ဝဇီရာ/People’s Spring
၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် ဟီရိုရှီးမားမြို့မှာ ဂျန်တို့ မိသားစုနေထိုင်ပါတယ်။ ဂျန်မှာ ဖေဖေနဲ့ မေမေရယ်၊ စစ်ထဲဝင်သွားတဲ့အကိုရယ်၊ အစ်မတစ်ယောက်နဲ့ ရှင်းဂျီဆိုတဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ဂျန်မေမေက ကိုယ်ဝန်လည်းလွယ်ထားရတာပါ။ ရှင်းဂျီကတော့ ညီလေးတစ်ယောက်လိုချင်တာတဲ့။
စစ်အတွင်းဆိုတော့ စားနပ်ရိက္ခာကလည်း ရှားပါးလှတယ်။ ကိုယ်ဝန်ဆောင် ဂျန့်မေမေ နေမကောင်းဖြစ်တော့ ဆရာဝန်ပြတော့ အာဟာရပြတ်တာတဲ့။ ဒါနဲ့ ဂျန်ဟာ သူ့ညီလေး ရှင်ဂျီနဲ့ ကိုယ်ဝန်ဆောင်ထားရတဲ့ သူတို့အမေ အာဟာရရဖို့အတွက် ကန်ထဲက ငါးကို ခိုးဖမ်းပေးကြတယ်။ ရှင်ဂျီက သူ့အမေကို တိုးတိုးလေးသွားပြောတယ်။ အမေစားပြီးရင် သားငါးရိုးလေးကိုက်ချင်လို့ လို့ပြောတော့ မေမေငိုပါလေရော။
လေယာဥ်တွေလာပြီဆိုရင်တော့ ဂျန်တို့မိသားစုဟာ ဗုံးခိုကျင်းထဲ အပြေးအလွှားသွားကြတယ်။
ဂျန်တို့မိသားစုဟာ စစ်အတွင်းမှာ စုစုစည်းစည်းနေထိုင်ကြရင်း ဖြတ်သန်းလာခဲ့ကြတာ တစ်ရက်တော့ ကံဆိုးမိုးမှောင် ကျလာခဲ့ပါတယ်။

Public Service Announcement
အဲဒီနေ့က သြဂုတ် ၆ ရက် မနက်ခင်းပါ။ ဂျန်ဟာ ကျောင်းသွားဖို့ လမ်းမှာရောက်နေတဲ့အချိန် ပထမဦးဆုံး သူမြင်လိုက်ရတာကတော့ ကောင်းကင်ယံကနေ ဖြာထွက်လာတဲ့ “နေ” ထက် အဆပေါင်းများစွာ ပိုပြီး လင်းထိန်တဲ့ အလင်းတန်းကြီးပါ။ အဲဒီအလင်းတန်းဟာ သူ့မျက်လုံးတွေကို မျက်စိကျိန်းစေလောက်အောင် ပြင်းထန်ခဲ့ပါတယ်။
အလင်းတန်းကြီး ဖြာထွက်လာပြီး မကြာခင်မှာပဲ၊ နားကွဲလုမတတ် ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရပါတယ်။ ဗုံးပေါက်ကွဲတဲ့ အရှိန်ကြောင့် မြေပြင်ကြီးဟာ မြေငလျင်လှုပ်သလို တုန်ခါသွားပြီး၊ ဂျန်ဟာ မြေပြင်ပေါ်ကို လွင့်ထွက်သွားပါတယ်။
ဗုံးပေါက်ကွဲပြီး မကြာခင်မှာပဲ၊ ဖုန်မှုန့်တွေ၊ မီးခိုးတွေကြောင့် ကောင်းကင်ယံကြီးဟာ တဖြည်းဖြည်း မှောင်မိုက်သွားပါတယ်။ နေရောင်ခြည်ကိုတောင် မမြင်ရတော့ဘဲ၊ မြို့ကြီးဟာ မှောင်အတိ ကျသွားပါတယ်။
ဂျန်က သူ့အိမ်ကို ပြန်ပြေးတဲ့လမ်းမှာ၊ ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ သေဆုံးနေတဲ့သူတွေ၊ ဒဏ်ရာရနေတဲ့သူတွေကို မြင်တွေ့ခဲ့ရပါတယ်။ အရာအားလုံးဟာ ပျက်စီးယိုယွင်းနေပြီး၊ မြို့ကြီးဟာ အပူပိုင်း သဲကန္တာရလို ဖြစ်သွားပါတယ်။
