Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“အပြာရောင် ကျောပိုးအိတ်ကလေး”

“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။

မျက်သွယ်

“တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။ ဒီလိုပဲ တချို့အရာတွေကလည်း မှတ်မှတ်ရရ အမြဲရှိနေတာမျိုးမဟုတ်ဘဲ ရုတ်တရက်မှ ပြန်သတိရလာမိတာ။ သူကလည်း ကျမပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်နေသလိုပဲ။ ဘာမှလည်း ပြန်မပြော၊ ကျမရဲ့ အပြာရောင် ကျောပိုးအိတ်ကလေးကိုပဲ ကြည့်နေတယ်။

ဒီအိတ်အကြောင်းကို သူစဉ်းစားနေတာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျမတို့က ဗုံးခိုကျင်းထဲမှာလေ။ ကိုယ့်အသက်မသေဖို့ကိုဘဲ ကြိုးစားနေကြတဲ့အချိန်။ ကျမကတော့ ကျယ်လောင်တဲ့အသံတွေ မကြာခင် ကြားရတော့မှာမလို့ နားကိုသာ လက်နှစ်ဘက်နဲ့ တင်းတင်းပိတ်ရင်း အိမ်ကို သတိရနေတယ်။ ကျောပိုးအိတ်ကလေးကို ဖက်ထားရင်းပေါ့။ တကယ်တော့ ဒီကျောပိုးအိတ်ကလေးက တက္ကသိုလ်တက်ဖို့ ကျမရဲ့အမေက ဝယ်ပေးထားခဲ့တာလေ။

အဲဒီ တက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် ကိုယ်တွေ့အင်တာဗျူး သွားပြီးဖြေတဲ့နေ့က အမေက လိုက်ပို့ခဲ့တယ်။ သူ့အနေနဲ့ ဒီလို တက္ကသိုလ်ကျောင်းဝန်းထဲကို ပထမဆုံး ရောက်ဖူးတာတဲ့။ အမေက လေးတန်းတောင် အောင်တာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် သူတဘဝလုံးရခဲ့တဲ့ စိတ်ဒဏ်ရာတွေကုစားဖို့ ကျမရဲ့ပညာရေးမှာ သူ့ရှိသမျှကို ရင်းနှီးမြှုပ်နှံခဲ့တာ။ ကျမလုပ်နိုင်တဲ့၊ လုပ်နေတဲ့အရာအားလုံးအတွက် အမေက အမြဲတမ်း ဂုဏ်ယူနေလေ့ရှိတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကိုယ်တွေ့ဖြေတဲ့နေ့မှာပဲ အမေနဲ့အတူ ကျောပိုးအိတ်ကလေးဝယ်ဖို့ လှည်းတန်းကို အတူသွားခဲ့တယ်။ ကျမက ကြည့်ဖူးတဲ့ဇာတ်ကားတွေထဲမှာ ကိုရီးယားမင်းသမီးလေးတွေ သုံးလေ့ရှိတဲ့ အိတ်ကလေးလိုမျိုး လိုချင်တာ။

အမေကတော့ ကျမ မကြိုက်မချင်း လှည်းတန်းမှာ ပတ်ရှာမယ်တဲ့။ သူက လမ်းအများကြီး လျှောက်နိုင်တာတောင် မဟုတ်ဘူး။ ဒါပေမဲ့လည်း သိပ်မရှာလိုက်ရပဲ လိုချင်တာရတယ်။ ကျမကြိုက်တဲ့ အပြာရင့်ရောင်လေးလေ။ ဘာအဆင်ဆန်းမှမပါတဲ့ ဗြောင်လေး။ အရုပ်ကီးချိန်းလေးတောင်မှ ပါသေးတယ်။ အဲဒါလေးကို လွယ်လို့၊ ကျမရဲ့ သူငယ်ချင်းအသစ်တွေနဲ့ တက္ကသိုလ်ထဲမယ် ပြဲပြဲစင်အောင် လျှောက်သွားခဲ့ဖူးတာပဲ။

အချိန်တွေက သိပ်တောင် မလုံလောက်လိုက်သလိုဘဲ။ ရုတ်တရက် ကျမတို့ အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့အချိန်တွေ ရောက်လာတယ်။ သိပ်မကြာဘူး လမ်းပေါ် အားလုံးထွက်ရပြန်တယ်။ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ “ငါတို့ကျောင်းသား ငါတို့ပြန်ပေး” ဆိုတဲ့ ကြွေးကြော်သံတွေ ပြန့်ကြဲလို့ အချုပ်ကားကြီးနောက် လိုက်အော်ခဲ့ဖူးတာပေါ့။ ဒီလိုအချိန်တွေမှာလည်း အမေဝယ်ပေးခဲ့တဲ့ ကျောပိုးအိတ်ကလေးက ကျောမှာ ကပ်နေရှာတယ်။

ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒပြလို့မရတော့တဲ့အချိန်တွေ ရောက်လာပြန်တော့ အမေ့ကို ခွင့်တောင်းမိတယ်။ ကျမ တောခိုမလို့။ အမေက ခါးခါးသီးသီးနဲ့ကို လက်မခံခဲ့ဘူး။ သူ့ရဲ့မျှော်လင့်ချက်တွေအားလုံးက ကျမအပေါ်မှာလေ။ သူ့တဘဝလုံးကို ကျမအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့တာလေ။

