Connect with us

Hi, what are you looking for?

ရုပ်ရှင်ခံစားမှု

My Neighbor Totoro (1988) – သဘာဝတရားရဲ့ခိုလှုံရာ

၁၉၅၀ ဝန်းကျင်လောက်က ဂျပန်နိုင်ငံက ကျေးလက်ဒေသတစ်ခုကို ဖခင်ဖြစ်သူနဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ဆာဆူကေး (Satsuki) နဲ့ မေ (Mei) တို့ သားအဖသုံးယောက် ပြောင်းရွှေ့လာခဲ့ကြတယ်။ ဆေးရုံတက်နေရတဲ့ မိခင်ဖြစ်သူနဲ့ နီးစပ်ဖို့အတွက် လေကောင်းလေသန့်ရတဲ့ ကျေးလက်ဒေသကို ပြောင်းလာခဲ့ကြတာပါ။

-ဝဇီရာ ရေးသည်

၁၉၅၀ ဝန်းကျင်လောက်က ဂျပန်နိုင်ငံက ကျေးလက်ဒေသတစ်ခုကို ဖခင်ဖြစ်သူနဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ဆာဆူကေး (Satsuki) နဲ့ မေ (Mei) တို့ သားအဖသုံးယောက် ပြောင်းရွှေ့လာခဲ့ကြတယ်။ ဆေးရုံတက်နေရတဲ့ မိခင်ဖြစ်သူနဲ့ နီးစပ်ဖို့အတွက် လေကောင်းလေသန့်ရတဲ့ ကျေးလက်ဒေသကို ပြောင်းလာခဲ့ကြတာပါ။

​သူတို့ညီအစ်မနှစ်ယောက်ဟာ အိမ်ဟောင်းလေးမှာနေရင်းနဲ့ တောအုပ်ကြီးထဲမှာရှိတဲ့ သဘာဝတရားရဲ့ စောင့်ရှောက်သူလို့ ခေါ်နိုင်မယ့် ထူးဆန်းပြီး ချစ်စရာကောင်းတဲ့ “တိုတိုရို” (Totoro) ဆိုတဲ့ သတ္တဝါကြီးနဲ့ ဆုံတွေ့ကြပါတယ်။

တိုတိုရိုဟာ တိရစ္ဆာန်အစစ် မဟုတ်ပါဘူး။ သူက “သစ်တောစောင့်နတ်” တစ်ပါး ဖြစ်ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဌာန်က ဝက်ဝံ၊ ယုန် နဲ့ ရှူးပျံ (Flying Squirrel) တို့ကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးဖြစ်ပြီး တအားကို ထွားကြိုင်း၊ ဖောင်းအိပြီး နူးညံ့တဲ့ပုံစံ ရှိပါတယ်။

Public Service Announcement

Public Service Announcement

တိုတိုရိုကို ညီအစ်မနှစ်ဖော်ထဲက အငယ်မလေး “မေ” က စတွေ့တာပါ။ သူက ဂျပန်လို နတ်မှင်စာ (Troll) ကို ခေါ်တဲ့ “Torōru” ဆိုတဲ့ စကားလုံးကို ကောင်းကောင်းမပီဘဲ “Totoro” လို့ မှားခေါ်ရာကနေ အဲဒီနာမည် ဖြစ်လာတာပါ။ မေဟာ တိုတိုရိုကို ပထမဆုံးတွေ့ရှိပြီး သူနဲ့ သူငယ်ချင်းဖြစ်သွားခဲ့ပါတယ်။

တိုတိုရိုဟာ သစ်ပင်တွေကို အရှိန်အဟုန်နဲ့ ကြီးထွားအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ သူက လူတိုင်းရှေ့ကို ထွက်ပြလေ့မရှိဘူး။ ဖြူစင်တဲ့ စိတ်ထားရှိတဲ့ ကလေးငယ်တွေရှေ့မှာပဲ ပေါ်လာလေ့ရှိပါတယ်။ မေက စိတ်ထားဖြူလို့ ထွက်ပြတဲ့သဘောပါ။

တိုတိုရိုဟာ ထိပ်တုံးလေး (Top) တစ်ခုပေါ် တက်နင်းပြီး ကောင်းကင်မှာ ပျံသန်းနိုင်သလို၊ လေပြင်းတွေကိုလည်း ဖန်တီးနိုင်ပါတယ်။ သူတင်မက​​သေးပါဘူး။သူက ထူးဆန်းတဲ့ “ကြောင်ကားကြီး” (Catbus) ကို ခေါ်ယူနိုင်စွမ်းရှိပြီး အခက်အခဲကြုံနေတဲ့ ကလေးတွေကို ကူညီပေးတတ်ပါသေးတယ်။

