Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

နှမလေးအတွက် ထမင်းတစ်နပ်

ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံက တောရွာလေးတစ်ရွာမှာ စေအိတတို့ မောင်နှမနေထိုင်ပါတယ်။ စေအိတရဲ့နှမလေးက အသက်၄ နှစ်ပဲရှိသေးတဲ့ ဆဲဆုကိုပါ။ စေအိတထက် ၁၀ နှစ်ငယ်ပါတယ်။

Grave of the Fireflies (1988)

ဝဇီရာ/People’s Spring

ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံက တောရွာလေးတစ်ရွာမှာ စေအိတတို့ မောင်နှမနေထိုင်ပါတယ်။ စေအိတရဲ့နှမလေးက အသက်၄ နှစ်ပဲရှိသေးတဲ့ ဆဲဆုကိုပါ။ စေအိတထက် ၁၀ နှစ်ငယ်ပါတယ်။

ဖခင်ဖြစ်သူက စစ်ထဲပါသွားခဲ့တယ်။ မိ​ခင်ဖြစ်သူကတော့ သူတို့ရွာကလေး လေယာဥ်တွေနဲ့ ဗုံးကြဲခံရချိန်မှာပဲ အသက်ပျောက်သွားခဲ့ရတယ်။ စေအိတရဲ့နှမလေးက ဗုံးခိုကျင်းထဲပုန်းရင်း ပြောတာက “သမီး ဗုံးကျင်းတွေကို မုန်းတယ်”တဲ့။

Public Service Announcement

Public Service Announcement

သူတို့အိမ်ကလေး ပြာကျသွားတော့ ကြီးဒေါ်ကြီးအိမ်မှာ ပြောင်းနေခဲ့တယ်။ ကြီးဒေါ်ကြီးက အစပိုင်းတော့ သူတို့ပါလာ​တဲ့ပစ္စည်းတွေကြောင့် လက်ခံထားပေမဲ့ နောက်တော့ ငြိုငြင်လာခဲ့တယ်။

အမေဖြစ်သူရဲ့ ကီမိုနိုတွေကို ကြီးဒေါ်ဖြစ်သူက ရောင်းစားဖို့လုပ်တော့ နှမလေးက လိုက်တားရှာတတယ်။ “ဒါ မေမေ့ဟာတွေ”တဲ့။ မေမေကီမိုနိုလေးတွေနဲ့ ဆန်တွေလဲလာတော့ နှမလေး ကြူကြူပါအောင် ငိုခဲ့တယ်။

အဲဒီမှာ စေအိတတစ်ယောက် ချောင်းကလေးဘေးက လိုဏ်ဂူတစ်ခုကို သွားတွေ့တယ်။ ဘယ်သူမှလည်းမရှိတော့ နှမကလေးကိုခေါ်ပြီး လိုဏ်ဂူထဲ ပြောင်းနေခဲ့တယ်။

ညဘက်ဆို လိုဏ်ဂူဝန်းကျင်မှာ ပိုးစုန်းကြူးလေးတွေ အများကြီး တွေ့ရတတ်တယ်။ နှမလေး ဆဲဆုကိုက ပိုးစုန်းကြူးလေးတွေကို သိပ်သဘောကျတာ။ ညမှောင်လာတော့ နှမလေးက ကြောက်ရှာတော့ စေအိတက ပိုးစုန်းကြူးလေးတွေကို ဖမ်းပြီး ခြင်ထောင်ထဲထည့်ပေးထားခဲ့တယ်။

နှမလေးက စေအိတကို “ပိုးစုန်းကြူးတွေက ဘာလို့ ဒီလောက်မြန်မြန် သေကုန်ကြတာလဲ”လို့မေးတော့ စေအိတ ​ဖြေစရာစကားမရှိဘူး။ စစ်ဖြစ်

နေသောတိုင်းပြည်မှာ မိဘမဲ့ခဲ့ရတဲ့ သူတို့မောင်နှမနှစ်ယောက်အတွက် ဒဏ်ရာဒဏ်ချက်တွေက များလှပါတယ်။

