Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“အပြာရောင် ကျောပိုးအိတ်ကလေး”

“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။

မျက်သွယ်

“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။ ဒီလိုပဲ တချို့အရာတွေကလည်း မှတ်မှတ်ရရ အမြဲရှိနေတာမျိုးမဟုတ်ဘဲ ရုတ်တရက်မှ ပြန်သတိရလာမိတာ။ သူကလည်း ကျမပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်နေသလိုပဲ။ ဘာမှလည်း ပြန်မပြော၊ ကျမရဲ့ အပြာရောင် ကျောပိုးအိတ်ကလေးကိုပဲ ကြည့်နေတယ်။

ဒီအိတ်အကြောင်းကို သူစဉ်းစားနေတာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျမတို့က ဗုံးခိုကျင်းထဲမှာလေ။ ကိုယ့်အသက်မသေဖို့ကိုဘဲ ကြိုးစားနေကြတဲ့အချိန်။ ကျမကတော့ ကျယ်လောင်တဲ့အသံတွေ မကြာခင် ကြားရတော့မှာမလို့ နားကိုသာ လက်နှစ်ဘက်နဲ့ တင်းတင်းပိတ်ရင်း အိမ်ကို သတိရနေတယ်။ ကျောပိုးအိတ်ကလေးကို ဖက်ထားရင်းပေါ့။ တကယ်တော့ ဒီကျောပိုးအိတ်ကလေးက တက္ကသိုလ်တက်ဖို့ ကျမရဲ့အမေက ဝယ်ပေးထားခဲ့တာလေ။

အဲဒီ တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် ကိုယ်တွေ့အင်တာဗျူး သွားပြီးဖြေတဲ့နေ့က အမေက လိုက်ပို့ခဲ့တယ်။ သူ့အနေနဲ့ ဒီလို တက္ကသိုလ်ကျောင်းဝန်းထဲကို ပထမဆုံး ရောက်ဖူးတာတဲ့။ အမေက လေးတန်းတောင် အောင်တာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် သူတဘဝလုံးရခဲ့တဲ့ စိတ်ဒဏ်ရာတွေကုစားဖို့ ကျမရဲ့ပညာရေးမှာ သူ့ရှိသမျှကို ရင်းနှီးမြှုပ်နှံခဲ့တာ။ ကျမလုပ်နိုင်တဲ့၊ လုပ်နေတဲ့အရာအားလုံးအတွက် အမေက အမြဲတမ်း ဂုဏ်ယူနေလေ့ရှိတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကိုယ်တွေ့ဖြေတဲ့နေ့မှာပဲ အမေနဲ့အတူ ကျောပိုးအိတ်ကလေးဝယ်ဖို့ လှည်းတန်းကို အတူသွားခဲ့တယ်။ ကျမက ကြည့်ဖူးတဲ့ဇာတ်ကားတွေထဲမှာ ကိုရီးယားမင်းသမီးလေးတွေ သုံးလေ့ရှိတဲ့ အိတ်ကလေးလိုမျိုး လိုချင်တာ။

အမေကတော့ ကျမ မကြိုက်မချင်း လှည်းတန်းမှာ ပတ်ရှာမယ်တဲ့။ သူက လမ်းအများကြီး လျှောက်နိုင်တာတောင် မဟုတ်ဘူး။ ဒါပေမဲ့လည်း သိပ်မရှာလိုက်ရပဲ လိုချင်တာရတယ်။ ကျမကြိုက်တဲ့ အပြာရင့်ရောင်လေးလေ။ ဘာအဆင်ဆန်းမှမပါတဲ့ ဗြောင်လေး။ အရုပ်ကီးချိန်းလေးတောင်မှ ပါသေးတယ်။ အဲဒါလေးကို လွယ်လို့၊ ကျမရဲ့ သူငယ်ချင်းအသစ်တွေနဲ့ တက္ကသိုလ်ထဲမယ် ပြဲပြဲစင်အောင် လျှောက်သွားခဲ့ဖူးတာပဲ။

အချိန်တွေက သိပ်တောင် မလုံလောက်လိုက်သလိုဘဲ။ ရုတ်တရက် ကျမတို့ အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့အချိန်တွေ ရောက်လာတယ်။ သိပ်မကြာဘူး လမ်းပေါ် အားလုံးထွက်ရပြန်တယ်။ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ “ငါတို့ကျောင်းသား ငါတို့ပြန်ပေး” ဆိုတဲ့ ကြွေးကြော်သံတွေ ပြန့်ကြဲလို့ အချုပ်ကားကြီးနောက် လိုက်အော်ခဲ့ဖူးတာပေါ့။ ဒီလိုအချိန်တွေမှာလည်း အမေဝယ်ပေးခဲ့တဲ့ ကျောပိုးအိတ်ကလေးက ကျောမှာ ကပ်နေရှာတယ်။

ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒပြလို့မရတော့တဲ့အချိန်တွေ ရောက်လာပြန်တော့ အမေ့ကို ခွင့်တောင်းမိတယ်။ ကျမ တောခိုမလို့။ အမေက ခါးခါးသီးသီးနဲ့ကို လက်မခံခဲ့ဘူး။ သူ့ရဲ့မျှော်လင့်ချက်တွေအားလုံးက ကျမအပေါ်မှာလေ။ သူ့တဘဝလုံးကို ကျမအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့တာလေ။

