Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

ခေတ်ရယ် အချစ်ရယ်… (Once we were us – 2025)

လက်တလော လူပြောများနေသော ကိုရီးယားရုပ်ရှင်ဇာတ်ကား Once we were us ကို ကြည့်ဖြစ်ပါသည်။ ချစ်လျက်နှင့် လမ်းခွဲခဲ့ရသော ချစ်သူနှစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။

-ဝဇီရာ ရေးသည်

လက်တလော လူပြောများနေသော ကိုရီးယားရုပ်ရှင်ဇာတ်ကား Once we were us ကို ကြည့်ဖြစ်ပါသည်။ ချစ်လျက်နှင့် လမ်းခွဲခဲ့ရသော ချစ်သူနှစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။

နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်လည်း လိုအပ်သည်။ တစ်ယောက်က တစ်ယောက်၏ကမ္ဘာ။ အမှောင်မိုက်ဆုံးကာလတွေမှာ အတူတူရှိခဲ့ကြသည်။ ရုန်းရကန်ရသော်လည်း အပြုံးတွေဖလှယ်ရင်း အမောပြေစေခဲ့ပါသည်။

သို့သော် မြန်မာလိုသာဆိုလျှင် ကံမစပ်ခဲ့ဘူးဆိုရလေမလား။ နှစ်ဦးလုံး အလုပ်အကိုင်တွေအဆင်မပြေကြ။ အနာဂတ်တွေဝေဝါးနေသည်။ နောက်တော့ တစ်ဦးကိုတစ်ဦး အမြင်မကြည်လင်မှုတွေ အစပြုလာသည်။ အထူးသဖြင့် အမျိုးသား။ အမျိုးသားတချို့သည် အမျိုးသမီးတွေနှင့်ယှဥ်လျှင် ဖိအားတွေ၊ လောကဓံတွေကို သူတို့လောက် မခံနိုင်တာများဖြစ်နေမလား။

Public Service Announcement

Public Service Announcement

ရုပ်ရှင်ထဲမှာ သေသေချာချာပြမသွားသည်က ဇာတ်လမ်းကာလနောက်ခံ ၂၀၀၉ ခုနှစ် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအခြေအနေဖြစ်သည်။

၂၀၀၈ ခုနှစ်နှောင်းပိုင်းကစပြီး ဖြစ်ပွားခဲ့သည့် ကမ္ဘာ့စီးပွားရေးပျက်ကပ်သည် ၂၀၀၉ ခုနှစ်မှာ ကိုရီးယားကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပါသည်။ ကုမ္ပဏီကြီးတွေ အရှုံးပေါ်ပြီး အလုပ်သမားတွေ လျှော့ချခဲ့ကြသည်။ ထို့ကြောင့် လူငယ်တွေအတွက် အလုပ်ရဖို့တင်မကဘဲ မိသားစုတွေ စားဝတ်နေရေး ကျပ်တည်းခဲ့သည့် အချိန်ကာလဖြစ်ခဲ့သည်။

​အသေးစား လုပ်ငန်းရှင်တွေနှင့် လူလတ်တန်းစား မိသားစုအများအပြား အကြွေးနွံထဲ နစ်ခဲ့ကြသည့် ကာလဖြစ်သည်။ အဆိုပါကာလသည် ကိုရီးယားလူ့အဖွဲ့အစည်းမှာ စိတ်ဓာတ်ကျဆင်းမှုများအတော်များခဲ့လေသည်။

နိုင်ငံ စီးပွားရေး မကောင်းသည့်အတွက် လူငယ်ကျောင်းသားထုများအကြား ပညာရေးနှင့် အလုပ်အကိုင်အတွက် ပြိုင်ဆိုင်မှုက အရင်ကထက် ပိုပြီး ပြင်းထန်ခဲ့ကြသည့်ကာလတစ်ခုဖြစ်ခဲ့သည်။

ထိုကာလမှာ ဖြတ်သန်းနေကြသော ချစ်သူနှစ်ဦး၏ အချစ်ရေးသည်လည်း ပန်းခင်းလမ်းမဟုတ်ခဲ့သည်မှာ သေချာလှပါသည်။ နိုင်ငံရေးသည် အချစ်ရေးကိုပါ ရိုက်ခတ်စေခဲ့ပါသည်။ ကာလဆိုးကြီးထဲ လက်တွဲမဖြုတ်တမ်း ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ကြလျှင်တော့ ပျော်ရွှင်စွာပေါင်းဖက်နိုင်ခဲ့ကြမည်ထင်သည်။

မြန်မာနိုင်ငံက လူငယ်တွေ၏ ဘဝတွေလည်း စစ်တပ်အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း များစွာ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်စေခဲ့ပါသည်။ တောထဲရောက်သူရောက်၊ ပြည်ပရောက်သူရောက်၊ ထောင်ထဲရောက်သူရောက်ဖြင့် ဘဝတွေ များစွာ ပြောင်းလဲခဲ့ရသည်။ လူငယ်ထု၏ အချစ်ရေးကိုလည်း တနည်းတဖုံ ရိုက်ခက်စေလိမ့်မည်ဟု ထင်ပါသည်။

