Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမှာ ၁၁ရက်တာတိုက်ပွဲအတွင်း PDFရဲဘော်အချို့ ကျဆုံး၊ စခန်း ၄ခု လက်လွှတ်ရ

စစ်တပ်က ပြည်သူ ၄ဦးထက်မနည်းသတ်ဖြတ်ပြီး နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီး

တိုက်ပွဲအတွင်းပစ်ခတ်နေတဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

သြဂုတ် ၁၂၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ​မြင်းခြံမြို့နယ်မှာ ၁၁ရက်တာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိပြီး PDF ရဲဘော် ၅ ဦး ထက်မနည်းကျဆုံးကာ စခန်း ၄ ခုလက်လွှတ်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ဇူလိုင် ၃၁ ရက်ကစပြီး မြင်းခြံမြို့အနီးမှာ အင်အားတစ်ထောင်ခန့်နဲ့ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

သြဂုတ် ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ထုတ်နိုင်ခဲ့ပေမဲ့ နောက်ရက်တွေမှာ စစ်ကောင်စီတပ်က သာလွန်အင်အားသုံးတာတွေ၊ လေကြောင်းပစ်ကူတွေကြောင့် ခဲယမ်းပြတ်တောက်လာလို့ သြဂုတ် ၁၀ရက်မှာတော့ တပ်စခန်းတွေ လက်လွှတ်ခဲ့ရတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စခန်းကတော့ စုစုပေါင်း ၄ ခုပါ”လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

၁၁ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀နဲ့အထက် သေဆုံးခဲ့ပြီး ၁၇၀ကျော်ခန့် ဒဏ်ရာအပြင်းအထန်ရရှိကာ ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။

ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ Myingyan Black Tiger (MBT)တပ်ဖွဲ့ အထူးကိုမာန်ဒိုစစ်ကြောင်းမှ ရဲဘော်ဇော်ကြီး (တပ်စိပ်မှူး)၊ရဲဘော်ဝန (ဒု- တပ်စိပ်မှူး)၊ရဲဘော်ကျွဲကြီး၊ရဲဘော် Black Shar နဲ့ MBTစစ်ကြောင်း-၅မှ ရဲဘော်ကိုဖက် စုစုပေါင်း ရဲဘော် ၅ဦး ကျဆုံးကာ လက်နက်ခဲယမ်းတ​ချို့ပါ ဆုံးရှုံးခဲ့ရကြောင်း၊ ဒါ့အပြင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့ကြောင်း MBT တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“အဓိကကတော့ ခဲယမ်းပေါ့။ ကျွန်နော်တို့ဘက်က ခဲယမ်းပြတ်တောက်သွားတဲ့ အနေအထားတွေလည်းရှိတယ်။ အဓိကကတော့ ခဲယမ်းလက်နက်ပါပဲ။ ခဲယမ်းရှိရင် ဘယ်လိုနည်းနဲ့မှ နောက်ပြန်​ဆုတ်ပေးစရာမရှိပါဘူး”လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ MBTတပ်ဖွဲ့နဲ့အတူ တပ်ရင်း (၁၊၂၊၇၊၈)၊ဗိုလ်စားပြောက်တပ်၊ဝံပုလွေတပ်ဖွဲ့၊မြင်းခြံခရိုင် ပကဖ၊တောင်သာမြို့နယ် ပကဖနဲ့ အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာတွေဟာ မြင်းခြံမြို့အရှေ့ဘက် (၃)မိုင်ခန့်သာကွာဝေးကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကိုပါ ဝင်ရောက်ပစ်ခတ်ခဲ့လို့ မြောက်ကုန်းရွာက ပြည်သူ ၄ ဦး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း၊ ဒါ့အပြင် ဗလုံရွာက ပြည်သူတွေတချို့လည်း သတ်ဖြတ်ခံရပြီး နေအိမ် ၂၀၀ ကျော်ပါ မီးရှို့ဖျက်ဆီးခံရတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ ၁၅ ရွာထက်မနည်းက ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