ဘယ်ရပါ့မလဲ။ ကျမက အမေသင်ပေးခဲ့တဲ့ ပညာတွေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီး မောက်မာနေခဲ့တာ။ အမေက သူကိုယ်တိုင်တောင် မသိလိုက်ဘဲ သူ့သမီးကို သူပုန်ဖြစ်လာအောင် လုပ်မိခဲ့တာ။

ကျမကိုယ်ကျမ မသေချာတဲ့အတွက် အဝေးပြေးကားပေါ်ရောက်ပြီး နာရီတော်တော်ကြာမှ အိမ်ကို ဖုန်းဆက်ရတယ်။ အမေရော၊ အဖေရောက ငိုနေကြတယ်။ အခု အိမ်ကိုပြန်လာခဲ့ရင် လုံးဝမဆူဘူးဆိုတာပဲ သူတို့ တွင်တွင်ပြောနေတာ။ အဲဒီအချိန်က အဖေငိုတာကို ဒုတိယအကြိမ် ကြုံဖူးတာပဲ။ အဖေ ပထမဆုံးငိုတာက ကျမ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့က။

ကားပေါ်မှာ ကျမရဲ့ ကျောပိုးအိတ်အပြာရောင်လေးကို ပိုက်ပြီး ကျမလည်း ငိုနေမိတယ်။ အဲဒီအချိန် ထွက်လာခဲ့တုန်းက ကျမဟာ အိမ်ကို ပြန်ချင်တဲ့အချိန်တိုင်း ပြန်လို့ရပါတယ်လို့ ထင်နေခဲ့တာ။ ယုံကြည်နေခဲ့တာပေါ့လေ။ အပြာရောင်ကျောပိုးအိတ်ထဲမှာ ကျမအတွက် ထည့်စရာ ဒဏ်ရာဟောင်းရယ်လို့ များများစားစားမရှိဘူး။ ဒဏ်ရာအသစ်တွေ ထည့်ဖို့အတွက် နေရာလွတ်တွေ ထားထားရတယ်။

အခုတော့ သုံးနှစ်ကြာသွားခဲ့ပြီ။ သွားခဲ့တဲ့လမ်းတွေမှာ အမေဝယ်ပေးတဲ့ ကျောပိုးအိတ်ကလေးက emergency bag လည်း ဖြစ်ခဲ့တယ်။ ကျမရဲ့ကျောင်းသားတွေအတွက် စာမေးပွဲမေးခွန်းထည့်ဖို့ အိတ်ကလေးလည်း ဖြစ်ခဲ့တယ်။ ချစ်ရတဲ့သူအတွက် မွေးနေ့လက်ဆောင်လေးလည်း ထည့်ခဲ့ဖူးတယ်။ အဲဒီအိတ်ကလေးထဲမှာ ခွေးလေးတကောင်ကိုထည့်ပြီး ခရီးတွေ အကြိမ်ကြိမ်သွားဖူးခဲ့တယ်။

တကယ်တော့ အိမ်ပြေးတယောက်က အိမ်ကိုလွမ်းတယ်ဆိုတာ ရယ်စရာကြီးပါလို့ တွေးမိပြီး ကျမက အိမ်ကိုလွမ်းတယ်ဆိုတာ ဘယ်သူ့ကိုမှ ထုတ်ပြောလေ့မရှိဘူး။ အမေ့ကိုလည်း လွမ်းတယ်လို့ ကျမ မပြောဘူး။ အမေချက်ကျွေးတဲ့ဟင်းတွေကို တောင့်တတယ်ဆိုတာတောင် ကျမ မပြောဘူး။ ကျမ ဘယ်လိုပဲ အသေးစိတ်တွေအပေါ် မာနကြီးကြီး၊ အခုအချိန်ထိလည်း ကျမလုပ်နိုင်တဲ့၊ လုပ်နေတဲ့အရာအားလုံးအတွက် အမေက အမြဲတမ်း ဂုဏ်ယူနေလေ့ရှိတယ်။

အမေ ဂုဏ်ယူရရှာတဲ့ သူ့သမီးဟာ အခုတော့ ဗုံးခိုကျင်းထဲမယ် အမေဝယ်ပေးတဲ့ လွယ်အိတ်နဲ့ အတူတူရှိနေတယ်။ ပုခုံးပေါ်မှာ လွယ်ထားတဲ့ ကျောပိုးအိတ်ကလေးက တဖြည်းဖြည်းနဲ့ လေးလံလာသလိုပဲ။ ဒါပေမဲ့ ကျမ ဖွင့်မကြည့်ရဲဘူး။ ဖွင့်မကြည့်တော့ဘူး။ ကျောပိုးအိတ်ထဲမှာ ပစ္စည်းရယ်လို့ များများစားစားမရှိဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး လေးလံလာတယ်။ တကယ်တော့ ဒီကျောပိုးအိတ်ကလေးက တက္ကသိုလ်တက်ဖို့ ကျမရဲ့အမေက ကျမကို ဝယ်ပေးထားခဲ့တာ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မျက်သွယ်’ရေးဖွဲ့တဲ့ “​အပြာရောင် ကျောပိုးအိတ်ကလေး” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်) 

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...