Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“အိမ်လွမ်းသူ”

တောင်ကုန်းတခုကို လိမ့်ဆင်းနေတဲ့ ကျောက်တုံးတတုံး တစုံတခုနဲ့တိုက်မိပြီး ရပ်သွားသလို အိမ်နဲ့အဝေးမှာ နှစ်အကြာကြီး မေ့မေ့လျော့လျော့ ပြေးလွှားနေခဲ့တဲ့ ကျနော့်ရဲ့အသိစိတ်က ဘာမှန်းမသိတဲ့ တစုံတခုနဲ့တိုက်ပြီး ရုတ်တရက် ရပ်တန့်သွားတယ်။

◼️မောင်မူ

တောင်ကုန်းတခုကို လိမ့်ဆင်းနေတဲ့ ကျောက်တုံးတတုံး တစုံတခုနဲ့တိုက်မိပြီး ရပ်သွားသလို အိမ်နဲ့အဝေးမှာ နှစ်အကြာကြီး မေ့မေ့လျော့လျော့ ပြေးလွှားနေခဲ့တဲ့ ကျနော့်ရဲ့အသိစိတ်က ဘာမှန်းမသိတဲ့ တစုံတခုနဲ့တိုက်ပြီး ရုတ်တရက် ရပ်တန့်သွားတယ်။ ပြီးတော့ အိမ်ပြန်ရမယ်၊ ငါ အိမ်ကိုပြန်ရမယ် ဆိုတဲ့အသံတွေက ကျနော့်ကိုယ်ထဲမှာ ပဲ့တင်ထပ်လာတယ်။ အား တစ်-ရာခိုင်နှုန်းပဲကျန်တဲ့ ဖုန်းတလုံးက သူ့အသက်ဓာတ်ကိုဆက်ဖို့ လျှပ်စစ်စွမ်းအင်ကို အသည်းအသန် လိုအပ်သလို ကျနော့်အသက်ဓာတ်ကိုဆက်ဖို့ အိမ်ရဲ့အငွေ့အသက်ကို အသည်းအသန် လိုအပ်နေပြီလို့ ခံစားလိုက်ရတယ်။

ကျနော့်ဦးနှောက်ထဲမှာ ဘယ်ကရောက်လာမှန်း မသိတဲ့အသံတွေ၊ အားလုံးက ဂူထဲဝင်သွားပြီး ပြန်ပြေးထွက်လာတဲ့ အက်ကွဲကွဲ ပဲ့တင်သံတွေလို ထပ်ခါတလဲလဲ။ ဆော်လမွန်ငါးတွေတောင် အချိန်တန်ရင် အိမ်ပြန်ကြတယ်မလားတဲ့။ သစ်ပင်က သူကြီးပြင်းဖို့ ခြေကုပ်ယူခဲ့ရတဲ့ မြေကြီးကို ဘယ်လိုလုပ် စွန့်ပစ်နိုင်မလဲတဲ့။ အသံတွေ ဘယ်ကလာနေတာလဲ။ ဘယ်သူ ပြောနေတာလဲ။ အသံက ပြောသူမဲ့၊ ပြီးတော့ နားနဲ့ကြားရတာမဟုတ်ဘဲ နှလုံးသားနဲ့ ကြားနေရတာ။ ဘာလဲ၊ ဒါ ကျနော့်ကိုယ်ထဲက လာတဲ့အသံတွေလား။ ဘာလဲ၊ ငါ တကယ်ကြီး အိမ်ပြန်ချင်နေတာလား။ မဖြစ်နိုင်တာ၊ အတိတ်အချိန်တွေတုန်းက ကျနော်ဆိုတာ အိမ်ရဲ့အဝေးကို အမြဲတမ်း ထွက်ပြေးနေတဲ့ အိမ်ပြေးသူ။ အခု ဘာမဟုတ်တဲ့ ဆော်လမွန်ငါးတွေကို အားကျပြီး အိမ်ကို ပြန်ချင်နေတာတဲ့။ ဟင့်အင်း မဟုတ်သေးပါဘူး၊ တခုခု မှားနေတယ် မဟုတ်လား။ ဟင့်အင်း ငါ တကယ် အိမ်ပြန်ချင်နေတာ။ ပထမတော့ မယုံမရဲ၊ နောက်တော့ မငြင်းဆန်နိုင်ဘဲ လက်ခံလိုက်ရ။ ဟုတ်တယ်၊ ကျနော် အိမ်ပြန်ချင်နေပြီ။ ကျနော် တကယ်ကြီး အိမ်ပြန်ချင်နေပြီ။

