Connect with us

Hi, what are you looking for?

ဝတ္ထုတို

အချစ်ဟာ သက်တမ်းကုန်ရက်စွဲရှိလား”

သူတို့အရက်ဝိုင်းကို သတိထားမိတာက ဟင်္သာတထွန်းရင်၊ လွှမ်းမိုး သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြည့်မြည့်ဆိုနေတတ်တဲ့ အဲ့ဒီကောင်ကြောင့်ပဲ။ ဘာဓာတ်လဲတော့မသိဘူးဗျာ ဒီဘက် ကျနော်တို့တပ်စိတ်ရဲ့အရက်ဝိုင်းကနေကြားရင် အကုန်လုံးဆူညံသံတိတ်ပြီး နားထောင်မိတဲ့အထိပဲ။ သူတို့နဲ့တဝိုင်းတည်းတော့ မသောက်ဖြစ်ဘူး။

ချန်းမီ

သူတို့အရက်ဝိုင်းကို သတိထားမိတာက ဟင်္သာတထွန်းရင်၊ လွှမ်းမိုး သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြည့်မြည့်ဆိုနေတတ်တဲ့ အဲ့ဒီကောင်ကြောင့်ပဲ။ ဘာဓာတ်လဲတော့မသိဘူးဗျာ ဒီဘက် ကျနော်တို့တပ်စိတ်ရဲ့အရက်ဝိုင်းကနေကြားရင် အကုန်လုံးဆူညံသံတိတ်ပြီး နားထောင်မိတဲ့အထိပဲ။ သူတို့နဲ့တဝိုင်းတည်းတော့ မသောက်ဖြစ်ဘူး။ သူတို့က အပေါ်ကို လက်နက်လာသယ်ပြီးအပြန် ကျနော်တို့တာဝန်ကျတဲ့နယ်မြေမှာ ခဏနားရင်း ရှေ့တန်းလိုက်လာတဲ့အဖွဲ့တွေ။ သူတို့အရက်ဝိုင်းသိမ်းသွားတိုင်း သူကအေးဆေးပဲ တချက်ကလေးသောက်ပုံမပေါ်တဲ့အထိ ပိရိတယ်။

တရက် ကျနော်တို့နဲ့ သူတို့ တဝိုင်းတည်းသောက်ဖို့ကြုံလာတယ်။ သူကနှစ်ပြန်ကျော်ပဲထုပ်ကလေးပဲ စားနေပြီး အရက်မသောက်ဘူး။ မေးလိုက်တော့မှ သူကအရက်မသောက်ဘူးတဲ့။ အရှိန်နည်းနည်းလေးရလာတော့မှ သူ့ဘော်ဒါတွေက အဆိုတော်ကြီး လုပ်ပါအုံးဗျာ ဝိုင်းကခြောက်ကပ်နေပြီ ဆိုတော့ သူက ချောင်းတွေဘာတွေဟန့်ပြီး သူ့သူငယ်ချင်းတောင်းတဲ့ ကံ့ကော်မြို့တော် သီချင်း စပြီးဆိုတယ်။ နေနိုင်ရက်သူရေ မွှေးပါစေတဲ့။ အားလုံး အရက်ထည့်ထားတဲ့ 79mm ဗုံးသီးခွံအပိတ်ကို ကိုင်ရင်း နားထောင်နေမိတယ်။

အကုန်လုံးရဲ့ အရက်ခွက်တွေထဲ အရက်ဖြည့်ပြီးချိန် သီချင်းနာမည်မပြောဘဲ သူ့ဘာသာတပုဒ် ထဆိုတယ်။ ကျနော်ကိုယ်တိုင်လည်း နားရည်ဝဖူးတဲ့ အမေ့အသည်းမှပြောစကား ဆိုတဲ့သီချင်းပါပဲ။ တလျှောက်လုံးဆိုလာတာ ငြိမ်ပြီးနားထောင်နေရင်း သီချင်းထဲက စကားပြောနေရာကို သူထည့်ပြောလိုက်တော့ ကျနော့်စိတ်ထဲ ရီချင်သလိုဖြစ်သွားတယ်။ ကျန်တဲ့သူတွေက တကယ်ကိုမုဒ်ဝင်နေသလို အတည်အခန့်ကြီးနားထောင်နေတော့ အားနာပြီးငြိမ်နေလိုက်တယ်။ သီချင်းလည်းပြီးရော သူထသွားပြီး အရက်ဝိုင်းနဲ့မနီးမဝေးနေရာက သူ့တဲမှာ ဆေးလိပ်ဖွာရင် းထိုင်နေတယ်။