ကြုံတုန်းဖြစ်စဥ်လေးတစ်ခု ပြောပြရဦးမည်။ မြို့လေးတစ်မြို့မှာ တော်လှန်ရေးကိုအတူတကွလုပ်ခဲ့ကြသော ချစ်သူနှစ်ဦး ရှိခဲ့ပါသည်။ အမျိုးသမီးလေးက ထောက်ပို့ဖြစ်သည်။ တစ်ရက်တော့ သူအဖမ်းခံလိုက်ရသည်။ နှစ်ရှည်ထောင်ဒဏ် အချခံလိုက်ရသည်။

တပေါင်းလပြည့်နေ့က စစ်ကောင်စီလွတ်ငြိမ်းတွင် ထိုအမျိုးသမီးလေး ပါဝင်ခဲ့ပါသည်။ သူအပြင်ရောက်ချိန်တွင်တော့ သူနှင့်အတူတူ ဆိုးတူကောင်းဖက် ဖြတ်သန်းခဲ့သော ကောင်လေးမှာ ကောင်မလေးအသစ် ရရှိသွားခဲ့ပြီဖြစ်လေသည်။ ခေတ်နှင့်အချစ်သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ရိုက်ခတ်နေသည်ကတော့ သေချာသည်။ ခေတ်က အချစ်ကို ဖျက်ဆီးတာလား၊ အချစ်ကပဲ ခေတ်ကို မကျော်လွှားနိုင်တာလား မေးခွန်းထုတ်နေရဦးမည်ဖြစ်သည်။

(ဆောင်းပါးခေါင်းစဥ်အား ဆရာမ စံပယ်ဖြူနု၏ လုံးချင်းဝတ္ထု ခေတ်ရယ်အချစ်ရယ်ဆိုသည့်နာမည်အား ငှားရမ်းသုံးစွဲပါသည်)

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

ဒီတစ်ပတ်တော့ ကြည်မိတဲ့ တောင်ကိုရီးယားစီးရီး the Scarecrow ထဲက ဇာတ်ကောင်တချို့အကြောင်း စိတ်ထဲရှိနေမိတယ်။ ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီနဲ့ မေလက ထုတ်လွှင့်ပြသခဲ့တာမို့ အတော်များများ ကြည့်ပြီးကြပါပြီ။ ဒီဇာတ်ကားဟာ တချိန်က တောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဟွာဆောင်းကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို အခြေခံပြီး ဇာတ်အိမ်တည်ဆောက်ထားတာပါ။ ဒီဖြစ်ရပ်ကိုပဲ မှီငြမ်းပြီး...

ရုပ်ရှင်ခံစားမှု

အသက် ၁၀ နှစ်အရွယ် ကလေးမ လေးချိဟိရို ဟာ မိဘတွေနဲ့အတူ မြို့သစ်ဘက်ကို ကားလေးတစ်စီးနဲ့ ပြောင်းရွှေ့လာခဲ့တယ်။ ကားကိုမောင်းတဲ့သူ့ဖေဖေဟာ လမ်းမှားပြီး ဆန်းကြယ်တဲ့ လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့တယ်။အဖေကောအမေပါ လိုဏ်ခေါင်းထဲဝင်ပြီး စပ်စုကြတော့ သူလည်း ကြောက်ကြောက်နဲ့ လိုက်ခဲ့ရတယ်။

ရုပ်ရှင်ခံစားမှု

ကျမနာမည် ယဲ့ရှုးရိုပါ။ မြေပိုင်ရှင် သူဌေးသမီးလေးတစ်ယောက်ပေါ့။ သူနဲ့စဆုံတုန်းက သူကော ကျမပါ အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ မှတ်မိပါသေးတယ်။ အဲဒီအချိန်က ဂျပန်ကိုတိုက်ထုတ်ပြီးချိန် ကျမတို့ရွာမှာ ဘုရားပွဲတွေ ပြန်ကျင်းပတော့ အလှည့်လှည့်ချိန် ကျမက ရှေ့ဆုံးကနေ အလံကိုင်ရတယ်။ အဲဒီလို အလံကိုင်ပြီး လှည့်ချိန်မှာ...

ရုပ်ရှင်ခံစားမှု

ဖူတာဘဟာ သမီးဖြစ်သူ အဇူမီနဲ့ ရုန်းကန်နေရတဲ့ တစ်ကိုယ်တည်း မိခင်တစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူက ဆုံးသွားတာတော့ မဟုတ်ဘူး။ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာ။ ဒါပေမယ့် ဖူတာဘဟာ စိတ်ဓါတ်ကြံ့ခိုင်လှပါတယ်။

Facebook