Connect with us

Hi, what are you looking for?

သတင်း

လူထုနဲ့ပဋိပက္ခမဖြစ်ဖို့၊ အနိုင်မကျင့်ဖို့၊ တပ်ဖွဲ့မူဝါဒနဲ့ စည်းကမ်းတွေလိုက်နာဖို့ KIAနဲ့ K-PDF တပ်ရင်းအားလုံးကို တပ်မဟာ(၉) သတိပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KIA ကွပ်ကဲမှုအောက်ရှိ ကချင်ဒေသပြည်သူ့ကာကွယ်ရေး တပ်(KPDF) တပ်ဖွဲ့ဝင် ရဲဘော်များအနေနဲ့ ပြည်သူလူထုနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခ မဖြစ်စေဖို့ တပ်ဖွဲ့ရဲ့ မူဝါဒတွေစည်းကမ်းတွေလိုက်နာဖို့ ညွှန်ကြားတဲ့ စာတစ်စောင်ကို KIA တပ်မဟာ(၉)ကလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဆီကို နိုဝင်ဘာ ၁၀ရက် နေ့စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

(ကချင်ပြည်နယ်အတွင်း PDF အမှတ်တံဆိပ်ပါ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ တော်လှန်ရေးတပ်သားတစ်ဦး။ ဓာတ်ပုံ − ပေးပို့)

နိုဝင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KIA ကွပ်ကဲမှုအောက်ရှိ ကချင်ဒေသပြည်သူ့ကာကွယ်ရေး တပ်(KPDF) တပ်ဖွဲ့ဝင် ရဲဘော်များအနေနဲ့ ပြည်သူလူထုနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခ မဖြစ်စေဖို့ တပ်ဖွဲ့ရဲ့ မူဝါဒတွေစည်းကမ်းတွေလိုက်နာဖို့ ညွှန်ကြားတဲ့ စာတစ်စောင်ကို KIA တပ်မဟာ(၉)ကလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဆီကို နိုဝင်ဘာ ၁၀ရက် နေ့စွဲနဲ့ ပေးပို့ခဲ့ပါတယ်။

ကချင်ဘာသာနဲ့ ရေးသားထားတဲ့ သတိပေးစာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘောဘော်တွေ အနေနဲ့ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ကို လေးစားလိုက်နာကြရမယ်လို့ ဖော်ပြကာ စည်းကမ်းဖောက်ဖျက်ကျူးလွန်မှုများ မရှိစေရေးအတွက် သတိပေးခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲဝင် ရဲဘော်များအနေဖြင့် ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ အတင်းအဓမ္မဥပဒေမဲ့ အကြပ်ကိုင်ခြင်း၊ လမ်းခရီးသွားလာရာတွင် တပ်ဖွဲ၏မူဝါဒနဲ့ ဆန့်ကျင်ဘက် ဖြစ်စေသော လုပ်ရပ်များ မဖြစ်ပေါ်စေရေးအတွက် အထက်အဆင့်ဆင့်မှ ချမှတ်ထားသော မူဝါဒ လမ်းစဉ်အတိုင်းတိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ အထူးသတိပေးကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြို့၊ ရွာ များတွင်ရဲဘော်များ၊ လက်နက်ကိုင်ဆောင်ထားသူများအနေနဲ့ သမိုင်းဝင် ယဉ်ကျေးမှုနဲ့ ဆက်စပ်သော နေရာများ၊ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ အများပြည်သူနဲ့ သက်ဆိုင်သော နေရာများတွင် လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ခြင်း လုံးဝမပြုလုပ်ကြဖို့လည်း သတိပေးတားမြစ်ထားပါတယ်။

အဲဒီ သတိပေးချက်ကို ရှေ့တန်း၊ နောက်တန်းနဲ့ ဌာနချုပ်က အရာရှိ အရာခံ စစ်သည်အားလုံးလိုက်နာဆောင်ရွက်ကြဖို့ အထူးသတိပေးကြောင်းလည်း ဖော်ပြထားပါတယ်။