Public Service Announcement

Public Service Announcement

ဘာနေနေပါလေ ဒီကောင်အဆိုကောင်းတာကိုတော့ တကယ်ကို လက်ခံမိပါတယ်။ နည်းနည်းလေးအရှိန်တက်လာပြီး စကားတွေကောင်းလာတော့ သူတို့ထဲကတယောက်က သူ့အ​ကြောင်းပြောလာတယ်။ ကျနော်တို့ အောက်ဘက်ကို အမြန်ပြန်ချင်ပြီ။ အဲ့ဒီကောင်က လုံးဝမပြန်ချင်တော့ဘူးလုပ်နေတာတဲ့။ ဘာလဲ ကျနော်တို့တပ်ရင်းမှာ နေချင်လို့တဲ့လားလို့ စသလိုနောက်သလိုပြောလိုက်တော့ မဟုတ်ဘူးဗျ ဒီကောင့်မိန်းမက သူ့အကိုဝမ်းကွဲနဲ့ ယူသွားလို့လေ အဲ့ဒါကြောင့် ရင်းကို မပြန်ချင်တာ။ ကျနော်တို့တက်လာတာလဲ ကြာပြီလေ။ အပေါ်ရောက်တော့ လက်နက်မရခင် သင်တန်းပြန်ယူရသေးတယ်။ ပြန်လာတဲ့လမ်းမှာကလည်းကြာနေတာနဲ့ ၆ လနီးပါး ဖြစ်နေပြီဗျ။ ခင်ဗျားတို့ဘက်ရောက်လို့ ဖုန်းလိုင်းရမှ ဖုန်းဆက်ကြတော့ သူ့မိန်းမကိုယ်တိုင်က ပြောသွားတာ။ သူ့အကိုဝမ်းကွဲကလည်း တပ်ရင်းကပဲ အခုသူ့မိန်းမကလဲ အဲ့ဒီမှာဆိုတော့ မပြန်ချင်တော့တာတဲ့။ ကျနော်လည်း ထပ်ပြီး မမေးချင်တော့တာနဲ့ တခြားအကြောင်းပြောပြီး စကားစဖြတ်လိုက်တယ်။ ဆက်​သောက်နေရင်း ခုနကသူ့ရဲ့သီချင်းထဲကစကားပြော ‘သား လူလေး ဘယ်နားနာသွားသေးလဲ’ ဆိုတာရယ်၊ ‘နေနိုင်ရက်သူရေ မွှေးပါစေ’ ‘နွေရက်တွေ ရှောင်ဖယ်ပြေးဖို့ရာလည်း မြေရယ်မရှိခဲ့လေတော့’ ဆိုတဲ့ ဆွေးဆွေးမြည့်မြည့် သူ့အသံကြီးနားထဲပြန်ဝင်လာပြီး ဟာတာတာဖြစ်သွားတယ်။

သူတို့ထဲက တယောက်က ကျနော်နဲ့စကားတွေပြောရင်းမေးရင်း သူနဲ့နေ့နံတူတယ်ဆိုပြီး သူ့ဆီမှာသိုင်းပြီးပါတ်ထားတဲ့ စလွယ်ချည်ကြိုး ကျနော့်ကို လက်ဆောင်ပေးတယ်။ တုတ်ပြီး၊ ဓားပြီးတယ်တဲ့။ သူတို့ကတော့ ဘယ်လိုစောင့်ထိန်းရတယ်ဆိုတာတွေ ပြောပြပါတယ်။ သူ့ကျောတွေ၊ ပေါင်တွေ ဓားနဲ့ခုတ်ပြပြီးမှ ကျနော့ကိုပေးတာ။ ကျောရော ပေါင်ရော သွေးတွေစို့နေပေမယ့် ဘာမှမပြောလိုက်ဘူး။ သူလည်း သတိထားမိပုံပါပဲ။ ကျနော်တို့က လိုက်နာရမယ့်ဟာတွေ မစောင့်စည်းနိုင်လို့သာ စလွယ်က တကယ်စွမ်းတာတဲ့။ သူတို့ဆီက ပျူခေါင်း​ဆောင်တယောက်ဆို သူတို့မိုင်းခွဲတာ ကားက လေပေါ်လန်ပြီး ပြန်ကျတာတောင် အဲ့ဒီကောင်က ဘာမှမဖြစ်ဘူးဆိုပဲ။ သူတို့ဆီမှာ ဒီစလွယ်ကြိုးကွင်းပါတ်ထားပြီးရင် မနက်အစောအိပ်ယာနှိုးတဲ့အခါ ဓားနဲ့ခုတ်နှိုးတာလို့တော့ ပြောတာပဲ။ ကျ​နော်အယုံအကြည်မရှိပေမယ့် သူ့ရဲ့ကိုယ့်အပေါ် ယုံကြည်ခင်မင်မှုကို တန်ဖိုးထားလို့ ယူပြီးဝတ်ထားလိုက်တယ်။ ဓားနဲ့ခုတ်နှိုးတယ်ဆိုတာလည်း ပြောပြီးရော ပြာပြာသလဲ ကြိုပြောရသေးတယ်။ ဟရောင်တွေ ငါလည်းမင်းတို့ပြောတဲ့စည်းကမ်းတွေ မလိုက်နာနိုင်သေးဘူး ငါ့ကိုမစမ်းကြည့်ကြနဲ့နော်ဆိုပြီး ကြိုပိတ်ထားရတယ်။ အဲ့ဒါကြီးဝတ်ထားပြီး ထိုင်နေရတာ ဘယ်အချိန်မူးမူးနဲ့ သူ့စလွယ်ကြိုး စွမ်းကြောင်းလာစမ်းမလဲလို့ ကြောက်နေရတာနဲ့ သိပ်မလုံခြုံသလိုတောင် ဖြစ်နေတယ်။