မေတို့ရဲ့ဖေဖေက က တက္ကသိုလ်ကထိကတစ်ယောက်ဖြစ်ပြီး နားလည်မှုရှိတဲ့ ဖခင်တစ်ဦးပါ။ကလေးတွေက “နတ်မှင်စာတွေတွေ့တယ်၊ Totoro ကိုတွေ့တယ်” လို့ ပြောတဲ့အခါ သူက လှောင်ပြောင်တာမျိုး လုံးဝမလုပ်ဘူး။ “ဒါဟာ သစ်တောစောင့်နတ်ကြီး မင်းတို့ကို နှုတ်ဆက်တာနေမှာပါ” လို့ ပြန်ပြောပြီး ကလေးတွေရဲ့ စိတ်ကူးယဉ်မှုကို အားပေးတတ်ပါတယ်။ သားသမီးတွေရဲ့ စကားကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး လွတ်လပ်ခွင့်ပေးတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။

မေတို့ အိမ်အနီးမှာ သိပ်ချစ်စရာကောင်းတဲ့ အဖွားတစ်ယောက်လည်း ရှိပါတယ်။ အဖွားက မေတို့ ညီအစ်မကို မြေးအရင်းတွေလို ချစ်တာပါ။ မေရဲ့အမေ ဆေးရုံတက်နေချိန်မှာ သူကပဲ ကလေးတွေကို စောင့်ရှောက်ပေးပါတယ်။

သူစိုက်ထားတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကျွေးပြီး “ဒီအသီးတွေက နေရောင်ခြည်နဲ့ မြေကြီးရဲ့ အားအင်တွေပါတယ်၊ ဒါကိုစားရင် အမေလည်း မြန်မြန်နေကောင်းလာမှာပါ” လို့ ပြောတတ်တဲ့ နူးညံ့တဲ့ အဖွားအိုကြီးပါ။ ကျွန်တော်တို့ဆီက ရွာထဲက အဖွားတွေလိုပါပဲ။ ကိုယ့်မြေးမဟုတ်ပေမယ့် မိဘကိစ္စရှိချိန်မှာ မုန့်ကျွေး၊ ထမင်းကျွေးပြီး စောင့်ရှောက်ပေးတဲ့ မြန်မာ့ကျေးလက် စိတ်ထားမျိုးပါ။

ကန်တာ (Kanta)ကတော့ အဖွားရဲ့ မြေးဖြစ်ပြီး မေ့ရဲမမ ဆာဆူကေးတို့နဲ့ အတူတူ ကျောင်းတက်ရတဲ့ ကောင်လေးပါ။ ကန်တာက ရှက်တတ်တယ်ရယ်။ ဆာဆူကေးကို ခင်မင်ပေမယ့် အပြင်ပန်းမှာတော့ စူပုတ်ပုတ်နဲ့ နေတတ်ပါတယ်။ ဒါပေမဲ့ မိုးရွာတဲ့နေ့မှာ ဆာဆူကေးတို့ ညီအစ်မ ထီးမပါတာတွေ့တော့ သူ့ထီးကို ပေးခဲ့ပြီး သူကတော့ မိုးရေထဲမှာ ပြေးသွားခဲ့တယ်။ တကယ့်ကောင်လေး။

​ဇာတ်လမ်းတစ်လျှောက်လုံးမှာ အထူးတလည် ဒရာမာဆန်ဆန် ပြသတာမျိုးမရှိဘဲ၊ ကလေးနှစ်ယောက်ရဲ့ အပြစ်ကင်းစင်တဲ့ မျက်လုံးနဲ့ သဘာဝတရားကို ဘယ်လိုရှုမြင်သလဲဆိုတာကို လှပစွာ ရိုက်ကူးထားတာပါ။ အထူးသဖြင့် မိခင်ဖြစ်သူ ဖျားနာနေတဲ့အတွက် စိတ်ပူနေရတဲ့ ကလေးငယ်တွေရဲ့ အားကိုးရာတစ်ခုအဖြစ် တိုတိုရိုက ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို နွေးထွေးစွာ ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

ဒီကားက ကြည့်နေသူကို ကလေးဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုတွေ၊ သဘာဝတရားနဲ့ နီးကပ်စွာနေထိုင်ရတဲ့ ရင်ခုန်စရာ ခံစားချက်တွေကို ပြန်ပေးနိုင်ပါတယ်။ အပြင်လောကရဲ့ ဖိစီးမှုတွေကို ခဏတာမေ့ထားပြီး စိတ်ကို အလွန်အမင်း အေးချမ်းစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ စိမ်းစိုနေတဲ့စိုက်ခင်းတွေ၊ တောင်တန်းတွေ၊ စမ်းချောင်းတွေ၊ မိုးရေစက်တွေ၊ဖားအော်သံ၊ ပုစဥ်းရင်ကွဲသံတွေ၊ လေတိုက်ခတ်သံတွေ၊ သစ်ရွက်လှုပ်ခတ်သံတွေ အနုစိတ်ထည့်သွင်းထားတာကြောင့် ကြည့်ရှုသူကို အပြင်လောကရဲ့ ဖိစီးမှုတွေကနေ ခဏတာ မေ့လျော့သွားစေမှာပါ။