ဘယ်ရပါ့မလဲ။ ကျမက အမေသင်ပေးခဲ့တဲ့ ပညာတွေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီး မောက်မာနေခဲ့တာ။ အမေက သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့သမီးကို သူပုန်ဖြစ်လာအောင် လုပ်မိခဲ့တာ။

ကျမကိုယ်ကျမ မသေချာတဲ့အတွက် အဝေးပြေးကားပေါ်ရောက်ပြီး နာရီတော်တော်ကြာမှ အိမ်ကို ဖုန်းဆက်ရတယ်။ အမေရော၊ အဖေရောက ငိုနေကြတယ်။ အခု အိမ်ကိုပြန်လာခဲ့ရင် လုံးဝမဆူဘူးဆိုတာပဲ သူတို့ တွင်တွင်ပြောနေတာ။ အဲဒီအချိန်က အဖေငိုတာကို ဒုတိယအကြိမ် ကြုံဖူးတာပဲ။ အဖေ ပထမဆုံးငိုတာက ကျမ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့က။

ကားပေါ်မှာ ကျမရဲ့ ကျောပိုးအိတ်အပြာရောင်လေးကို ပိုက်ပြီး ကျမလည်း ငိုနေမိတယ်။ အဲဒီအချိန် ထွက်လာခဲ့တုန်းက ကျမဟာ အိမ်ကို ပြန်ချင်တဲ့အချိန်တိုင်း ပြန်လို့ရပါတယ်လို့ ထင်နေခဲ့တာ။ ယုံကြည်နေခဲ့တာပေါ့လေ။ အပြာရောင်ကျောပိုးအိတ်ထဲမှာ ကျမအတွက် ထည့်စရာ ဒဏ်ရာဟောင်းရယ်လို့ များများစားစားမရှိဘူး။ ဒဏ်ရာအသစ်တွေ ထည့်ဖို့အတွက် နေရာလွတ်တွေ ထားထားရတယ်။

အခုတော့ သုံးနှစ်ကြာသွားခဲ့ပြီ။ သွားခဲ့တဲ့လမ်းတွေမှာ အမေဝယ်ပေးတဲ့ ကျောပိုးအိတ်ကလေးက emergency bag လည်း ဖြစ်ခဲ့တယ်။ ကျမရဲ့ကျောင်းသားတွေအတွက် စာမေးပွဲမေးခွန်းထည့်ဖို့ အိတ်ကလေးလည်း ဖြစ်ခဲ့တယ်။ ချစ်ရတဲ့သူအတွက် မွေးနေ့လက်ဆောင်လေးလည်း ထည့်ခဲ့ဖူးတယ်။ အဲဒီအိတ်ကလေးထဲမှာ ခွေးလေးတကောင်ကိုထည့်ပြီး ခရီးတွေ အကြိမ်ကြိမ်သွားဖူးခဲ့တယ်။

တကယ်တော့ အိမ်ပြေးတယောက်က အိမ်ကိုလွမ်းတယ်ဆိုတာ ရယ်စရာကြီးပါလို့ တွေးမိပြီး ကျမက အိမ်ကိုလွမ်းတယ်ဆိုတာ ဘယ်သူ့ကိုမှ ထုတ်ပြောလေ့မရှိဘူး။ အမေ့ကိုလည်း လွမ်းတယ်လို့ ကျမ မပြောဘူး။ အမေချက်ကျွေးတဲ့ဟင်းတွေကို တောင့်တတယ်ဆိုတာတောင် ကျမ မပြောဘူး။ ကျမ ဘယ်လိုပဲ အသေးစိတ်တွေအပေါ် မာနကြီးကြီး၊ အခုအချိန်ထိလည်း ကျမလုပ်နိုင်တဲ့၊ လုပ်နေတဲ့အရာအားလုံးအတွက် အမေက အမြဲတမ်း ဂုဏ်ယူနေလေ့ရှိတယ်။

အမေ ဂုဏ်ယူရရှာတဲ့ သူ့သမီးဟာ အခုတော့ ဗုံးခိုကျင်းထဲမယ် အမေဝယ်ပေးတဲ့ လွယ်အိတ်နဲ့ အတူတူရှိနေတယ်။ ပုခုံးပေါ်မှာ လွယ်ထားတဲ့ ကျောပိုးအိတ်ကလေးက တဖြည်းဖြည်းနဲ့ လေးလံလာသလိုပဲ။ ဒါပေမဲ့ ကျမ ဖွင့်မကြည့်ရဲဘူး။ ဖွင့်မကြည့်တော့ဘူး။ ကျောပိုးအိတ်ထဲမှာ ပစ္စည်းရယ်လို့ များများစားစားမရှိဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး လေးလံလာတယ်။ တကယ်တော့ ဒီကျောပိုးအိတ်ကလေးက တက္ကသိုလ်တက်ဖို့ ကျမရဲ့အမေက ကျမကို ဝယ်ပေးထားခဲ့တာ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မျက်သွယ်’ရေးဖွဲ့တဲ့ “​အပြာရောင် ကျောပိုးအိတ်ကလေး” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်) 

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...