တရက်တော့ နှမကလေး ဖျားပါတယ်။ စေအိတဟာ နှမအဖျားသက်သာအောင် သကြားဓာတ်​ ကျွေးချင်လို့ ကြံပင်သွားခိုးတယ်။ ပိုင်ရှင်နဲ့တိုးပြီး ရိုက်နှက်ခံရပြီး ရဲစခန်းခေါ်သွားတယ်။ နှမကလေးဟာ ချောင်းကလေးဘေးက လိုဏ်ဂူရှေ့မှာ အကိုကို တကြော်ကြော်အော်ရင်း ကျန်ရစ်ခဲ့ရှာတယ်။

နှမကလေးက အာဟာရပြည့်ပြည့်ဝဝမစားရတော့ ပိန်ချုံးလာတယ်။ အကိုကြီး စေအိတ ဒီအတိုင်းနေလို့မရတော့။ နောက်တော့ သူအကြံတစ်ခုရတယ်။ လေယာဥ်လာကြဲရင် လူတွေက အိမ်တွေထဲကနေထွက်ပြေးပြီး ဗုံးခိုကျင်းတွေဆီ ပြေးကြတာ။ အဲဒီအချိန် အိမ်တွေထဲလူမရှိတော့။ ဒါ့ကြောင့် စေအိတ လေယာဥ်ဗုံးလာကြဲပြီဆို အိမ်တွေထဲက အစားအသောက်တွေ၊ ရောင်းလို့ရနိုင်တာတွေ ဝင်ခိုးလေတော့တယ်။

တရက်တော့ ခိုးရာပါပစ္စည်းရောင်းပြီးပြန်လာတော့ နှမကလေးကိုမတွေ့။ လိုက်ရှာတော့ တနေရာမှာ နှမလေး လဲနေပြီ။ တော်တော်လေးလည်း အားနည်းနေခဲ့ပြီ။ ဆရာဝန်ဆီအပြေးသွားတယ်။ ကလေးက အာဟာရပျက်နေတာတဲ့။ ဆေးပေးပါတောင်းတော့ ဆေးလည်းကယ်နိုင်မယ်မထင်ဘူးတဲ့။ အာဟာရရှိတာ တခုခု ကျွေးပေးဆိုတဲ့သဘော။ စေအိတက

“ကျနော်တို့မှာ စားစရာဘာမှမရှိဘူး”လို့ ပြောလိုက်တယ်။စေအိတ ဘဏ်ထဲက အမေစုပေးထားတဲ့ငွေသားရှိသမျှ အကုန်ထုတ်လိုက်တယ်။ လိုဏ်ဂူထဲရောက်တော့ နှမလေးက အိပ်ရာပေါ်မှာ။

နှမ​လေးဘာစားချင်လဲမေးတော့ ခေါက်ဆွဲကြော်၊ရေခဲမုန့်၊ သကြားလုံး စုံနေတာပဲ။ နှမလေးက တပြွတ်ပြွတ်နဲ့ပါးစပ်လှုပ်နေလို့ ဘာစားနေတာလဲကြည့်လိုက်တော့ နှမလေးက ဂေါ်လီလုံးကို သကြားလုံးအမှတ်နဲ့ မြုံ့နေခဲ့တာ။ သူ့ဘေးနားမှာလည်း မြေသားနဲ့လုံးထားတဲ့ အလုံးလေးနှစ်လုံး။ တစ်လုံးကို ထမင်းပေါင်းတဲ့။ နောက်တစ်လုံးကိုကျ ပဲပေါင်းတဲ့။ စားလိုက်နော်တဲ့။ အကိုကြီး မျက်ရည်ကျတယ်။

စေအိတ ကျောပိုးအိတ်ထဲက ဖရဲသီးကိုထုတ်တယ်။ “ဒါအကိုခိုးလာတာမဟုတ်ဘူး”လို့ပြောတယ်။ ဖရဲသီးလေးကို အမြန်ခွဲစိပ်လိုက်တယ်။ နှမလေးပါးစပ်ထဲခွံ့တယ်။ နှမလေးက စားလို့ကောင်းလိုက်တာလို့ တိုးတိုးကလေးရေရွတ်တယ်။ ကိုကြီးထမင်းပေါင်းသွားချက်လိုက်ဦးမယ်လို့ ပြောလိုက်တယ်။ နှမ​လေးက “ကိုကြီးကျေးဇူးတင်ပါတယ်” တဲ့။ ဒီစကားလေးဟာ နှမလေးရဲ့နောက်ဆုံးစကားမှန်း စေအိတမသိခဲ့ဘူး။

