဥပုသ်တစ်ပါတ်ပြည့်အောင် သီးခံဖို့ကဆယ်ကမ္ဘာလောက် ငရဲမှာ လောင်ကြွမ်းရသလိုမင်းတို့ရဲ့အယူဝါဒစွဲ‌တွေကပူလောင်လွန်းလှချည်လား။ ငါ့ ဝိတိုင်ကထွက်တဲ့ မီးခိုးဟာငရဲမီးမဟုတ်ဘူး စုန်းမီးငါဟာ လောင်ကြွမ်းနေတာမဟုတ်ဘူးလောင်မြိုက်နေတာငါဟာ ပူလောင်နေတာမဟုတ်ဘူးတောက်လောင်နေတာ။ Public Service Announcement...

Facebook