အောက်တိုဘာ-၂၇၊၂၀၂၆။ထားမြတ်/People’s Spring
ကိုးကန့်တပ်(MNDAA) ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေအပေါ် အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးမှုများအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)ရဲ့အောက်တိုဘာ၂၃ရက်ကထုတ်ပြန်ချက်ပါအကြောင်းအရာတွေဟာစွပ်စွဲချက်တွေသာဖြစ်ပြီးမြေပြင်အခြေအနေတွေနဲ့ကွဲလွဲနေကာလူမျိုးရေးပဋိပက္ခအသွင် ဆောင်လာစေရန် တမင်တကာ တွန်းပို့ဖန်တီးနေတဲ့လုပ်ရပ်လို့MNDAA ကပြန်လည်ထုတ်ပြန်ပါတယ် ။
MNDAA၊အထူးဒေသ(၁) ၊အုပ်ချုပ်ရေးကော်မတီကအောက်တိုဘာ၂၇ရက် ရက်စွဲနဲ့ “ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ( SSJAC ) သို့ အိတ်ဖွင့်ပေးစာ” လို့ခေါင်းစဥ်တပ်ထားတဲ့ရှင်းလင်းချက် ထုတ်ပြန်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အပါအဝင် ရှမ်းတပ်၊ ပါတီနဲ့ အခြားရှမ်းအဖွဲ့တွေ စုဖွဲ့ထားတဲ့ SSJAC ရဲ့ ကြေညာချက်မှာ ပါရှိတဲ့ ကိုးကန့်တပ်ရဲ့ ဘာသာစကား အသုံးပြုဖို့ ဖိအားပေးတာ၊ ကိုးကန့်တပ်ရဲ့ မြေယာသိမ်းဆည်းတဲ့ကိစ္စ၊ နိုင်ငံခြားသားများဝင်ရောက်လွှမ်းမိုးမှု၊ သမိုင်းနဲ့ ယဉ်ကျေးမှု လက္ခဏာ အစားထိုးပြောင်းလဲတာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်တာ စတဲ့ အချက်တွေဟာ စွပ်စွဲချက်တွေသာဖြစ်ပြီး မြေပြင်အခြေအနေမှန်နဲ့ လုံး၀ ကင်းကွာနေကြောင်း MNDAAက တချက်ချင်းစီအလိုက် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ဘာသာစကားနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်နဲ့ပတ်သက်ပြီး မြန်မာဘာသာကို မိခင်သာသာစကား အနေနဲ့ သင်ကြားလျက်ရှိပြီး အင်္ဂလိပ်စာကို သူငယ်တန်းမှ စတင်သင်ကြားကြောင်း၊ တရုတ်စာကို ရွေးချယ်နိုင်တဲ့ ဘာသာအဖြစ် သင်ကြောင်းမှာ ဖြစ်ကြောင်း အသိပေးပါတယ်။

Public Service Announcement
“သက်ဆိုင်ရာ တိုင်းရင်းသားများ၏ ဘာသာစကားကိုလည်း ကျောင်းများတွင် သင်ကြားခွင့် ပြုထားပါသည်” လို့ ထုတ်ပြန်ကာ ကွတ်ခိုင်ခရိုင်မှာ တအာင်းဘာသာစကားကို သင်ကြားပေးလျက်ရှိသလို သိန္နီခရိုင်မှာ ရှမ်းဘာသာစကား၊ တရုတ်ဘာသာစကား တို့ကို ဒေသခံတွေရဲ့ဆန္ဒနဲ့အညီ လွတ်လပ်စွာ သင်ကြားခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
မြေယာပိုင်ဆိုင်ခွင့်နဲ့ နိုင်ငံခြားသား ဝင်ရောက်လွှမ်းမိုးမှု ကိစ္စရပ်နဲ့ပတ်သက်ပြီး နိုင်ငံခြားသားများအား မြေယာပိုင်ဆိုင်ခွင့် လုံးဝ ခွင့်ပြုထားခြင်း မရှိဟု MNDAAက ဆိုပါတယ်။ အထူးဒေသ (၁) မှတ်ပုံတင် ကိုင်ဆောင်ထားသူများ သို့မဟုတ် မြန်မာနိုင်ငံသားများသာလျှင်တရားဝင်မြေယာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဖော်ပြပါတယ်။