ဂျန် အိမ်ကို အပြေးအလွှား ပြန်ရောက်သွားတဲ့အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ လုံးဝကို စိတ်မချမ်းမြေ့စရာ ကောင်းလှပါတယ်။ သူတို့ရဲ့ အိမ်လေးဟာ ဗုံးပေါက်ကွဲတဲ့ ဖိအားကြောင့် လုံးဝ ပြားပြားဝပ် ပြိုကျနေတာကို တွေ့လိုက်ရပါတယ်။
ပြိုကျနေတဲ့ အိမ်တိုင်တွေ၊ အမိုးတွေအောက်မှာ သူ့ရဲ့ဖေဖေ၊ အမနဲ့ ညီလေး ရှင်းဂျီတို့ ပိတ်မိနေတာ တွေ့လိုက်ရတယ်။ သူတို့ဟာ အသက်ရှင်လျက်ရှိနေသေးပေမဲ့ အုတ်ပုံတွေ၊ သစ်သားတိုင်တွေက အရမ်းလေးလွန်းတာကြောင့် ဂျန်နဲ့ သူ့အမေတို့ ဘယ်လိုမှ မနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။
အဆိုးဆုံးကတော့ မြို့အနှံ့မှာ စတင်လောင်ကျွမ်းနေတဲ့ မီးတောက်တွေဟာ သူတို့အိမ်ဆီကို တဖြည်းဖြည်း နီးကပ်လာတာပါပဲ။ ဂျန်ဟာ သူ့မိသားစုကို ဆွဲထုတ်ဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမဲ့ အင်အားချင်း မမျှခဲ့ပါဘူး။
မီးက ကပ်လာပြီဖြစ်လို့ ဂျန်ဖေဖေက ဂျန်နဲ့ ကိုယ်ဝန်ဆောင်ထားရတဲ့ သူ့အမေကို “အသက်ရှင်အောင် ပြေးကြတော့” လို့ အော်ဟစ်နှုတ်ဆက်ပြီး ကျန်ရစ်ခဲ့ရပါတယ်။ ဂျန်ဟာ သူ့ရှေ့တင်မှာတင် သူ့မိသားစုဝင်တွေ မီးထဲပါသွားတာကို ကြည့်ပြီး ငိုကြွေးရင်း ထွက်ပြေးခဲ့ရတယ်။
ဂျန်ညီမလေးကို မေမေက အပျက်အစီးတွေကြားမှာပဲ ခက်ခက်ခဲခဲမွေးခဲ့တယ်။ ဂျန်မေမေနို့မထွက်လို့ နို့ရှာထွက်တော့ ကလေးနို့တိုက်ရင်း သေဆုံးနေတဲ့ မိခင်တွေလည်း တွေ့ရတယ်။ ကလေးသေသွားတဲ့မိခင်တစ်ယောက်က ဂျန်ညီမလေးကို နို့တိုက်ပေးခဲ့တယ်။
ညီမလေးကို “တိုမိုကို” လို့ အမည်ပေးခဲ့ပေမဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ အဏုမြူသင့်တဲ့ ရောဂါဆိုးတွေကြားမှာ ကလေးငယ်ဟာ အသက်ရှင်ဖို့ အားအင်ချို့တဲ့နေခဲ့ပါတယ်။ ဂျန်ဟာ သူ့ညီမလေး အသက်ရှင်ဖို့အတွက် ပိုက်ဆံရနိုး၊ စားစရာရနိုးနဲ့ ပုပ်ပွနေတဲ့ အလောင်းတွေကြားထဲက အဖိုးတန်ပစ္စည်းတွေကို ရှာဖွေတာ၊ လူသေတွေကို သင်္ဂြိုဟ်ပေးတာ စတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အလုပ်တွေကိုပါ အရွယ်နဲ့မမျှအောင် လုပ်ကိုင်ခဲ့ရပါတယ်။
တရက်တော့ ဂျန်ဟာ နို့မှုန့်ဘူးတွေအများကြီးရလာခဲ့တယ်။ နို့မှုန့်ဘူးတွေက အမေရိကနေတောင် တိုက်ရိုက်တင်သွင်းတာတဲ့။ ဂျန်ညီမလေးအတွက် နို့မှုန့်ဘူးတွေ တပွေ့တပိုက်ကြီးနဲ့ ပျော်ပျော်ကြီး ပြန်လာခဲ့တာ။ အိမ်ရောက်တော့ မေမေကပြောတယ်။ သား အရမ်းနောက်ကျသွားပြီတဲ့။ ဂျန် မေမေ့ဆီကနေ ညီမလေးကို ပွေ့ချီလိုက်တယ်။ ညီမလေးက ငြိမ်သက်လို့။ ညီမလေးကိုလှုပ်ခါရင်း “တိုမိုကို မျက်လုံးဖွင့်ပါဦး ညီမလေးသေလို့မရဘူး”လို့ အော်နေမိတယ်။ “ညီမလေးအတွက် နို့ဘူးတွေ အများကြီးယူလာတယ်လေ။ နည်းနည်းလေးတောင် မစောင့်ပေးနိင်ဘူးလား”လို့ ဂျန် ယူကျုံးမရ ပြောဆိုနေမိတယ်။