တအားမူးလာကြပြီး ဝိုင်းသိမ်းခါနီး အဆိုတော်ကြီး လုပ်ပါအုံးဟဆိုတော့ အရက်ဝိုင်းဆီမလာဘဲ သူ့တဲကနေ တပုဒ်ဆိုပြတယ်။

*လူဖြစ်လာရဘဝထဲ သူချစ်တာမှ မရဘဲ အမြဲဆွေးနေလိုက်တာ အသည်းကလေး လေတိုက်တာတောင် မခံနိုင်တဲ့အခြေ
အချစ်ဆုံးရေ အချစ်ဆုံးတွေလို့ဆိုတဲ့စကားကို မေ့ပြီးပြောသွားတာလား ပြောပြီးမေ့သွားတာလား ထားပါတော့လေ*

သီချင်းပြီးသွားတဲ့အထိ ကျနော်အရက်ခွက်ကို ကိုင်ထားမိတုန်းပဲ။ ဘာမှမဆိုင်ဘဲ အသားလွတ်ကြီး အသည်းကွဲသွားသလိုပဲဗျာ။ ဖုန်းထဲသီချင်းတွေရှိပေမယ့် အားသွင်းရမလွယ်တာရယ် သီချင်းနားထောင်ဖို့ အာရုံမရှိတာရယ်နဲ့ သီချင်းနားမ​ထောင်ဖြစ်တာလည်း ကြာပြီ။ သူဆိုသွားတဲ့သီချင်းကို ကြားဖူးပေမယ့် ဘယ်သူဆိုပြီး သီချင်းနာမည်ဘာမှန်း မသိပါဘူး။ သူ့ဆီလည်း ထသွားပြီးလည်း မမေးမိဘူး။ နောက်တော့မှ ရှာကြည့်တော့ မိုးမခအလွမ်း တဲ့။ အမျိုးသမီးအဆိုတော်တယောက်ဆိုထားတာ။ ဒါမျိုးတွေ နားမထောင်တာလည်း ကြာပါပြီ။

ဒီအဖြစ်အပျက်ဟာ တော်လှန်ရေးရဲ့ အစောပိုင်းကာလက အဖြစ်အပျက်တခုဖြစ်ပြီး တော်လှန်ရေးရဲဘော်တယောက်က ပြန်ပြောပြလို့ ကျမသိခဲ့ရတယ်။ ဒါတွေဟာ ကျမတို့ကိုချစ်တဲ့သူတွေ တခါတလေ ချစ်လို့ပဲ ကျီစယ်သွားတယ်လို့ပဲ အောက်မေ့ပါတယ်။ ဒါဟာ တယောက်ယောက်ရဲ့ အမှားတွေပါလို့လည်း အပြန်အလှန်အပြစ်မဖို့လိုပါဘူး။ အသင့်စားထုတ်ကုန်တွေလို အချစ်ဟာ သက်တမ်းကုန်ဆုံးရက်တွေ ရှိလာတဲ့သဘောပါပဲလို့ ဖြည့်တွေးလိုက်ပါတယ်။ ပြောခဲ့ပြီးတဲ့ စကားတွေကြောင့်ပဲဖြစ်ဖြစ်၊ မပြောဖြစ်လိုက်တဲ့ စကားတွေကြောင့်ပဲဖြစ်ဖြစ် နာကျင်စရာတွေကို ဆက်ပြီးမသယ်ပိုးသွားချင်ဘူး။ အချစ်ဟာ သက်တမ်းလွန် ကုန်ဆုံးရက်ရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ်မဟုတ်တဲ့တခြားသူအပေါ် ရီဝေထွေပြားပြီး အလည်လွန်တတ်လို့ပဲဖြစ်ဖြစ် ခွင့်မတောင်းပေမယ့်လည်း ခွင့်ပြုပါတယ်လို့သာ ဖြေသိမ့်ကြရုံ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ချန်းမီ’
ရေးဖွဲ့တဲ့ “​အချစ်ဟာ သက်တမ်းကုန်ရက်စွဲရှိလား”
ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...