Connect with us

Hi, what are you looking for?

သတင်း

ပန်ဆိုင်းနှင့်မုန်းကိုးတွင်MNDAAအလံဖြုတ်ပြီး စစ်ကောင်စီအလံလွှင့်ထူထားဟုသတင်းထွက်​နေ

၁‌၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းယူခဲ့သည့် မြို့များအနက် ပန်ဆိုင်းနှင့် မုန်းကိုးမြို့မှဌာနဆိုင်ရာရုံများတွင် MNDAAက ၎င်းတို့၏ အလံကိုဖြုတ်ချပြီး စစ်ကောင်စီအသုံးပြုနေသည့်အလံလွှင့်ထူခွင့်ပြုထားကြောင်း သတင်းထွက်​ပေါ်​နေသည်။

MNDAA က လားရှိုးမြို့ကို စစ်​တပ်ထံလွှဲပြီး​နောက် စစ်​ကောင်စီအလံလွှင့်ထူးခဲ့စဥ်။ ဓါတ်ပုံ-​​CJ

ဇူလိုင်-၂၁၊၂၀၂၅။ကဖေး/People’s Spring

၁‌၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းယူခဲ့သည့် မြို့များအနက် ပန်ဆိုင်းနှင့် မုန်းကိုးမြို့မှဌာနဆိုင်ရာရုံများတွင် MNDAAက ၎င်းတို့၏ အလံကိုဖြုတ်ချပြီး စစ်ကောင်စီအသုံးပြုနေသည့်အလံလွှင့်ထူခွင့်ပြုထားကြောင်း သတင်းထွက်​ပေါ်​နေသည်။

“ပန်ဆိုင်းမှာဆိုရက်နည်းနည်းကြာပြီ။ စစ်ကောင်စီအလံလွှင့်ထားတယ်။လားရှိူးကိုစစ်ကောင်စီဝင်အပြီးသိပ်မကြာဘူးပန်ဆိုင်းမှာလည်းစကစအလံတင်တာ” ဟု တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သော ပန်ဆိုင်းမြို့မှ ဒေသခံတဦးကပြောသည်။

မုန်းကိုးမြို့တွင်လည်းဌာနဆိုင်ရာအဆောက်အဦးများတွင် စစ်ကောင်စီအသုံးပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကသတ်မှတ်ထား​​​သောဝါစိမ်းနီ သုံး​ရောင်စပ် ကြယ် တစ်ပွင့်ပုံပါအလံ လွှင့်ထူထားကြောင်း ဇူလိုင်လ ၂၀ရက်မှစ၍သတင်းထွက်ပေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေသခံများထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလိုင်းအခက်အခဲများကြောင့် အသေးစိတ်မသိရှိရသေးပေ။ MNDAAက လားရှ်ိုးမြို့ကို ထိန်းချုပ်ခဲ့စဉ်က လားရှိုးမြို့ပြန်လည်ထူ​ထောင်​ရေးအဖွဲ့မှ အဖွဲ့ဝင်တာဝန်ထမ်း​ဆောင်ခဲ့တစ်ဦးကမူ မုံးကိုးမြို့တွင် စစ်​ကောင်စီအလံလွှင့်ထူထား​ကြောင်းဟုတ် ၊မဟုတ် မြို့တွင်နေထိုင်သူအားမေးမြန်းသောအခါ မဟုတ်မှန်ဟုဖြေကြားကြောင်း လူမှုကွန်ရက်တွင်ရေးသားထားသည်။

မုံးကိုးနှင့် ပန်ဆိုင်းမြို့သည် မူဆယ်မြို့နယ်တွင်ပါဝင်ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA က သိမ်းယူခဲ့သည့် မြို့များတွင်ပါဝင်သည်။MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း၊မုန်းကိုးနှင့်ဖောင်းဆိုင်မြို့ စုစု​ပေါင်း ၁၁ မြို့ကို သိမ်းယူခဲ့သည်။

စစ်ကောင်စီ နှင့် အပစ်ရပ်ရန် တရုတ်အစိုးရက ဖိအားပေးပြီးနောက် MNDAAက အပစ်ရပ်ခဲ့သလို ပြီးခဲ့သည့် ဧပြီလတွင် လားရှ်ိုးမြို့ပေါ် ရပ်ကွက်(၁၂)ခုအား စစ်ကောင်စီထံပြန်လည်ပေးအပ်ခဲ့သည်။ယခုအခါစစ်ကောင်စီကလားရှိုးမြို့၌ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေသလို သိန္နီမြို့ကိုပါ ပြန်ပေးရေးနှင့် လားရှိုး-သီပေါနယ်စပ်ရှိ MNDAA တပ်ရင်းများမှ ပြန်ဆုတ်ခွာပေးရေး ထပ်မံတောင်းဆိုနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

MNDAAသည် လားရှိုးမြို့ကိုသိမ်းယူစဉ်က ပြည်သူလူထုဆန္ဒအတိုင်း စစ်အာဏာရှင်ပြုတ်ကျသည့်အထိတိုက်ခိုက်သွားမည်ဟုထုတ်ပြန်ခဲ့သည်။သို့သော် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် လားရှိုးမြို့ကို ၂၀၂၅ ဧပြီလတွင် ကျည်တစ်ချက်မ​ဖောက်ရဘဲ စစ်ကောင်စီလက်ထဲ ပြန်အပ်သည့်ဖြစ်စဉ်အပါအဝင် လားရှိုးမြို့အရေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိတော့ပေ။ ၁၀၂၇ စစ်ဆင်​ရေးကာလတွင် MNDAA ကသတင်းဌာနများသို့ အဖွဲ့ပြန်ကြား​ရေးတာဝန်ခံက​ဖြေကြား​ပေး​သော်လည်း ​လားရှိုးမြို့သိမ်းပြီး​နောက်ပိုင် ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ မ​​​ဖြေကြားတာ့​ပေ။