လွန်ခဲ့တဲ့ ၃ နှစ်တိတိ ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က ဒီနေ့လိုနေ့မျိုးမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ရုံးဖွင့်ပွဲတစ်ခု ပြုလုပ်ချိန် လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။ ဇာတ်ကားထဲက ဂျန်တို့လိုပဲ ကလေးတွေရော သက်ကြီးရွယ်အိုတွေရော မိသားစုလိုက် သေဆုံးခဲ့ကြသူတွေ အများကြီး။ စုစုပေါင်း သေဆုံးသူဟာ ၁၇၀ ကျော် ရှိခဲ့တယ်။
အဲဒီနေ့က ရုံးဖွင့်ပွဲ အလှူသဘောမျိုး ကျွေးကြမွေးကြတာဆိုတော့ စစ်အတွင်း ရှားပါးနေကြတဲ့ကာလမို့ တောသူတောင်သားတွေဟာ ကိုယ့်ကလေးတွေကိုပါခေါ်လာပြီး အားရပါးရ လာစားခဲ့ကြသတဲ့။ အဲဒီအချိန်မှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ရက်ရက်စက်စက်ပြုလုပ်ခဲ့တာပါ။ ထမင်းတစ်နပ်အတွက် ပေးလိုက်ရတဲ့အသက်တွေ အသက်တွေ…
ပဇီကြီးဖြစ်စဥ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း လူအများဆုံးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဇာတ်ကားထဲက ဂျန်လိုပဲ မိသားစုဝင်တွေ ကိုယ့်ရှေ့မှာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့ကလေးတွေလည်း ကျွန်တော်တို့နိုင်ငံမှာ အများကြီးပါ။
ဇာတ်ကားရဲ့ နောက်ဆုံးမှာတော့ ပြာပုံတွေကြားထဲကနေ ဂျုံပင်စိမ်းလေးတွေ ပြန်လည်ပေါက်ဖွားလာတာကို ဂျန် မြင်တွေ့ခဲ့ရပါတယ်။ အဲဒီမြင်ကွင်းက ဂျန့်ကို ခွန်အားတွေ ပေးခဲ့ပါတယ်။ “ဂျုံပင်တွေဟာ နင်းခြေခံရလေလေ၊ ပိုပြီး သန်မာလာလေလေပဲ” ဆိုတဲ့ သူ့ဖခင်ရဲ့ စကားကို ပြန်လည်ကြားယောင်ရင်း ဂျန်ဟာ မျက်ရည်တွေကို သုတ်ကာ ရှေ့ဆက်ဖို့ ခြေလှမ်းပြင်ခဲ့ပါတယ်။
အခုဆို စစ်တပ်အာဏာသိမ်းတာ ၅ နှစ်လည်း ကျော်ခဲ့ပြီ။ စစ်ခေါင်းဆောင်လည်း ယူနီဖောင်းပြောင်းခဲ့ပြီ။ သို့သော် ဘီလူးဆိုင်းတီးဆဲ။ ဘီလူးကွက် ကမြဲ။ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ အကြမ်းဖက်မှုတွေ လုပ်မြဲလုပ်ဆဲ။ ပြည်သူတွေဟာလည်း
စစ်တပ်ဘယ်လောက်အကြမ်းဖက်ဖက် ဇာတ်ကားထဲက ဂျန်ဖေဖေ ပြောခဲ့သလို အနင်းခံရတဲ့ ဂျုံပင်တွေလိုပဲ သန်မာနေဆဲပါပဲ။


















