သမိုင်းဝင်ယဉ်ကျေးမှုလက္ခဏာများနဲ့ မြို့ရွာအမည်များ ကိစ္စရပ်အပေါ် ရှင်းလင်းချက်မှာတော့ သမိုင်းဝင် မြို့ရွာအမည်များကို အတင်းအကျပ် ပြောင်းလဲပစ်ခြင်းမျိုး လုံးဝမရှိဘဲ မူလ အမည်များ အတိုင်းသာ ဆက်လက်ခေါ်ဝေါ် အသုံးပြုလျက်ရှိကောင်း၊ ဒေသခံ ကိုးကန့်လူမျိုးများ အုပ်ချုပ်သည့် ဒေသအချို့တွင် အုပ်ချုပ်ရေးယန္တရား လွယ်ကူချောမွေ့စေရန် ကိုးကန့်ဘာသာစကားဖြင့် အမည်အချို့ တွဲဖက်ခေါ်ဝေါ်မှု ရှိကြောင်း ထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကိစ္စရပ်နဲ့ပတ်သက်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မှုများကို မည်သည့်ကန့်သတ်မှု၊ ခြိမ်းခြောက်မှုမျှ ပြုလုပ်ထားခြင်း မရှိဘူးလို့ MNDAAကဆိုပါတယ်။
SSJAC ရဲ့ ထုတ်ပြန်ချက်ဟာ လူမျိုးရေးပဋိပက္ခအသွင်ဖန်တီးလှုံ့ဆော်မှုဖြစ်လို့ ကန့်ကွက်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒကို ကျောခိုင်းရာရောက်ကြောင်း လည်း MNDAAက တုံ့ပြန်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေရုံသာမက၊ ဒေသခံ တိုင်းရင်းသား ညီအစ်ကိုများအကြား အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံ့ဆော်ကာ လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာစေရန် တမင်တကာ တွန်းပို့ဖန်တီးနေတဲ့ လုပ်ရပ်လို့ စွပ်စွဲပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြပါတယ်။
SSJAC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ “ဤကန့်ကွက်ချက်ကို လျစ်လျူရှု၍ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နေမည်ဆိုပါက ဒေသခံပြည်သူများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အကျိုးစီးပွားနှင့် ရပ်တည်ခွင့်ကို ကာကွယ်ရန်အတွက် မိမိတို့အနေဖြင့် လိုအပ်သော နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ ပြန်မှု များကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးအနက် သတိပေးထုတ်ပြန်အပ်ပါသည်” ဆိုတဲ့ အချက်ကို ကိုးကန့်တပ်က အဲဒီလို ခြိမ်းခြောက်တာကို လုံး၀ လက်မခံကြောင်း တုံ့ပြန်ပါတယ်။
“ယခုကဲ့သို့ မှားယွင်းသော စွပ်စွဲချက်များကို ဗန်းပြ၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေရန်ရည်ရွယ်သည့် မည်သည့် နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှုနှင့် နှောင့်ယှက်မှုမျိုးကိုမဆို ကျွန်ုပ်တို့အနေဖြင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် တုံ့ပြန်ကာကွယ်သွားမည် ဖြစ်ပါသည်” လို့ MNDAAက ထုတ်ပြန်ပါတယ်။
သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမယ့် မလိုလားအပ်သော အကျိုးဆက်များအားလုံးအပေါ် SSJAC ဘက်မှသာအပြည့်အဝ တာဝန်ခံရမယ်လို့လည်း ကိုးကန့်တပ်က တန်ပြန် သတိပေးထားပါတယ်။




















