အဲဒီအချိန် လေပြင်းတွေတိုက်လာခဲ့တယ်။ မိုးတွေရွာတယ်။ ချက်ထားပြီး ခူးခပ်ထားတဲ့ ထမင်းဟင်းတွေက အရာမ​ယွင်း။ စေအိတ နှမလေးခန္ဓာကိုယ်ကို ထွေးပွေ့ရင်း ငူငိုင်နေခဲ့ပါတော့တယ်။

ဒီဇာတ်ကားဟာ စာရေးဆရာ Akiyuki Nosaka ရဲ့ ၁၉၆၇ ခုနှစ်ထွက် ကိုယ်တိုင်ရေး ဝတ္ထုကို အခြေခံထားတာပါ။ စာရေးဆရာဟာ စစ်အတွင်းမှာ သူ့ရဲ့ နှမငယ်လေး အာဟာရပြတ်လတ်ပြီး ဆုံးရှုံးခဲ့ရတဲ့အတွက် နောင်တတရားနဲ့ ဒီဇာတ်လမ်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားထဲက အစ်ကိုဖြစ်သူ Seita ဟာ စာရေးဆရာကိုယ်တိုင်ရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။

နေ့စဥ် နာကျင်မှုတွေရှိနေတဲ့ကြားက ဒီဇာတ်ကားကိုကြည့်ရတာ ပိုလို့နာကျင်ရပါတယ်။ ဒီဇာတ်

ကားကိုကြည့်ရင်း စေအိတရဲ့ နှမလေးလိုပဲ ဗုံးခိုကျင်းထဲ ပြေးပြေးပုန်းရတာကိုမုန်းတဲ့ကလေးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် များနေမလဲလို့ တွေးနေမိတယ်။ စေအိတရဲ့နှမလေးလိုပဲ အာဟာရလုံလုံလောက်လောက်မရလို့ အသက်ပေးသွားရတဲ့ကလေးတွေ စစ်ဘေးသင့်ဒေသတွေမှာ အများကြီး ရှိနေပါလိမ့်မယ်ဆိုတာ သေချာလှပါတယ်။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

Missed Calls(၂၀၂၆)

ရုပ်ရှင်ခံစားမှု

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။

ရုပ်ရှင်ခံစားမှု

ကျောင်းကော်ရစ်တာမှာ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို မျက်နှာတွေ တဖြန်းဖြန်း ရိုက်နေတယ်။ အရိုက်ခံရတဲ့ကျောင်းသား မျက်နှာမှာလည်း သွေးစသွေးနတွေနဲ့။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ကျောင်းသားဆိုးကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို ပါးတွေချည့်လှိမ့်ရိုက်တယ်။ ကျောင်းသားလေး လဲသွားတယ်။

ရုပ်ရှင်ခံစားမှု

Salmokji: Whispering Water(၂၀၂၆) ဝဇီရာ/People’s Spring ဆားလ်မို့ဂျီ ရေလှောင်ကန်တဲ့။ တောင်တွေဝန်းရံထားတယ်။ လူသွားလူလာပြတ်တယ်။ မြူထူထူတွေရှိတယ်။ နေ့ခင်းဘက်မှာတောင် အေးစက်စက် အငွေ့အသက်တွေရတယ်။ ညဘက်ဆိုရင်တော့ ရေကန်ရဲ့ဝန်းကျင်က တောအုပ်ကြောင့် ပိုပြီးခြောက်ခြားစရာကောင်းတယ်။ Online Map တွေမှာသုံးတဲ့ “ရုပ်ထွက် 360 ဒီဂရီ လမ်းညွှန်မြေပုံ”...