အာဏာမသိမ်းမီကာလကတော့ ကျွန်တော့်အတွက်တော့ အညာဒေသဟာ စိတ်ပင်ပန်းမှု တော်တော်ပြေစေခဲ့တဲ့ဒေသပါ။ ထနောင်းပင်အိုတန်း၊ တမာပင်တန်းတွေ၊ ထန်းတောညို့ညို့တွေ၊ လက်ပံနဲ့ ကုက္ကိုပင်တွေ၊ ရွှေဘိုနယ်က ဆည်ရေသောက် စပါးခင်းတွေ၊ ထန်းလက်အိမ်ကလေးတွေဟာ စိတ်ဖိစီးမှုတွေ ပြေလျော့စေတဲ့ မြင်ကွင်းတွေပါ။ အခုတော့ အဲဒီဒေသတွေလည်း ကျွန်တော်မရောက်နိုင်​တော့။ နယ်ကပြန်လာသူတွေ မေးမြန်းကြည့်တဲ့အခါ အိမ်တွေလည်း ပိတ်ထားကြသတဲ့။ အိမ်ဝင်းရှေ့ အပင်တွေလည်း ပေါက်လို့တဲ့။ ပြာကျတဲ့ရွာပြာကျ၊ ပြေးတဲ့ရွာပြေးနဲ့ အညာဟာ ကစဥ့်ကလျား။

တခါက အညာကိုလွမ်းရင်း ဒီကားကို ကြည့်မိခဲ့ပါတယ်။ ဒီဇာတ်ကားကို ကြည့်ရတာဟာ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်ပြီး လေအေးလေး ရှူနေရသလိုပါပဲ။ လယ်ကွင်းစိမ်းစိမ်းတွေ၊ ညောင်ပင်ကြီးတွေရဲ့ အရိပ်အောက်မှာခိုနားရသလို ခံစားချက်မျိုးကို ပေးပါတယ်။ ဒီဇာတ်ကားကြည့်ရင်း ကျွန်တော် တခါကအညာကို စူးစူးနစ်နစ် သတိရနေမိပါတယ်။ ။

ဆက်စပ်သတင်းများ

ရုပ်ရှင်ခံစားမှု

Missed Calls(၂၀၂၆)

ရုပ်ရှင်ခံစားမှု

ဂန်လင်းစစ်စခန်းကို စစ်သားသစ်တစ်ယောက် ရောက်လာခဲ့တယ်။သူ့နာမည်က ကန်ဆောင်ဂျေးတဲ့။စခန်းရောက်မှသူ့နောက်ကြောင်း သိရတာက သူက စစ်သင်တန်းမှာ ထူးချွန်ထက်မြက်တဲ့ရဲဘော်သစ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဂိမ်းစွဲနေပါသတဲ့။

ရုပ်ရှင်ခံစားမှု

ကျောင်းကော်ရစ်တာမှာ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို မျက်နှာတွေ တဖြန်းဖြန်း ရိုက်နေတယ်။ အရိုက်ခံရတဲ့ကျောင်းသား မျက်နှာမှာလည်း သွေးစသွေးနတွေနဲ့။ ဝင်ဆွဲမယ့်သူလည်း မရှိဘူး။ကျောင်းသားဆိုးကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို ပါးတွေချည့်လှိမ့်ရိုက်တယ်။ ကျောင်းသားလေး လဲသွားတယ်။

ရုပ်ရှင်ခံစားမှု

Salmokji: Whispering Water(၂၀၂၆) ဝဇီရာ/People’s Spring ဆားလ်မို့ဂျီ ရေလှောင်ကန်တဲ့။ တောင်တွေဝန်းရံထားတယ်။ လူသွားလူလာပြတ်တယ်။ မြူထူထူတွေရှိတယ်။ နေ့ခင်းဘက်မှာတောင် အေးစက်စက် အငွေ့အသက်တွေရတယ်။ ညဘက်ဆိုရင်တော့ ရေကန်ရဲ့ဝန်းကျင်က တောအုပ်ကြောင့် ပိုပြီးခြောက်ခြားစရာကောင်းတယ်။ Online Map တွေမှာသုံးတဲ့ “ရုပ်ထွက် 360 ဒီဂရီ လမ်းညွှန်မြေပုံ”...

Facebook