ထို့အပြင်သိန္နီမြို့ကိုစစ်ကောင်စီထံပြန်လည်လည်းပြောင်းပေးမည်ဟူသော သတင်းများ ဇူလိုင်လဆန်းပိုင်းမှစ၍ ထွက်ပေါ်နေပြီး ဒေသခံများအကြားစိုးရိမ်မှုများရှိနေသည်။ အဆိုပါသတင်းကို MNDAAက ရှင်းလင်း အသိပေးခြင်းမရှိ​သေး​ပေ။

သို့သော်လည်းသိန္နီမြို့မှဆိုင်းဘုတ်များကို တရုတ်ဘာသာဖြင့်သာ ရေးရမည်ဟု သတင်းထွက်​ပေါ်​နေပြီး ထိုသတင်းမှာ မှားယွင်းကြောင်း MNDAA ၏ သတင်းများဦးစား​ပေး​ဖော်ပြ​နေ​သော The Kokang က ဇူလိုင်၂၁ရက်၌ ​ဖော်ပြသည်။

MNDAA ထိန်းချုပ်ဒေသများမှ မြို့နယ်များတွင်လုပ်ငန်းဆိုင်းဘုတ်များ၊ ကြေညာချက်များ နှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာဆိုင်းဘုတ်များကိုမြန်မာ၊တရုတ် နှစ်ဘာသာဖြင့်ရေးသားရမည်ဟု သတိပေးကြေညာထားကြောင်း MNDAA၏ သတင်းထုတ်ပြန်ရေးစာမျက်မှာ The Kokang News တွင် ဖော်ပြထားသည်။

“အရင်ကဒီဖက်လောက်ကိုင်၊ကွမ်းလုံ နှင့် ချင်းရွှေဟော် စတဲ့မြို့တွေမှာ တရုတ်စာနဲ့ဘဲဆိုင်းဘုတ်တွေတင်ကြတာများပါတယ်။ အခုမိမိတို့MNTJP/MNDAAအုပ်ချုပ်တဲ့အထူးဒေသ(၁)ဟာတိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်း နေထိုင်တဲ့ဒေသဖြစ်သည့်အတွက် ဆိုင်းဘုတ်တွေ၊ကြော်ငြာစာတွေမှာ မြန်မာစာပါထည့်သွင်း ရေးသားရမယ်ဆိုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ လက်တလောပိုင်းတွင် သိန္နီမြို့မှာဆိုင်းဘုတ်တွေ ကို တရုတ်လိုဘဲရေးရမယ်ဆိုပြီးသတင်းထွက်နေတာကြားမိပါတယ်။တကယ်တော့ အဲ့လိုမဟုတ် ပါဘူး။အထူးဒေသ(၁)တစ်ခုလုံးမှာ မိမိတို့MNTJP/MNDAAတပ်ဖွဲ့ဝင်တွေ၊ကိုးကန့်လူမျိုးတွေက ကျယ်ပြန့်စွာတပ်ဖြန့်၊နေထိုင်၊တာဝန်ထမ်းဆောင်နေရတဲ့အတွက်ကြောင့် ဒေသတစ်ခုလုံးမှာရှိတဲ့ ဆိုင်းဘုတ်တွေ၊ကြော်ငြာစာ‌တွေကို မြန်မာ/တရုတ် နှစ်ဘာသာစလုံးနဲ့ရေးသားဖို့သတ်မှတ်လိုက်တာဖြစ်ပါတယ်”ဟု MNDAA တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်ကို The Kokang News ကဖော်ပြထားသည်။

လက်ရှိတွင်သိန္နီမြို့၌ တရုတ်နိုင်ငံသားလုပ်ငန်းရှင်အများအပြား ရောက်ရှိနေပြီး ဟိုတယ်လုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကိုတွေ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

လားရှိူးမြို့ကို စစ်ကောင်စီထံပြန်လည်ပေးအပ်ခဲ့သည့် MNDAA၏ လုပ်ရပ်အပေါ် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကြားတွင် အပြင်းအထန်ဝေဖန်ခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၀ရက်ကကျရောက်သည့် အာရက္ခတပ်တော်(AA) တည်ထောင်ခြင်း(၁၆) နှစ်ပြည့်သို့MNDAAနှင့်TNLA တို့ကသဝဏ်လွှာပေးပို့ခဲ့ရာတွင်အခက်အခဲဖိအားပေါင်းစုံကို နည်းလမ်းပေါင်းစုံဖြင့် စုစည်းညီညွတ်စွာအတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ဖော်ပြခဲ့သည်။

လက်ရှိတွင် MNDAA က ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်းအသိပေးခြင်းမရှိ​တော့သလိုစစ်ကောင်စီနှင့်အပစ်ရပ်ထားသည်။ AAက မြို့သိမ်းတိုက်ပွဲဆက်လက်တင်နွှဲနေသလို TNLAကလည်း စစ်ကောင်စီ၏ထိုးစစ်ကို ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။