ဒါက မခက်ဘူး၊ အိမ်ပြန်ချင်ရင် ပြန်လိုက်ဖို့ပဲ၊ ဒါက လွယ်ကူတယ် မဟုတ်လား။ ကျနော် ပေါ့ပေါ့ပါးပါး ရယ်လိုက်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တယ်။ အခု ငါ ဘယ်ရောက်နေသလဲ၊ ငါ အိမ်ကို ဘယ်လိုပြန်မလဲပေါ့။ ကျနော်ရပ်နေတဲ့နေရာက မြို့ကြီးတမြို့ရဲ့ မြို့လယ်တနေရာ၊ ကျနော့်မျက်လုံးထဲကို ကျနော်နဲ့မရင်းနှီးတဲ့ အဆောက် အဦး အစိမ်းတချို့ ဝင်လာတယ်။ တချိန်တည်းမှာပဲ ကျနော့်ခြေထောက်အောက်မှာ လှဲလျောင်း‌နေတဲ့ လမ်းကလည်း အစိမ်းသက်သက်ပဲဆိုတာကို ကျနော်သိလိုက်တယ်။ ပြီးတော့ ဖြတ်သွားတဲ့ မျက်နှာတွေအားလုံးကလည်း အစိမ်း။ ဓာတ်ကြိုးပေါ်မှာ နားနေတဲ့ ခိုတွေကတောင် အစိမ်း။ ဒါ ဘာမြို့လဲ။ ကျနော် အနားမှာဖြတ်သွားတဲ့ လူတယောက်ကို မေးခွန်းတခု မေးလိုက်တယ်။ သူပြန်ပြောတဲ့ စကားလုံးတွေလည်း ကျနော် နားမလည်နိုင်တဲ့ အစိမ်း။

Public Service Announcement

Public Service Announcement

“….”

ကျနော် အိမ်ကနေ ဘယ်လို ထွက်လာခဲ့သလဲ။ ကျနော် လမ်းတလျှောက် ဘယ်နေရာတွေ ရောက်ခဲ့သလဲ။ အခု ကျနော် အိမ်ကို ဘယ်လို ပြန်ရမလဲ။ “….” ကို ရောက်ဖို့ ဘယ်လိုပြန်ရမလဲ။ ကျနော့်အိမ်ရဲ့နာမည်ကို ကျနော်‌ အော်ပြောလိုက်တယ်။ လူတွေက ကျနော့်စကားကို ဘယ်တုန်းကမှ မကြားခဲ့ဖူးသလို မျက်နှာသေတွေ၊ ပြီးတော့ သနားစရာပဲ သနားစရာပဲဆိုပြီး ဘာကိုမှန်းမသိ သနားနေတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကို ဝိုင်းကြည့်ကြတယ်။ သက်ဝင်လှုပ်ရှားနေတဲ့ သူစိမ်းမြို့ရဲ့အလယ်မှာ ကျနော်ဟာ ဘာတခုနဲ့မှ မသက်ဆိုင်ဘဲ အထီးတည်းရပ်လို့။ ဒါ ဘယ်နေရာလဲ၊ ကျနော် ဘယ်ရောက်နေတာလဲ။ မဟုတ်သေးဘူး။ တခုခု လုပ်မှဖြစ်မယ်။ လေဆိပ်လား၊ ကားဂိတ်လား၊ မီးရထားဘူတာရုံလား၊ ဒါမှမဟုတ် မြစ်တစင်းရဲ့ ဆိပ်ကမ်းတခုလား၊ ပင်လယ်တခုရဲ့ ဆိပ်ကမ်းတခုလား။ တခုခု လုပ်မှဖြစ်မယ်။ တယောက်ယောက်တော့ ကျနော့်အိမ်ကို သိမှာပဲပေါ့။ ကျနော် လမ်းတွေ တခုပြီးတခု လျှောက်တယ်။ လူတယောက်ပြီး တယောက် မေးတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိဘူး။ ဘယ်သူမှ ကျနော့်မေးခွန်းကို မဖြေဘူး။

“….”

“….”

“….”

အချိန်တွေ တရက်ပြီးတရက် ကုန်သွားတယ်။ အိမ်ပြန်ချင်တဲ့စိတ်က ကျနော့်ကိုယ်ခန္ဓာထဲမှာ ကင်ဆာလို တဖြည်းဖြည်းချင်း မရပ်မနား ကြီးထွားလို့၊ အခုတော့ အသက်ကိုတောင် နုတ်ယူလုနီးပါး။ လူတကိုယ်လုံးက ကင်ဆာဆဲလ်တွေနဲ့ ပြည့်သိပ်တင်းကြပ်ပြီး အသက်ရှူမဝသလို ကျနော့်တကိုယ်လုံးကလည်း အိမ်လွမ်းစိတ်နဲ့ မွန်းကြပ်။ အိမ်ကိုသာ ပြန်ရောက်နိုင်မယ်ဆိုရင် ကျနော့်ရဲ့အသက်အပါအဝင် အရာအားလုံးကို ပေးလိုက်ဖို့တောင် ဝန်မလေး။ အိမ်ရဲ့နာမည်ကို ကျနော် အဆက်မပြတ်ရွတ်နေမိတယ်၊ အဲဒီလိုမှ မရွတ်ရင် ကျနော့်အိမ်ကိုတောင် ကျနော် မေ့သွားလိမ့်မလားစိုးရိမ်စိတ်နဲ့။ မေ့လို့မဖြစ်ဘူး။ ငါ မေ့လို့မဖြစ်ဘူး။ ငါသာမေ့သွားခဲ့ရင် ငါ့အိမ်ကို ဘယ်သူမှ သိတော့မှာမဟုတ်ဘူး၊ ဆော်လမွန်ငါးတွေ သူတို့အိမ်ကိုပြန်ရောက်ဖို့ သူတို့ရဲ့အိမ်ပြန်လမ်းကို သိဖို့လိုသလို ကျနော်လည်း အိမ်ကိုပြန်ဖို့အတွက်ဆို အနည်းဆုံး အိမ်ကိုတော့ သိနေမှဖြစ်မယ် မဟုတ်လားပေါ့။

“….”

“….”

“….”

အိမ်ရဲ့နာမည်ကို မေ့မသွားအောင် ကျနော့်စိတ်ထဲမှာ အဆက်မပြတ် ရွတ်တယ်။ ရင်းနှီးနေတဲ့မျက်နှာတခုကို မြို့ရဲ့လမ်းမပေါ်မှာ တွေ့လိုက်တာကြောင့် အနောက်ကနေ အငမ်းမရ လိုက်အော်မိတယ်ဆိုတဲ့ အိပ်မက်ကို မက်တယ်။ ပြီးတော့ အိပ်မက်က လန့်နိုးလာချိန် ရှိုက်ကြီးတငင် ငိုတယ်။ အိမ်လွမ်း‌စိတ် သက်သာဖို့ အိမ်ရဲ့ တခုတည်းသော အမှတ် တရ၊ အိမ်ရဲ့အငွေ့အသက်ကို ခံစားရစေတဲ့ ကိုယ့်ကိုယ်ကို ပွေ့ဖက်တယ်။ ည အမှောင်ကုန်လို့ မိုးလင်းပြီဆိုတာနဲ့တပြိုက်နက် လူတွေရှိတဲ့ဆီကိုသွားပြီး အိမ်အကြောင်းကို မေးတယ်။ အိမ်ကိုသိတဲ့သူ၊ အိမ်ပြန်လမ်းကို ညွှန်ပြနိုင်မယ့်သူ ရှိသလား ရှာတယ်။ ဘဝဆိုတာ လူတယောက် သူ့အိမ်ကနေ ထွက်ခွာခဲ့ပြီး အချိန်တခုခုကို ရောက်တဲ့အချိန်မှာ သူ့ရဲ့အိမ်ကို ပြန်ဖို့ကြိုးစားရတဲ့ အဖြစ်အပျက်ပဲလို့ တွေးတယ်။ ပြီးတော့ အိမ်က လှတဲ့အကြောင်း၊ အိမ်က နွေးထွေးတဲ့အကြောင်း အမြဲစဉ်းစားပြီး အိမ်ပြန်ချင်စိတ်ကို မွေးမြူတယ်။ ဒါမှသာ လူတယောက်ဟာ သူ့ရဲ့အိမ်ပြန်ချင်စိတ် ပျောက်မသွားဘဲ တချိန်ချိန် သူ့အိမ်ကို ပြန်ရောက်နိုင်မယ် မဟုတ်လား။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘မောင်မူ’ ရဲ့ “အိမ်လွမ်းသူ” ရသစာတမ်းငယ်

ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

Trending

Facebook