Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားဗက် တက္ကသိုလ်တက်မယ့် နိုင်ငံခြားသား ကျောင်းသားတွေကို ထရမ့် ဗီဇာပိတ်

ဟားဗက် တက္ကသိုလ် တက်ရောက်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ဗီဇာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

Reuters

ဟားဗက် တက္ကသိုလ် တက်ရောက်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ဗီဇာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့က ထရမ့်ရဲ့ အမိန့် ကြေညာချက်မှာတော့ ဟားဗက် တက္ကသိုလ်ဟာ လာရောက် ပညာသင်ကြားမယ့် ပြည်ပ ကျောင်းသားတွေ၊ နှစ်နိုင်ငံ ဖလှယ်ရေး အစီအစဉ်တွေမှာ ပါဝင်မယ့် နိုင်ငံခြား ကျောင်းသားတွေ မှန်သမျှကို ဗီဇာ ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ပိတ်ပင်မှုဟာ ကနဦးအဆင့်အဖြစ် ၆ လ သက်တမ်း သတ်မှတ်ထားပါတယ်။

ထရမ့်ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ ကြေညာချက်မှာတော့ ဟားဗက်မှာ နိုင်ငံတကာ ကျောင်းသားတွေ လက်ခံမှုဟာ အမျိုးသား လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်တာကြောင့် အခုလို တားဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။ ဟားဗက် တက္ကသိုလ်ကို နိုင်ငံခြား ကျောင်းသားတွေ လက်ခံဖို့ ဆက်ပြီး ခွင့်ပြုထားမယ်ဆိုရင် အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက် ခြိမ်းခြောက်လာနိုင်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

AP

ဟားဗက် တက္ကသိုလ်ကတော့ ထရမ့်ရဲ့ ကြေညာချက်ဟာ ရန်ငြှိုးဖွဲ့ တုံ့ပြန်မှု တစ်ခုလို့ စွပ်စွဲခဲ့ပြီး တက္ကသိုလ် အနေနဲ့ နိုင်ငံခြား ကျောင်းသားတွေကို အကာအကွယ်ပေးဖို့ အထူးအလေးပေး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုနောက်ဆုံး ထရမ့်ရဲ့ ကြေညာချက်ဟာ အမေရိကန်နဲ့ ဟားဗက်တက္ကသိုလ်ကြားက ဆက်ဆံရေး ခါးသီးမှုတွေကို ပိုမို ဆိုးရွားလာစေခဲ့ပါတယ်။ အမေရိကန်ရဲ့ ဂုဏ်သရေ အကြီးမားဆုံး ပညာရေး ဌာနတစ်ခုဖြစ်တဲ့ ဟားဗက်ဟာ မူဝါဒရေးရာ ပြောင်းလဲမှုတွေ လုပ်ပေးဖို့ အမေရိကန် အစိုးရဆီက တောင်းဆိုမှုကို ငြင်းဆိုခဲ့ရာက နှစ်ဖက်ကြား ပွတ်တိုက်မှုတွေ စတင်လာတာ ဖြစ်ပါတယ်။

ထရမ့်က ဟားဗက်ဟာ ဂျူးကျောင်းသားတွေရဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ လိုကြောင်း ပြောကြားခဲ့ပြီး တက္ကသိုလ်ကတော့ အစိုးရဟာ တက္ကသိုလ်ရဲ့ မူဝါဒတွေမှာ စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။

အစောပိုင်းတုန်းက အမေရိကန် အစိုးရရဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဟားဗက်ရဲ့ နိုင်ငံတကာ ကျောင်းသား လက်ခံပိုင်ခွင့်ကို ပိတ်ပင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရားသူကြီး တစ်ဦးက ပယ်ဖျက်ပေးခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၄ ရက်နေ့ဆီမှာ ထရမ့် လက်မှတ်ထိုး အတည်ပြုတဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ ကြေညာချက်ထဲမှာတော့ ဟားဗက်ဟာ နိုင်ငံခြား တိုင်းပြည်တွေနဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးမျိုးတွေ အလွန်အကျွံ ချဲ့ထွင်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။ ထရမ့်ရဲ့ အမိန့်ကြေညာချက်မှာတော့ နှစ်နိုင်ငံ ဖလှယ်ရေးဆိုင်ရာ အစီအစဉ်တွေအရ ဟားဗက်မှာ လာရောက်ပညာသင်ဖို့ ဗီဇာ လျှောက်ထားမှုတွေကိုလည်း ဆိုင်းငံ့စေခဲ့ပြီး ရှိရင်းစွဲ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ပညာရေး ဗီဇာကိစ္စတွေကိုလည်း ပြန်လည် သုံးသပ်ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။

ဟားဗက်ရဲ့ ထုတ်ပြန်ချက်မှာတော့ သမ္မတရဲ့ ကြေညာချက်ဟာ အမေရိကန် အစိုးရဆီက တရားမဝင်တဲ့၊ အငြှိုးအတေးနဲ့ တုံ့ပြန်တဲ့ နောက်ထပ် ခြေလှမ်းတစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဟားဗက်ဟာ အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အချမ်းသာဆုံး တက္ကသိုလ်ဖြစ်ပြီး နိုင်ငံခြား ကျောင်းသားတွေကို လက်ခံခြင်းဟာ တက္ကသိုလ်ရဲ့ ဝင်ငွေအတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် တည်ရှိနေပါတယ်။ ၂၀၂၄-၂၅ ပညာသင်နှစ်မှာ ဟားဗက် တက္ကသိုလ်ဟာ နိုင်ငံခြား ကျောင်းသား ၇၀၀၀ လောက်ကို သင်ကြားပို့ချနေပြီး စုစုပေါင်း ကျောင်းသားဦးရေရဲ့ လေးပုံတစ်ပုံကျော် ဖြစ်ပါတယ်။

ထရမ့်ဟာ ဟားဗက် တက္ကသိုလ်အတွက် အစိုးရက သုတေသန ထောက်ပံ့ငွေတွေကို ရုပ်သိမ်းတာမျိုးနဲ့ ဖိအားပေးခဲ့သလို တက္ကသိုလ်ရဲ့ အခွန်ကင်းလွတ် အဖွဲ့အစည်းအဖြစ် ရပ်တည်မှုကို ရုပ်သိမ်းမယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။

ဇွန်လ ၄ ရက်နေ့မှာ အိမ်ဖြူတော်ဟာ ကိုလံဘီယာ တက္ကသိုလ်ကိုလည်း ဂျူးကျောင်းသားတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲပြီး တက္ကသိုလ်ရဲ့ အခွင့်ထူး သတ်မှတ်ချက်တွေကို ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။