“အခု ဖားကန့်ဒေသမှာ စုဆောင်းရေးဆွဲတာနဲ့ပတ်သက်ပြီးအမျိုးမျိုး ဝေဖန်နေကြတဲ့အခါကျတော့ တပ်မဟာ(၉)ကနေ ကျနော်တို့ KIAနဲ့ KPDF တပ်ရင်းတွေကို ပြန်ပြီးမှ ထပ်ဆင့်ညွှန်ကြားတဲ့စာဖြစ်ပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KPDF ဟာ KIA ရဲ့ ကွပ်ကဲမှုအောက်ရှိတ ပ်ဖွဲ့ဖြစ်ပြီး KPDF တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေဟာလည်း KIA တပ်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလိုက်နာရတာလို့ သူက ပြောပြပါတယ်။

“ဒါကတော့ လုပ်ထုံးလုပ်နည်းတခုပါ။ တပ်ဖွဲ့တခုကို ကွပ်ကဲညွှန်ကြားတယ်ဆိုလို့ရှိရင် ကိုယ့်တပ်ဖွဲ့ဝင်တွေ စည်းကမ်းဖောက်ဖျက်တာတွေ ရှိလာပြီဆိုလို့ရှိရင် စည်းကမ်းတွေကို မေ့လျော့သွားတဲ့ ပုံစံမျိုးမဖြစ်အောင် ထပ်ဆင့်ပြီးမှ ညွှန်ကြားတာ ဒါကတော့ သဘာ၀ ပါပဲ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က KIA တပ်မဟာ(၉)ရဲ့ စာထုတ်ပြန်ရတဲ့ အခြေအနေကို ပြောပြပါတယ်။

KIO အဖွဲ့အစည်းမှာ တပ်မတော်အဖြစ် KIA ရှိသလို အုပ်ချုပ်ရေးပိုင်းကကွပ်ကဲတဲ့ MHH လို့ ခေါ်တဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေလည်း ရှိပါတယ်။

KPDFကတော့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတာဖြစ်ပြီး KIA တပ်ကွပ်ကဲမှုအောက်ရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုနဲ့ အဆင်မပြေမှုဖြစ်စဉ်တွေကြည့်ပါက အများစုမှာ MHH လို့ ခေါ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ KPDF တပ်ဖွဲ့က စည်းကမ်းအပြည့်အ၀ လိုက်နာဖို့ လိုအပ်တဲ့ ရဲဘော်အချို့ ဖြစ်တယ်လို့ ကချင်ဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“အများအားဖြင့် ပြည်သူလူထုနဲ့ ပြဿနာဖြစ်တယ်ဆိုတာက ကြည့်လိုက်လို့ရှိရင် အများအားဖြင့် ပြည်သူ့စစ်နဲ့ KPDF အဲဒါတွေကို အများဆုံးတွေ့ရတာဖြစ်တယ်။ ဘယ်သူပဲ စည်းကမ်းဖောက်ဖျက်ဖောက်ဖျက် အများကတော့ KIA လို့ပဲ ရေးကြပါတယ်။ KIAဆိုတာ Army အစစ်။ Army အစစ်ကတော့ သူ့ရဲ့ နဂိုရ်ကတည်းကနေ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို အများဆုံးလိုက်နာပါတယ်။ ချို့ယွင်းတာ သိပ်မရှိပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ အကုန်လုံးကို ခြုံပြီးမှ ပြောမယ်ဆိုလို့ရှိရင် အရပ်ဘက် ဝန်ထမ်းတွေပဲ မှားမှား အကုန်လုံးက KIAလို့ပဲ မြင်ကြတာ။ KIA လို့ပဲ စွပ်စွဲကြတာ။ သူ့ရဲ့ ကွပ်ကဲမှုက တခြားစီပါ” လို့ အဲဒီ ဒေသခံ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသက အရပ်သားတစ်ဦးကို ရိုက်နှက်တဲ့ ဖြစ်စဉ်မှာဆိုရင်လည်း ကိုးကန့်တပ်ဖွဲ့ဝင်နဲ့အတူ တွေ့ရတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟာ MHH ပြည်သူ့စစ် တပ်ဖွဲ့ဝင် ဖြစ်တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။ အကယ်၍ KIO ရဲ့ MHH လို့ခေါ်တဲ့ ပြည်သူ့တပ်ဖွဲ့ဝင်ဆိုပါကလည်း ကိုးကန့်တပ်သားနဲ့ အတူရှိနေရမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

တအာင်းအဖွဲ့အစည်းတွေကတော့ အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ ကိုးကန့်တပ် MNDAAကို အရေးယူပေးဖို့၊ တရားမျှတမှုရှိစွာ ဆောင်ရွက်ပေးဖို့ စာထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook